စီးပွားရေးဝန်းကျင်ကောင်းကို ဖန်တီးခြင်း စကားဝိုင်း ကျင်းပ
စီးပွားရေးဝန်းကျင်ကောင်းကို ဖန်တီးခြင်း စကားဝိုင်းကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရိုက်ကူးထုတ်လွှင့်ခဲ့သည်။ အဆိုပါ စကားဝိုင်းတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဦးသူရိန်လွင်က အစီအစဉ်မှူးအဖြစ် ဆောင်ရွက်ပြီး စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုး (စီးပွားရေး လုပ်ငန်းများလုပ်ကိုင်ရန် လွယ်ကူမှုတိုးတက်ရေးလုပ်ငန်းအဖွဲ့၊ အတွင်းရေးမှူး)၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ငြိမ်းအောင် (ပိုင်ဆိုင်မှု မှတ်ပုံတင်ခြင်းအညွှန်းကိန်းဆိုင်ရာ အထောက်အကူပြုအဖွဲ့ အတွင်းရေးမှူး)၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စု တရားစီရင်ရေးကြီးကြပ်မှုရုံး၊ ဥပဒေလုပ်ထုံးလုပ်နည်းဌာန ညွှန်ကြားရေးမှူး ဒေါ်ထားထား(ပဋိညာဉ်များ အတည်ပြုဆောင်ရွက် ခြင်း အညွှန်းကိန်းဆိုင်ရာ အထောက်အကူပြုအဖွဲ့ အတွင်းရေးမှူး) နှင့် Zeya & Associate Co.,Ltd. Chairman/CEO ဦးဇေယျသူရမွန်(ပုဂ္ဂလိကကဏ္ဍကိုယ်စားလှယ်) တို့က ပါဝင်ဆွေးနွေးခဲ့သည်။
ယမန်နေ့မှ အဆက်
အစီအစဉ်မှူး ။ ။ Doing BusinessReformဆောင်ရွက်ရာမှာ ဘယ်အချက်တွေကို ရှာဖွေတွေ့ရှိခဲ့ သလဲ၊ နောက်ပြီး ၂၀၂၁ အစီရင်ခံစာမှာ ရော Enforcing Contracts Indicator ဆိုင်ရာ အထောက်အကူပြုအဖွဲ့ အနေနဲ့ မြန်မာနိုင်ငံရဲ့ Doing Business အဆင့်နဲ့ ရမှတ်တွေတိုးတက်အောင် ဘယ်လိုပြုပြင်ပြောင်းလဲမှုတွေ ဆက်လက်လုပ်ဆောင် သွားဖို့ရှိပါသလဲ။
ဒေါ်ထားထား။ ။ ယခင်နှစ်က ပြုပြင်ပြောင်းလဲမှု ၄ခုကို ချမှတ်ခဲ့ပါတယ်။ အဲဒီပြုပြင်ပြောင်းလဲမှု ၄ ခုထဲက ၃ခုကို အညွှန်းကိန်း တိုင်းတာသတ် မှတ်ထားတဲ့အချိန်အတွင်းမှာ ဆောင်ရွက် နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မအစောတုန်း က ရှင်းပြတဲ့အညွှန်းကိန်း တစ်ခုပဲ အမှတ် ရရှိခဲ့ပါတယ်။ ကျန်တဲ့ဆောင်ရွက်ချက်၂ ခု ကတော့ အမှတ်ရရှိခဲ့ခြင်း မရှိပါဘူး။ အမှု စစ်ဆေးစီရင်ရန် စံအချိန် ကာလသတ်မှတ် ခြင်းနဲ့ အမှုရွှေ့ဆိုင်းမှု မူဝါဒချမှတ်ခြင်း အဲဒီ တစ်ချက်၊ နောက်ပြီးကူးသန်းရောင်းဝယ် ရေးဆိုင်ရာ မှုခင်းများကို ထုတ်ပြန်ခြင်းတို့ ဖြစ်ပါတယ်။ အဲဒီ၂ချက်ကတော့ အမှတ်မရ ရှိခဲ့ပါဘူး။
အမှုစစ်ဆေးစီရင်ရန် စံအချိန်ကာလ သတ်မှတ်ခြင်းနဲ့ အမှုရွှေ့ဆိုင်းနှုန်းတွေနဲ့ ပတ်သက်လို့ကတော့ ကျွန်မတို့ပြည်ထောင်စု တရားလွှတ်တော်ချုပ်က မှုခင်းစီမံခန့်ခွဲမှု ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့ ပတ်သက် လို့ အမိန့်ကြော်ငြာစာ(၆၄၉/ ၂၀၁၈)ကို ၁-၈-၂၀၁၈ ရက်က ထုတ်ပြန်ခဲ့ပါတယ်။
အဲဒါကြောင့် မှုခင်းစီမံခန့်ခွဲမှုပြုတဲ့ တရားရုံးတွေက အချိန်စံနှုန်းနဲ့အညီ မှုခင်းတွေကို ဘယ်လောက်ဆုံးဖြတ်နိုင်တယ်ဆို တဲ့အကြောင်း၊ အမှုရွှေ့ဆိုင်းတဲ့အချိန်တွေကို လွယ်လွယ်နဲ့မပေးဘူးဆိုတာတွေကို ကြိုး စားပြီး ဆက်လက်ဆောင်ရွက်ရမှာဖြစ်ပါ တယ်။ အဓိကတင်ပြချင်တာက ကမ္ဘာ့ဘဏ်က တိုင်းတာတဲ့အခါ လက်ရှိအခြေ အနေတွေကို ကြည့်ပြီးတိုင်းတာအမှတ်ပေး တဲ့အတွက် အမှုသည်တွေ၊ ရှေ့နေတွေ အနေနဲ့လည်း လက်ရှိအခြေအနေတွေကို ဖြေကြားတဲ့အခါ အလွန်အရေးကြီးပါတယ်။ အဲဒါကြောင့် ဒီနှစ်မှာတော့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်အနေနဲ့ လုပ်ဆောင် ချက်တွေကို အသေးစိတ်ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။ ဖြေကြားတဲ့သူတွေကလည်း ထုတ်ပြန်ချက်တွေကို သေသေချာချာမှန် မမှန်စိစစ်လေ့လာပြီးမှ ဖြေကြားပေးစေ လိုပါတယ်။
နောက်တစ်ချက်က ကူးသန်းရောင်း ဝယ်ရေးဆိုင်ရာ မှုခင်းတွေကို ထုတ်ပြန်ခြင်း နဲ့ပတ်သက်လို့ ပြည်ထောင်စုတရား လွှတ်တော်ချုပ်ကို ရောက်ရှိလာတဲ့ ခရိုင် တရားရုံး၊ တရားလွှတ်တော်၊ ပြည်ထောင် စုတရားလွှတ်တော်ချုပ်တွေရဲ့ စီရင်ချက်တွေ ကိုကျွန်မတို့က ပြည်ထောင်စုတရားလွှတ်တော် ချုပ်ရဲ့ ဝက်ဘ်ဆိုက်မှာ ထုတ်လွှင့်တာ ဖြစ်ပါတယ်။
