Skip to main content

ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း (ပြည်)

ကမ္ဘာ့နေရာဒေသ အသီးသီးနေထိုင်ကြသည့် လူမျိုးအသီးသီး၏ ယဉ်ကျေးမှုထွန်းကားခဲ့သည့် ဖြစ်စဉ်များတွင် ကြွင်းကျန်ရစ်ခဲ့သော ဒြပ်ရှိ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များကို တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်လာချိန်တွင် ရှေးဟောင်းသုတေသနပညာရပ်သည် အရေးပါသော ဘာသာရပ်တစ်ခု ဖြစ်လာခဲ့သည်။

ထို့ကြောင့်မြေပေါ်မြေအောက် အထောက်အထားများကို တူးဖော်ကာ သမိုင်းကွင်းဆက်နှင့် ယဉ်ကျေးမှုဖြစ်စဉ်များကို ဖော်ထုတ်သည့် ရှေးဟောင်းသုတေသနပညာကို ကမ္ဘာတစ်ဝန်း၌ စိတ်ဝင်စားစွာ သင်ယူသူများလည်း တိုးတက်များပြားလာခဲ့သည်။

ရှေးဟောင်းသုတေသနဟူသည့် ဝေါဟာရကို ရှေးဟောင်းသုတေသနပညာရှင် ဦးမြင့်အောင်က “ ရှေးဟောင်း ယဉ်ကျေးမှု၌ အကျုံးဝင်သော ကျောက်ခေတ်များမှ ကျောက်လက်နက်ပစ္စည်းများမှစ၍ ကြေးခေတ်၊ သံခေတ်၊ မြို့ပြတည်ထောင်သောခေတ် စသောခေတ် အသီးသီးတွင် ထွန်းကားခဲ့သည့် လူသုံးပစ္စည်း ဟူသရွေ့ကိုလည်းကောင်း၊ လူနေအိမ်ခြေမှစ၍ ကျေးရွာမြို့ပြများဆိုင်ရာ အဆောက်အအုံများ၊ စေတီပုထိုး အမျိုးမျိုးများကို လည်းကောင်း၊ ယုတ်စွအဆုံး သင်္ချိုင်းကုန်းဟောင်းများအထိ လေ့လာသောပညာရပ်” ဟု အဓိပ္ပာယ် ဖွင့်ဆိုခဲ့သည်။

▲ ရှေးဟောင်းသုတေသနပညာ ▲

အကြမ်းအားဖြင့် ဒေသတစ်ခု၊ နိုင်ငံတစ်ခု၏သမိုင်းကို သမိုင်းမတင်မီခေတ်နှင့် သမိုင်းတင်ခေတ် ဟု ခွဲခြားကြရာတွင် စာပေအရေးအသား ပေါ်ပေါက်လာသည့် အချိန်ကို “သမိုင်းတင်ကာလ” ဟု သတ်မှတ်ကြသည်။ ထို့ကြောင့် ကျောက်စာ၊ ပေစာ၊ အိုးစာ၊ ခေါင်းလောင်းစာ စသည့်စာပေ အထောက်အထားများဖြင့် အတိတ်သမိုင်းကို ဖော်ထုတ်နိုင်ခဲ့ကြသည်။

သို့သော် စာပေအရေးအသား မရှိသေးသည့် သမိုင်းမတင်မီကာလ အထောက်အထားများကိုမူ ရှေးဟောင်းသုတေသန တူးဖော်မှုများဖြင့်သာ ရှာဖွေဖော်ထုတ်ကြရသည်။ ထို့ကြောင့် ကမ္ဘာ့နေရာဒေသအသီးသီး၊ လူမျိုးအသီးသီး၏ ယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်နိုင်ရန် ရှေးဟောင်းသုတေသနပညာသည် အရေးကြီးသော ကဏ္ဍမှ ပါဝင်လာခဲ့ပေသည်။

သမိုင်းပညာရပ်က တွေ့ရှိထားသည့် အထောက်အထားများကို ရှေးဟောင်းသုတေသန တူးဖော်တွေ့ရှိချက်များနှင့် ညှိနှိုင်းကာ အတည်ပြု နိုင်ခဲ့သည်။ တူးဖော်ရေးလုပ်ငန်းတွင် ရှာဖွေတွေ့ရှိမှုများကို မှတ်တမ်းတင်ခြင်း၊ စုဆောင်းခြင်း၊ သက်တမ်းတွက်ချက်ခြင်း၊ သုတေသန ပြုလုပ်ခြင်း၊ ထိန်းသိမ်းခြင်း၊ တွေ့ရှိချက်များကို စာအုပ်စာတမ်းများ၊ ပုံနှိပ်ထုတ်ဝေခြင်းတို့ကို ဆောင်ရွက်သည်။ မြန်မာနိုင်ငံတွင် ရှေးဟောင်းသုတေသနတူးဖော်မှု လုပ်ငန်းများကို ခေတ်အဆက် ဆက်ဆောင်ရွက်ခဲ့ကာ တွေ့ရှိချက်များကို အခါအားလျော်စွာ ထုတ်ပြန် ခဲ့သည်။

