မြန်မာ (၄.၀) - စတုတ္ထစက်မှုတော်လှန်ရေးနှင့် အနာဂတ်မြန်မာနိုင်ငံတော်
မြန်မာ (၄.၀) ဆိုသည်မှာ စတုတ္ထစက်မှုတော်လှန်ရေးကို ရည်မှန်းသော အနာဂတ်မြန်မာနိုင်ငံတော်ကို ဆိုလိုခြင်း ဖြစ်ပါသည်။ အာဆီယံ (၄.၀) သို့ ဦးတည်သော မြန်မာနိုင်ငံဟုလည်း ဆိုနိုင်ပါသည်။ ၁၇၆ဝ ပြည့်နှစ်နောက်ပိုင်းတွင် စက်ယန္တရားများကို (Mechanization) အခြေခံသည့် ပထမစက်မှုတော်လှန်ရေး စတင်ပေါ်ပေါက်လာခဲ့ပါသည်။ ၁၈ ရာစုတစ်လျှောက်တွင် ရေနွေးငွေ့ သုံး မီးသင်္ဘောများ၊ မီးရထားများနှင့် အလားတူ စက်ယန္တရားများ၏ အကျိုးကျေးဇူးကြောင့် အနောက် တိုင်းနိုင်ငံကြီးများ တစ်ဟုန်ထိုး တိုးတက်လာခဲ့ကြပါသည်။ ဒုတိယစက်မှုတော်လှန်ရေးအဖြစ် ၁၉ ရာစုနောက်ပိုင်းတွင် လျှပ်စစ်မီး (Electricity) ကို တီထွင် အသုံးပြု၍ စက်ပစ္စည်းများ စနစ်တကျတပ်ဆင်မှု နည်းလမ်း(Assembly Line)များ ပေါ်ပေါက်ကာ အမြောက်အမြား ထုတ်လုပ်နိုင်စွမ်း(Mass Production) ကို စက်ရုံ လုပ်ငန်းများတွင် ဆောင်ရွက်လာနိုင်ခဲ့ကြပါသည်။ ၁၉၆ဝပြည့်နှစ်ခန့်မှစတင်၍ တတိယစက်မှုတော်လှန်ရေး အဖြစ် အီလက်ထရွန်နစ် (Electronics) နှင့် သတင်းအချက်အလက်နည်းပညာ (Information Technology) တို့ပေါ်ပေါက်လာခဲ့ပြီး နိုင်ငံအသီးသီးတွင် လုပ်ငန်းကြီး များ အဘက်ဘက်မှ တိုးတက်ပြောင်းလဲခဲ့ကြပါသည်။ Industry 4.0 ဟူသော စကားလုံးကို ၂၀၁၁ ခုနှစ်တွင် ဂျာမနီနိုင်ငံက စတင်အသုံးပြုခဲ့ပြီး ၂၀၁၆ ခုနှစ် ကမ္ဘာ့စီးပွားရေးဖိုရမ် (World Economic Forum, WEF) တွင် စတင်၍ ဆိုက်ဘာအရာဝတ္ထုစနစ်များ (Cyber Physical Systems) ကိုအခြေခံသည့် စက်မှုတော်လှန်ရေးကို စတုတ္ထစက်မှုတော်လှန်ရေးအဖြစ် တစ်ကမ္ဘာလုံး သုံးစွဲ လာကြပါသည်။
စတုတ္ထစက်မှုတော်လှန်ရေး ဆိုသည်မှာ အသိ ဉာဏ်တု (Artificial Intelligence, AI)၊ အိုင်အိုတီ (Internet of Things, loT) အဆင့်မြင့်စက်ရုပ်နည်းပညာ (Advanced Robotics) ဘလော့ချိန်း (Blockchain), မျိုးဆက်သစ် မိုဘိုင်းနည်းပညာ (5G)၊ အေအာ (Augmented Reality, AR)၊ ကွမ်တမ်ကွန်ပျူတာ (Quantum Computer) အစရှိသော အဆင့်မြင့် နည်းပညာများကို အသုံးပြု၍ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးကဏ္ဍများ (Digital Economy) နှင့် အစိုးရကဏ္ဍ (Digital Government) တို့ကို တီထွင် ဆန်းသစ်ပြောင်းလဲခြင်းပင် ဖြစ်ပါသည်။ အဆင့်မြင့် နည်းပညာတို့ကိုအခြေခံ၍ e-Government နှင့် e-Commerce တို့ သာမက ပညာရေး၊ စိုက်ပျိုးရေး၊ ဘဏ္ဍာရေးတို့တွင် အက်တက် (Edu Tech)၊ အော့ဂရီတက် (Agri Tech)၊ ဖင်းတက် (Fin Tech) ကဲ့သို့သောလုပ်ငန်းပုံစံအသစ်များ၊ တီထွင်ဆန်းသစ်ခြင်းများ ကဏ္ဍအသီးသီးတွင် ပေါ်ပေါက်လာခဲ့ကြပြီဖြစ်သည်။
စတုတ္ထစက်မှုတော်လှန်ရေးတွင် ပါဝင်သော အဆင့်မြင့်နည်းပညာများသည် တစ်ခုနှင့်တစ်ခု အပြန်အလှန် ဆက်စပ်အကျိုးပြု လာကြပြီး ဒစ်ဂျစ်တယ်ဆိုင်ရာ (Digital)၊ ရုပ်ဝတ္ထုဆိုင်ရာ (Physical) နှင့် ဇီဝဗေဒဆိုင်ရာ (Biological) ကဏ္ဍသုံးမျိုးစလုံး ပေါင်းစပ်ပါဝင်လာပါသည်။ စတုတ္ထစက်မှုတော်လှန်ရေးတွင် အဓိကကျသည့် အရေး ကြီးသော နည်းပညာတစ်ခုမှာ အသိဉာဏ်တု နည်းပညာပင် ဖြစ်ပါသည်။ အသိဉာဏ်တုနည်းပညာကို ၁၉၅၀ ပြည့်နှစ် မတိုင်ခင်ကတည်းကစ၍ လေ့လာအသုံးပြုခဲ့ကြသော် လည်း စက်သုံးလေ့လာခြင်း (Machine Learning) နှင့် နက်ရှိုင်းလေ့လာခြင်း (Deep Learning) တို့၏ ကျေးဇူးကြောင့် ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းတွင် အေအိုင်အခန်းကဏ္ဍသည် တစ်ဟုန်ထိုး တိုးတက်ပြောင်းလဲ အောင်မြင်ခဲ့ပါသည်။
လူသားများသာ ဆောင်ရွက်နိုင်သော လုပ်ငန်းတချို့အား အေအိုင်နည်းပညာကို အသုံးပြု၍ ကွန်ပျူတာများက အစားထိုး ဆောင် ရွက် နိုင်ရုံသာမက တချို့သော ကဏ္ဍများတွင် လူသားများထက် ပိုမိုစွမ်းဆောင်လာနိုင်စွမ်းရှိလာပါသည်။ ထပ်ကာထပ်ကာ လုပ်ဆောင်ရသော လုပ်ငန်းအမျိုးအစားများ (Repetitive Tasks) တွင် ပိုမိုသိသာ ထင်ရှားစေပါသည်။ တစ်ဖက်တွင်လည်း အချက်အလက်သိပ္ပံပညာရှင် (Data Scientist) ကဲ့သို့သော အလုပ်အကိုင်အခွင့်အလမ်း အမျိုးအစားအသစ်များလည်း ပေါ်ပေါက် လာကြပါသည်။ ယေဘုယျအားဖြင့် လုပ်ငန်းတိုင်းတွင် တစ်နည်းမဟုတ် တစ်နည်း အကျိုးသက်ရောက် ပြောင်းလဲနေသည်ကို တွေ့ရှိရပါသည်။ နက်ဖလစ် (Netflix)၊ အူဘာ(Uber)၊ အဲဘီအန်ဘီ (Airbnb) နှင့် အမေဇုန် (Amazon) တို့ကဲ့သို့သော ဒစ်ဂျစ်တယ်စီးပွားရေးပုံစံသစ်များသည် စနစ်ဟောင်းများနှင့် စီးပွားရေးလုပ်ငန်းပုံစံဟောင်းများ၏ နေရာတွင် အစားထိုးဝင် ရောက် (Disruptive) လာသည်ကို တွေ့မြင် နေရပါသည်။ ထိုသို့သော ပြောင်းလဲမှုများသည် ဒစ်ဂျစ်တယ် စနစ်များတွင်သာမက ရုပ်ဝတ္ထုဆိုင်ရာနှင့် ဇီဝဆိုင်ရာ နည်းပညာများဘက်မှာပါ တိုးတက်ပြောင်းလဲမှုများစွာ ဖြစ်စေခဲ့ပါသည်။ ဦးနှောက်ကွန်ပျူတာ ချိတ်ဆက်မှု (Brain Computer Interface) ကို အသုံးပြု၍ စိတ်နှင့်စဉ်းစားရုံဖြင့် လိုသလို လှုပ်ရှားပေးနိုင်သော ခြေတု လက်တု များ (Prosthetic arms) လိုသလိုသွားလာရွေ့လျားနိုင်သော ဘီးတပ်ကုလားထိုင် (Wheelchair) ကို တီထွင်အသုံးပြုလာ နိုင်နေ ပြီ ဖြစ်ပါသည်။ ရောဂါကုထုံးများနှင့်စပ်လျဉ်း၍ ရောဂါကာကွယ်ရန် မျိုးရိုးဗီဇကိုပြင်နိုင်သော (Genetic Sequencing) နည်းပညာ တို့ ပေါ်ပေါက်လာနေပြီဖြစ်ပါ သည်။ ထို့အပြင် အသားငါးတိရစ္ဆာန်တို့၏ ဆဲလ်များကို ဓာတ်ခွဲခန်းအတွင်း ဆင့်ပွား၍ သက်သတ် လွတ်အသား (Clean Meat) ပြုလုပ်ခြင်း နည်းပညာဖြင့် အနာဂတ် စားနပ်ရိက္ခာလိုအပ်ချက်များကို ဖြေရှင်းနိုင်ရန် တီထွင် စမ်းသပ်နေကြပြီဖြစ်ပါသည်။
စတုတ္ထစက်မှုတော်လှန်ရေး၏ အဓိကအောင်မြင်မှု သော့ချက်မှာ ပညာရေးနှင့်တီထွင်ဆန်းသစ်ခြင်းပင်ဖြစ်ပါ သည်။ ပညာရေးဟု ဆိုရာတွင် ပုံမှန်အတန်းပညာ (Formal Education) နှင့် ကျောင်းပြင်ပ ပညာရေး (Nonformal or Alternative Education) အလွတ်သဘော (Informal Education) ပညာရေးတို့လည်း ပါဝင်ပါသည်။ ကျောင်းပြင်ပ ပညာရေးဆိုသည်မှာ သိလိုတတ်လို သည်များကို သင်တန်းများတက်ခြင်း၊ အင်တာနက်ပေါ်က လေ့လာခြင်းတို့ဖြစ်ပြီး အလွတ်သဘောပညာရေးဆိုသည်မှာ မြင်ဆရာ နှင့် ကြားဆရာ တို့ထံက လေ့လာသင်ယူခြင်းတို့ပင်ဖြစ်ပါသည်။ အတန်း ပညာရေးတွင်လည်း ကျောင်းသားများကို ငယ်စဉ်က တည်းက စတင်၍ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာ (Science, Technology, Engineering and Mathematics, STEM) ဘာသာရပ်များကို သင်ကြားပေးလာကြပါသည်။ အလွတ်ကျက်မှတ်သည့် ပညာရေးမျိုး မဟုတ်ဘဲဝေဖန်ပိုင်းခြားတွေးခေါ် နိုင်သော အရည်အချင်း (Critical Thinking) ရှိလာစေရန် ပြုစုပျိုးထောင် ပေးကြသည်ကိုလည်း တွေ့ရှိရပါသည်။ စတုတ္ထစက်မှု တော်လှန်ရေးတွင် တိုးတက်ပြောင်းလဲမှုများ အလွန်မြန်ဆန်သဖြင့် တက္ကသိုလ်ဘွဲ့များနှင့် အတန်းပညာကို အခြေခံသော ပညာရေး စနစ်များသည် လုံလောက်မှု မရှိနိုင်ကြတော့ဘဲ အစဉ်ပြောင်းလဲနေသော နည်းပညာ သစ်များနှင့် စီးပွားရေးလုပ်ငန်း ပုံစံသစ်များကို အင်တာနက်ပေါ်ကတစ်ဆင့် စဉ်ဆက်မပြတ်လေ့လာနိုင်ရန် ကဏ္ဍတိုင်းတွင် လိုအပ်လာကြပါသည်။ နိုင်ငံတော် အစိုးရနှင့် စီးပွားရေးလုပ်ငန်းကဏ္ဍများတွင်သာမက လူ့အဖွဲ့အစည်းများ ပြည်သူများအားလုံး ပါဝင်နိုင်ရန် လိုအပ်သဖြင့် ဒစ်ဂျစ်တယ် “အ”သုံးလုံးဟုဆိုအပ်သော ဒစ်ဂျစ်တယ်နှင့်စပ်လျဉ်းသည့် အသိ၊ အတတ်၊ အမြင် (Digital Literacy) သည် အသက် အရွယ် မရွေး လူတိုင်းအတွက် အလွန်အရေးကြီးလာပါသည်။
ယခုတွေ့ကြုံနေရသော စတုတ္ထစက်မှုတော်လှန်ရေး သည် မလိုက်ချင်လျှင်၊ မသွားချင်လျှင် နေခဲ့၍ရသော အပြောင်းအလဲ တစ်ခုမျိုး မဟုတ်ပါ။ မြန်မာနိုင်ငံအနေဖြင့် စတုတ္ထစက်မှုတော်လှန်ရေးတွင် နောက်ကျမကျန်ခဲ့စေရန် အလွန်ပင်အရေးကြီး လှပါသည်။ ရှေ့တန်းကမဖြစ်မနေ ပါဝင်မှသာ ရင်ပေါင်တန်းနိုင်မည်ဖြစ်ပါသည်။ နိုင်ငံအများစုမှာလည်း လေ့လာစမ်းသပ်ဆဲ ဖြစ်သဖြင့် မြန်မာ နိုင်ငံအနေဖြင့် အမီလိုက်ရန် သို့မဟုတ် ပြန်လည်ကျော်တက်ရန် အခွင့်အလမ်းကောင်းတစ်ခုလည်း ဖြစ်ပါ သည်။ စတုတ္ထစက်မှုတော်လှန်ရေးတွင် အမီမလိုက်နိုင် ပါက မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများအကြားတွင် ရင်ပေါင်တန်း လာနိုင်တော့မည်မဟုတ်ဘဲ တိုးတက်သော နိုင်ငံများနှင့် ကွာဟမှုသည် ယခုထက် ပိုမို၍ အလှမ်း ဝေးလာမည် ဖြစ်ပါသည်။ စတုတ္ထစက်မှုတော်လှန်ရေး သည် လုပ်ငန်းကဏ္ဍအသီးသီး (across sectors and Industries) နှင့် ပညာရပ်များ (Disciplines) အားလုံးတွင် အကျိုးသက်ရောက်လာမည်ဖြစ်သဖြင့် လူငယ်များနှင့် တီထွင်ဆန်းသစ်မှုတို့ကို အခြေခံသည့် မူဝါဒများ၊ ရင်းနှီး မြှုပ်နှံမှုများနှင့် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်မှုများကို တညီတညွတ်တည်း ပြုလုပ်မှသာ မြန်မာ(၄.၀) ရည်မှန်း ချက် အတိုင်း အများပါဝင်နိုင်သော စဉ်ဆက်မပြတ်သည့် လူမှုစီးပွားဖွံ့ဖြိုးမှုကို ရရှိလာနိုင်မည် ဖြစ်ပါသည်။
ဒေါက်တာထွန်းသူရသက်
ဒုတိယဥက္ကဋ္ဌ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်