ဒါပေမယ့် ကမ္ဘာ့ဘဏ်ကကျတော့ ကျွန်မတို့ရဲ့ ထုတ်လွှင့်ချက်တွေဟာဆိုရင် နယ်မှုခင်းတွေတင်တာနည်းပါးတယ်ဆိုတဲ့ အချက် ရယ်၊ နောက်ပြီး ၂၀၁၉ ခုနှစ်က အမှုတွေမပါဘူး၊ မြို့နယ်အဆင့်က အမှုတွေမပါဘူးဆိုပြီး ဒီပြုပြင်ပြောင်းလဲမှုကို ကျွန်မတို့ကို အမှတ် မပေးခဲ့ပါဘူး။ နောက်ပြီး အချိန်မီဆောင်ရွက် နိုင်ခြင်းမရှိတဲ့ ပြောင်းလဲမှုတစ်ခုရှိပါတယ်။ အကြိုညှိနှိုင်း အစည်း အဝေး တွေကို မှုခင်းစီမံ ခန့်ခွဲမှုစနစ်မှာ ထည့်သွင်းအသုံးပြုခြင်းဖြစ်ပါတယ်။
အဲဒါကကျတော့သတ်မှတ်ထားတဲ့တရား ရုံးမှာ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ သတ်မှတ် ထားတဲ့ တရားရုံးကတော့ လသာမြို့နယ် တရားရုံးဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလသာ မြို့နယ် တရားရုံးက ဇူလိုင်လ ၁ရက် ၂၀၁၉ ခုနှစ်ကစပြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံး၊ အနောက်ပိုင်းခရိုင်တရားရုံးနဲ့ အဲဒီခရိုင်အတွင်း မှာရှိတဲ့ မြို့နယ်တရားရုံးတွေ အားလုံးကို မှုခင်း စီမံခန့်ခွဲအစီအစဉ်တွေ စတင်ဆောင်ရွက်နေတဲ့အတွက် လသာမြို့နယ်တရားရုံးကလည်း အကျုံးဝင်သွားမှာ ဖြစ်ပါတယ်။ အဲဒီအတွက် နောင်နှစ်မှာ တစ်မှတ်ရမယ်လို့မျှော်လင့်ပါတယ်။
မှုခင်းစီမံခန့်ခွဲမှုစနစ်ကို ၂၀၁၅ ခုနှစ်က စပြီး ရှေ့ပြေးတရားရုံးအနေနဲ့ ၃ ရုံးစမ်းသပ်ဆောင်ရွက်ခဲ့ပါတယ်။ အခု ၂၀၁၉ ခုနှစ်မှာ ၄၈ ရုံးအထိ တိုးချဲ့ဆောင်ရွက်လာနိုင်ပြီဖြစ်ပါ တယ်။ နောင်နှစ်တွေမှာလည်း ဆက်ပြီးတိုးချဲ့ ဆောင်ရွက်ဖို့ စီစဉ်ထားပြီးဖြစ်ပါတယ်။
ဒီစနစ်က ကမ္ဘာ့ဘဏ်အပါအဝင် နိုင်ငံ တကာက အသိအမှတ်ပြုလက်ခံထားတဲ့ စနစ် ဖြစ်ပြီး တရားစီရင်ရေး အရည်အသွေးကို မြှင့် တင်နိုင်မှာဖြစ်လို့ သက်ဆိုင်သူအားလုံးက ဝိုင်းဝန်းပါဝင် ဆောင်ရွက်ပေးကြဖို့လည်း တိုက်တွန်းလိုပါတယ်။ ။
အစီအစဉ်မှူး ။ ။ Ease of Doing Business2020 အစီရင်ခံစာမှာ ပုဂ္ဂလိက ကဏ္ဍက ဦးဇေယျသူရမွန်အနေနဲ့ ဘယ်လိုအခန်း ကဏ္ဍက ပါဝင်ပြုပြင်ပြောင်း လဲပြီး အဆင့်နဲ့ရမှတ်တွေ တိုးတက်အောင်ဆောင်ရွက်ခဲ့တယ်ဆိုတာကို ပြောပြပေးပါဦး။
ဦးဇေယျသူရမွန် ။ ။ ၂၀၂၀ မှာ အဆင့်တက်တာကို တွေ့ရ တယ်။ ကျွန်တော်တို့ အားရသင့်သလောက် အားရပါတယ်။ ဒါပေမယ့် လိုအပ်တဲ့အချက် တွေလည်း ရှိပါတယ်။ ၂၀၂၀မှာ အဆင့်ဒီလောက် တက်လာဖို့အတွက် ဘယ်လိုလုပ်ခဲ့ရသလဲ ဆိုတော့ ကျွန်တော်တို့ အနေနဲ့ လွန်ခဲ့တဲ့ ၃နှစ် လောက်ကစတင်ပြီး UMFCCI ကကျွန်တော် တို့ကို တာဝန်ပေးလိုက်တယ်။ ဒီအစည်းအဝေး တစ်ခု သွားတက်ပြီဆိုရင် ကျွန်တော်တို့ ဒီလို Random အစည်းအဝေးတက်လို့ရတဲ့ လုပ်ငန်း မျိုးမဟုတ်ဘဲ တကယ်တမ်းထဲထဲ ဝင်ဝင်နက်နက်နဲနဲ ပညာရပ်ဆိုင်ရာမှာ ကျွမ်းကျင်မှုရှိမှ ရမယ်ဆိုတဲ့အတွက်ကြောင့် ကျွန်တော် တစ်ယောက်တည်းနဲ့မဖြစ် တော့ဘူး။
နောက်တစ်ချက်က ဒီအစည်းအဝေးကို လည်း UMFCCIက ဒီနေ့ ဒီတစ်ယောက်လွှတ် နောက်နေ့ အခြားတစ်ယောက်လွှတ်ဆိုရင် လည်း အဆင်ပြေမှာမဟုတ်ဘူးဆိုတာ တွေ့တဲ့အခါ ကျွန်တော်တို့ UMFCCI မှာသူ့သက်ဆိုင်ရာ EC တွေ၊ CEC တွေရဲ့ တာဝန်တွေ အများကြီးရှိ ပါတယ်။ အဲဒီအထဲမှာမှ ကျွန်တော်တို့မှာလည်း အခြားတာဝန်တွေ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်က တခြား တာဝန်တွေကို အကုန် ဖြတ်ချလိုက်ပြီး ဒီတာဝန်ကိုတော့ ကျွန်တော် နက်နက်နဲနဲယူပေးမယ်ဆိုပြီး တာဝန်ခံလိုက်ပါတယ်။
ပြီးတော့ ကျွန်တော်တစ်ယောက်တည်းနဲ့ မပြီးဘူး။ Team တစ်ခုဖွဲ့လိုက်ပါတယ်။ ကျွန်တော့်အဖွဲ့မှာ လူလေးယောက်လောက် ရှိပါတယ်။ အားလုံး Master Level တွေဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းလုပ်ရာမှာ ရှိတဲ့ Procedures တွေအကုန်လုံးကို နားလည်တဲ့ Senior Team Members လေးယောက်ရှိပါတယ်။ အဲဒီလေးယောက်နဲ့ ကျွန်တော်စဉ်ဆက် မပြတ် အစည်းအဝေး တက်တယ်။ ဌာနဆိုင်ရာတွေနဲ့ အစည်းအဝေးလုပ်တာရှိတယ်။ ကမ္ဘာ့ ဘဏ်ကလူတွေနဲ့ အစည်းအဝေးလုပ်တာရှိတယ်။ နောက်ပြီး ပုဂ္ဂလိကကဏ္ဍတွေနဲ့တွေ့ ဆုံရတဲ့အစည်းအဝေးတွေ လုပ်တာရှိတယ်။