မြန်မာ့မြေပေါ်တွင် လွန်ခဲ့သည့် နှစ်သန်း ၄၀ က ရှိခဲ့သည့် လူတူပရိုင်းမိတ်များသည် လူသားများအဖြစ်သို့ အဆင့်ဆင့် တိုးတက် ပြောင်းလဲလာခဲ့ကာ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ ပျူခေတ်တို့ကို ဖြတ်သန်းခဲ့သည်။ သမိုင်းတင်ခေတ်တွင် ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင်ခေတ်တို့ ပေါ်ထွန်းခဲ့သဖြင့် မြန်မာနိုင်ငံ နေရာအနှံ့တွင် သမိုင်းအမွေအနှစ်များစွာ ကျန်ရှိခဲ့သည်။

ယင်းသမိုင်းအမွေအနှစ်များကိုဖော်ထုတ် ထိန်းသိမ်းနိုင်ရန် ရှေးဟောင်းသုတေသန ပညာရပ်ကို စနစ်တကျ သင်ယူတတ်မြောက်သူများ လိုအပ်လာခဲ့သည်။ ကမ္ဘာ့နိုင်ငံများ တွင်လည်း ရှေးဟောင်းသုတေသန ပညာရပ်ကို ကျယ်ပြန့်စွာ သင်ကြားသင်ယူလာခဲ့ကြရာ မိမိတို့ ဘိုးဘွားများ ထားရစ်ခဲ့သော ယဉ်ကျေးမှု အမွေအနှစ်များအပေါ် တန်ဖိုးထား ထိန်းသိမ်း စောင့်ရှောက်၍ ယင်းတို့ကို အခြေခံလျက် တိုးတက် သော လူ့ဘောင်အဖွဲ့အစည်းကို တည်ထောင်ရေးသည် ရှေးဟောင်းသုတေသနပညာရပ်၏ အဓိက ရည်မှန်းချက် ဖြစ်ပေသည်။

ယင်းရည်မှန်းချက်ကို အကောင်အထည်ဖော်ရာတွင် အများပြည်သူအား ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များနှင့် စပ်လျဉ်းသော အသိပညာများ တိုးပွားလာစေရန်၊ ယဉ်ကျေးမှု အမွေအနှစ် များကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေးအတွက် မျိုးဆက်သစ်လူငယ်များ တွင် အသိပညာများ ကြွယ်ဝလာအောင် ပြုစုပျိုးထောင်ပေးရန်နှင့် ရှေးဟောင်းအမွေအနှစ်များကို အခြေခံသည့် ခရီးသွားလုပ်ငန်း တိုးတက် လာစေရေးတွင် တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ကြရန် လိုအပ်ပေသည်။

▲ ရှေးဟောင်းသုတေသနပညာဌာန ▲

ရန်ကုန်တက္ကသိုလ်၌ ရှေးဟောင်းသုတေသနပညာဌာနကို ၁၉၉၄ ခုနှစ်က ထူထောင်ခဲ့၍ ဘွဲ့ကြို သင်တန်းနှင့် ဘွဲ့လွန်ဒီပလိုမာသင်တန်းကို ဖွင့်လှစ်ခဲ့ကာ ၂၀၀၈ ခုနှစ်တွင် ရှေးဟောင်း သုတေသနပညာ (ပါရဂူဘွဲ့ကို စတင်ချီးမြှင့်နိုင်ခဲ့သည်။

ရန်ကုန်တက္ကသိုလ်၌ ပထမဆုံး ဖွင့်လှစ်ခဲ့သည့် ရှေးဟောင်းသုတေသနပညာ ဘွဲ့ကြိုသင်တန်းသို့ ဒေသအသီးသီးမှ ကျောင်းသားကျောင်းသူ ၂၃ ဦး တက်ရောက်ခဲ့ရာ ၁၉၉၈ ခုနှစ်တွင် ရှေးဟောင်းသုတေသနပညာရပ် ဝိဇ္ဇာဘွဲ့ကို အပ်နှင်းခဲ့သည်။ ယင်းသင်တန်းသားများသည် ယခု အချိန်တွင် တက္ကသိုလ် အသီးသီးရှိ ရှေးဟောင်းသုတေသနဌာနများ၌ ပါမောက္ခ၊ တွဲဖက် ပါမောက္ခ စသည့်တာဝန်များကို ထမ်းဆောင် နေကြပြီ ဖြစ်သည်။ ထို့အတူ ပထမဆုံးဒီပလိုမာ သင်တန်းကို တက်ရောက်ခဲ့ကြသူများသည်ပါမောက္ခချုပ် ပါမောက္ခ၊ ညွှန်ကြားရေးမှူး အစရှိ သဖြင့် နိုင်ငံ့တာဝန်များကို ထမ်းဆောင်လျက်ရှိနေကြသည်။