အဲဒီလို အစည်းအဝေးတွေကို ကျွန်တော် တို့မတက်မဖြစ်တက်ပြီးစာတွေလည်း အများကြီးဖတ်ပြီး နောက်ဆုံးသူတို့ရဲ့ Case Study ကိုနားမလည်ရင်၊ ကျွန်တော်တို့ရဲ့ Response က မှားသွားရင် ဒါမှမဟုတ်လျှော့ပြီး ဖြေလိုက်ရင် အမှတ်ကနည်းမှာ ဖြစ်ပါ တယ်။ ဒါပေမယ့်ကောင်းနေပေမယ့်လည်း ကျွန်တော်တို့ရဲ့ Record ကို မှန်မှန်ကန်ကန်မပေးနိုင်ရင် ကျွန်တော်တို့က အဆင့်ရမှာ မဟုတ်ပါဘူး။
အဲဒါတွေက ဘယ်မှာတွေ့ခဲ့ရသလဲဆို တော့ အရင်ပြီးခဲ့တဲ့နှစ်တွေမှာ ကျွန်တော်တို့က တွေ့ခဲ့ရတယ်။ မှတ်မိပါလိမ့်မယ်။ အဆင့် ၁၇၁၊ နောက်တစ်နှစ်လည်း အဆင့် ၁၇၁ ပဲ။ အဆင့် အပြောင်းအလဲမရှိဘူး။ ဒီနှစ်မှာမှ ၁၆၅။ အဲဒါ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က ကမ္ဘာ့ ဘဏ်ရဲ့ ဒေတာတွေကို မှန်အောင်အရင်လုပ်ရတယ်။ ကျွန်တော်တို့စစချင်း စတည်လိုက်တဲ့ အခါ အချက် ၃ ခုနဲ့ တည်ပါတယ်။ ပထမတစ်ခု က True Reflection ကျွန်တော်တို့နိုင်ငံရဲ့ ပကတိအနေအထားနဲ့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံ စာကို ကျွန်တော့်အနေနဲ့ ဖတ်လိုက်တဲ့အခါ စီးပွားရေး တကယ်လုပ်တဲ့သူတွေနဲ့ သူတို့ရေး ထားတာတွေနဲ့ မမှန်ဘူးဖြစ်နေတယ်။ ။
သူတို့ရေးထားတာတွေက ကျွန်တော် တို့က တော်တော်ပဲခက်နေတယ်။ တော်တော်ကြီး Procedure တွေများနေတယ်။ အချိန်တွေ ကုန်နေတယ်။ ပိုက်ဆံတွေ ကုန်နေတယ်ဆိုတဲ့ Record ဖြစ်နေတယ်။ ပကတိအမှန်နဲ့လွဲနေတဲ့ အတွက် ပကတိအမှန်နဲ့တူအောင် ပထမဆုံး စလုပ်ရပါတယ်။ ပြီးတော့မှ ကျွန်တော်တို့က ချက်ချင်းလက်ငင်း ဘာတွေပြင်လို့ရမလဲဆိုတာ ဌာနဆိုင်ရာတွေကို ပြောပါတယ်။ ဒါလေးကတော့ မြန်မြန်လေးပြင်လို့ရတယ်။ ဒါလေးကတော့ လွယ်လွယ်လေး။ အဲဒီတော့ ဝက်ဘ်ဆိုက် တင်လိုက် ရင် အမှတ်ရပါတယ်။ အဲဒီလိုဒေတာတွေ၊ သတင်းအချက်အလက်တွေ ကျွန်တော်တို့က လုပ်ပါတယ်။ အခုတော့ ကျွန်တော်တို့က Continuous Improvementဘက်ကိုရောက်နေပါပြီ။
ဒါကြောင့် ဒီနှစ်က သိသိသာသာလေးဖြစ် လာတာပါ။ ဒီဟာတွေ လုပ်တဲ့အတွက် ပြုပြင်ပြောင်းလဲမှုအကောင်းဆုံး ကမ္ဘာ့ ထိပ်တန်း နိုင်ငံ ၂၀ ထဲမှာပါသွားတယ်။ အဓိကဘာလုပ်ခဲ့ သလဲဆိုတော့ မြန်မာနိုင်ငံရဲ့ ပကတိအနေအထား၊ True Reflection ကို ကမ္ဘာ့ ဘဏ်ရဲ့ Record တွေမှာ ပါအောင်လုပ်ခဲ့တယ်။ ပြီးရင်ကျွန်တော်တို့က ချက်ချင်းလက်ငင်း ပြင်လို့ ရတာတွေကို တစ်နှစ်အတွင်းမှာ ဌာနဆိုင်ရာ တွေက ပြင်ဆင်ခဲ့တယ်။
ပြီးတော့မှ ကျွန်တော်တို့က ရေရှည်ရှေ့ လျှောက်ဘာတွေလုပ်ကြမလဲ ဆိုတဲ့ အချက် တွေကို သိရှိလာတယ်။ အခုက တကယ့်လမ်း မှန်ပေါ်ကို ရောက်သွားတယ်။ အရင်တုန်းက ကျွန်တော်တို့ ကလည်နေတယ်။ ကမ္ဘာ့ဘဏ်က ဘာလိုချင်မှန်းလဲမသိ၊ ကျွန်တော်တို့ ပြောတာ လည်း ကမ္ဘာ့ဘဏ်က နားမလည် အဲဒီလိုတွေ ဖြစ်နေတယ်။ ကျွန်တော်အချက်တစ်ချက် highlight လုပ်ချင်တယ်။ ဥပမာ ကျွန်တော်တို့ကို အမှတ်လျော့စေတဲ့ အချက်တစ်ချက်ကထင်ထင်ရှားရှားပေါ့လေ။ Metropolitan Water Authority မှာစီးပွားရေးလုပ်ငန်း တစ်ခုက ရေသွယ်တန်းချင်ရင် Metropolitan Water Authority ကိုသွားရတယ်ဆိုပြီး ကမ္ဘာ့ဘဏ်ရဲ့ Record မှာ ရေးထားတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အဲဒီဌာနရှိကိုမရှိတာ။ အဲဒီလိုမျိုးတွေ ကျွန်တော်တို့က ဖြေရှင်းရတာ ဖြစ်ပါတယ်။
စောစောကလို ဒေတာတွေကရှိလား ဆိုတော့ ရှိတယ်။ ဒါပေမယ့် ဝက်ဘ်ဆိုက်မှာ မရှိတဲ့အတွက် အမှတ်မရဘူး။ အဲဒီတော့ ဝက်ဘ်ဆိုက်ကို တင်လိုက်တယ်။ ဝက်ဘ်ဆိုက်တင်တာ ချက်ချင်းတင်လို့ရတယ်။ အဲဒီလိုမျိုးတွေ ကျွန်တော်တို့က လုပ်ကြည့် တယ်။ အဲဒီလိုလုပ်ခြင်းကြောင့် ကျွန်တော် တို့က သိသိသာသာပြုပြင်ပြောင်းလဲမှု အကောင်းဆုံး ကမ္ဘာ့ထိပ်တန်း နိုင်ငံ ၂ဝ ထဲမှာ ပါဝင်လာတယ်။ အဲဒါကျွန်တော်တို့ရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ပဏာမအနေနဲ့ပြောကြားလိုပါတယ်။
အစီအစဉ်မှူး။ ။ ကျွန်တော်တို့အခုနှစ်အမှတ်နဲ့ အဆင့်တွေ တိုးတက်လာတာ အညွှန်းကိန်း ၅ ခုမှာပဲလို့ သိရပါတယ်။ ကျန်တဲ့ မတိုးတက်သေးတဲ့ အညွှန်းကိန်း ၅ ခုကို တိုးတက်အောင် ဘယ်လိုပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်မယ်၊ ဘာကြောင့်တိုးတက်မှုတွေ နှေးကွေးတာလဲဆိုတာ ရှင်းပြပေးပါဦးခင်ဗျာ။
ဦးအောင်စိုး ။ ။ နှေးကွေးရတဲ့ အကြောင်းက သူတို့ ပြုပြင်ပြောင်းလဲမှုလုပ်ရာမှာ ခက်ခဲတဲ့အပိုင်း၊ အကန့်အသတ်တွေ ရှိနေတာလေးတွေကြောင့်လို့ ပြောလို့ရပါတယ်။ တချို့ကျတော့ လွယ်လွယ်ကူကူ လုပ်လို့မရဘူး။ ဥပမာ- ဥပဒေနဲ့ ဆက်စပ်တာ တွေရှိတယ်။ ဥပဒေပြင်ရမှာတွေ ရှိတယ်။ အဲဒီလိုဥပဒေနဲ့ ဆက်စပ်တာတွေကျရင် ချက်ချင်းလုပ်လို့ မရဘူး။ အဲဒါလေးကို အချိန်ယူရတယ်။ နောက်ပြီး တစ်ချို့ကျတော့ Infrastructure တွေပြုပြင်ရမှာတွေ ရှိတယ်။ ကွန်ပျူတာ စနစ်တွေ တပ်ဆင်ရမှာ တွေရှိတယ်။ဒီအပိုင်းတွေကျတော့ ကြာတယ်။ တစ်ဆင့်ပြီး တစ်ဆင့် လုပ်ယူရတာတွေ ရှိတယ်။ တချို့ကျတော့ စပြီးစနစ်တစ်ခုကို သုံးလိုက် ပေမယ့် ဒီစနစ်ကို သုံးတဲ့လုပ်ငန်း ရှင်တွေက ချက်ချင်းနားမလည်သေးတဲ့ အတွက် အပြည့်အဝမသုံးသေးဘူး။ သုံးတဲ့ ရာခိုင်နှုန်း နည်းတယ်ဆိုရင် သူတို့က အမှတ် မပေးသေးဘူး။ ဒီလိုအချက်တွေ မျိုးစုံရှိ တယ်။ အဲဒါကြောင့် ကျွန်တော်တို့က ဥပဒေ တစ်ခု ဆွဲမယ် ဆိုရင်လည်း ဥပဒေရဲ့ Process က ကြာတယ်။ အဆင့်ဆင့်လုပ်ရ တယ်။ လွှတ်တော်တွေကို ဖြတ်သန်းရ တယ်။ ဒါတွေက အချိန်ယူရတယ်။ တစ်ချိန် ကျရင် ပြီးသွားရင်တော့ အကျိုးသက်ရောက် မှုဖြစ်ပြီး တိုးတက်မှုရရှိမှာပါ။ တချို့မရသေး တဲ့ အချက် တွေက အဲဒါလေးတွေ လိုအပ်နေတာ ဖြစ်ပါတယ်။
တချို့ဟာတွေ ရပြီးသားအချက်တွေ ကလည်း လျော့လို့မရဘူး။ ကျွန်တော်တို့ နည်းနည်းလေး ပေါ့သွားရင်ကြာသွား မယ်၊ ခက်သွားမယ်ဆိုရင် အမှတ်က ပြန်လျော့နိုင်တယ်။ ဒါကြောင့် အမြဲတမ်း ကို ကျွန်တော်တို့က ကြိုးစားနေရမှာ ဖြစ်ပါတယ်။ ဒါကြောင့် နှစ်စဉ်လက်ရှိ အခြေအနေကနေ ရေတိုတစ်နှစ်အတွင်း မှာ ဘာတွေပြုပြင်ပြောင်းလဲရင် အကျိုး သက်ရောက်မယ် ဆိုတာတွေကိုလည်း ကျွန်တော်တို့က စာရင်းပြုစုတယ်။ ရေရှည် သုံးနှစ်၊ ငါးနှစ်လုပ်ရမှာတွေကိုလည်း ပြုစု တယ်။ ပြီးရင် Action Plan ဆွဲတယ်။ ဆွဲပြီးမှ ကျွန်တော်တို့က သက်ဆိုင်ရာ အညွှန်းကိန်းတွေကို အကောင်အထည် ဖော်တာ ဖြစ်ပါတယ်။
ဖော်ရာမှာလည်း သူတို့လုပ်ချင်တဲ့ ပြုပြင်ပြောင်းလဲမှုကို စာရင်းပြုစုပြီး ကမ္ဘာ့ ဘဏ်က ပညာရှင်တွေနဲ့ တိုင်ပင်တယ်။ သူတို့က လည်း လာတယ်။ တစ်ဖွဲ့ချင်းတွေ့ တယ်။ တစ်ခါတလေ သူတို့က ဝါရှင်တန်နဲ့ မြန်မာနိုင်ငံ Video Conferencing လုပ်ပြီး တိုင်ပင် ဆွေးနွေးတာလည်း ရှိတယ်။ သူတို့ က အကြံပေးတယ်။
မြန်မာက လုပ်ချင်တဲ့ ပြုပြင်ပြောင်းလဲ မှုက ဥပမာ အညွှန်းကိန်းတစ်ခုမှာ ၁၀ ခုရှိ တယ်ဆိုပါတော့ သူတို့အမြင်အရ ဒါကို ပြုပြင် ပြောင်းလဲမှု လုပ်တယ်လို့ သူတို့ရဲ့ အဓိပ္ပာယ် သတ်မှတ်ချက်နဲ့ မကိုက်ညီဘူး။ ဒါကတော့ မရဘူး။ ဒါကတော့ရမယ်။ အဲဒီ ရမယ် ဆိုတဲ့ဟာတွေကို ကျွန်တော်တို့က Action Plan ထဲမှာ ထည့်လိုက်တယ်။ ဖြစ်နိုင်တာကို ဒီနှစ်အတွင်းမှာဖြစ်အောင် လုပ်တယ် စသဖြင့် အဲဒီလိုနည်းနဲ့ တိုးတက်အောင် လုပ်တယ်။
အခုကျန်ခဲ့တဲ့ ငါးခုကလည်း သူ့အတိုင်း အတာအလျောက် လုပ်တော့နေကြတယ်။ ဒါပေမယ့် ခုနပြောတဲ့ Output ၊ Result မရသေးတဲ့အတွက် တိုးတက်မှုထဲမှာမပါဘူး။ ကျန်တဲ့အညွှန်းကိန်း ငါးခုမှာပြုပြင်ပြောင်းလဲမှု လုပ်လိုက်နိုင်တာနဲ့တင် ကျွန်တော် တို့က ကမ္ဘာမှာပြုပြင်ပြောင်းလဲမှု အကောင်းဆုံး Top 20 Reformer နိုင်ငံထဲ မှာ ပါသွားပြီး ဒီအဆင့်ကို တက်လာတာ ဖြစ်ပါ တယ်။ အဲဒါမျိုးရအောင် ကျွန်တော် တို့ကလည်း ဆက်ပြီး ဆောင်ရွက်သွားဖို့ ရှိပါတယ်။ ဒါ့အပြင်လည်း အခြားသော သူများ နိုင်ငံတွေမှာ ကျင့်သုံးနေတဲ့ Mechanism တွေကို လေ့လာနေပါတယ်။ ဒါတွေ ကိုလည်း ကျွန်တော်တို့ အသုံးချသွားဖို့ရှိ ပါတယ်။
အစီအစဉ်မှူး ။ ။ ကျွန်တော်တို့ ဒီနေ့ပြုလုပ်သွားတဲ့ စီးပွားရေးစကားဝိုင်းအစီအစဉ်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ Ease of Doing Business အကြောင်းအရာနဲ့ ပတ်သက်လို့ ဆွေးနွေးသွားတဲ့ ပထမပိုင်းအစီအစဉ်ပဲ ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ လည်း ဒုတိယပိုင်းမှာ စီးပွားရေးနဲ့ ပတ်သက်လို့ ဘယ်လို အကြောင်းအရာတွေကို ဆွေးနွေးသွားမယ် ဆိုတာ ဆက်လက်ပြီး စောင့်မျှော်ကြည့်ရှု ကြပါဦး ခင်ဗျာ။ ။
တာရာ