ရှေးဟောင်း သုတေသနပညာကို သင်ကြားရာတွင်စာတွေ့သာမက လက်တွေ့ကွင်းဆင်း လုပ်ငန်းများကိုပါ ဆောင်ရွက်ကြရသဖြင့် ဘွဲ့ကြို သင်တန်းသားများသည် ဒုတိယနှစ်မှစ၍ ကွင်းဆင်းလေ့လာရေးခရီးအဖြစ် သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်း၊ ပင်လယ်(မိုင်းမော)နှင့် တကောင်း စသည့် ပျူယဉ်ကျေးမှု ထွန်းကားခဲ့သည့် ဒေသများ၊ ကြေးခေတ်ယဉ်ကျေးမှု ထွန်းကားခဲ့သည့် ညောင်ကန်နှင့် စမုံမြစ်ဝှမ်းဒေသ အချို့နှင့် နွယ်ခွေ၊ ငါးရှန်၊ လက်ပံခြေပေါ်၊ မိုးကြိုးပြင်၊ တောင်သမန်၊ ပုဂံ၊ အင်းဝ စသည်ဖြင့် သမိုင်းမတင်မီခေတ်၊ သမိုင်းကြိုခေတ်၊ သမိုင်းတင်ခေတ် နေရာတစ်ခုခုသို့ နှစ်စဉ် ခုနစ်ရက်မှ ( ၁၀ ) ရက်ကြာ ကွင်းဆင်း၍ အစီရင် ခံစာများ၊ ဘွဲ့ယူစာတမ်းများ၊ သုတေသန စာတမ်းများကို ရေးသားကြရသည်။

ရှေးဟောင်းသုတေသန ပညာရပ်ကို သင်ယူကြရာတွင် လက်တွေ့တူးဖော်မှုများ ဆောင်ရွက်ခွင့်ရရှိပါက ပိုမိုအကျိုးရှိမည်ဖြစ်သည်။ သို့သော် ၁၉၉၄ ခုနှစ်က ပုဂံဥပါလိ သိမ်အနီးမှ အုတ်ကုန်းဟောင်းကို တူးဖော်ခဲ့စဉ်က ရန်ကုန်တက္ကသိုလ်မှ ရှေးဟောင်းသုတေသနပညာ သင်တန်း သား များ ပါဝင်ခွင့် ရရှိခဲ့ပြီးနောက်ပိုင်း၌ ကျောင်းသား ကျောင်းသူများသည် တူးဖော်ရေး လုပ်ငန်းများကို ဆောင်ရွက်ခွင့် မရရှိတော့ချေ။ ကျောင်းသား ကျောင်းသူများ၏ ကွင်းဆင်းခရီးစဉ်များတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ ကျွမ်းကျင်ပညာရှင် များက တူးဖော်မှုဆိုင်ရာ သင်ကြားပို့ချမှုများကို ပြုလုပ်ခဲ့သော်လည်း လက်တွေ့တူးဖော်မှု မပါရှိခဲ့ချေ။

ထို့ကြောင့် ၂၀၁၉ -၂၀၂၀ ပညာသင်နှစ်တွင် ရန်ကုန်တက္ကသိုလ်၌ ပညာသင်ယူနေကြသည့် ကျောင်းသူ ကျောင်းသားများအား ပြည်မြို့ရှိ ရှေးဟောင်းသုတေသနပညာ နည်းပညာကျောင်းနှင့် ပူးပေါင်း၍ သရေခေတ္တရာ တူးဖော်မှုများတွင်ရက်ပိုင်းအလိုက် ပါဝင်စေခဲ့သည်။

ရှေးဟောင်းသုတေသန ပညာရပ်ကို ကျယ်ပြန့်စွာ သင်ကြားပို့ချနိုင်ရန်အတွက် ရှေးဟောင်း သုတေသနပညာဌာနကို ၁၉၉၈ ခုနှစ်က ဒဂုံတက္ကသိုလ်တွင် လည်းကောင်း၊ ၂၀၀၀ ပြည့်နှစ်တွင် မန္တလေးတက္ကသိုလ်နှင့် ရတနာပုံတက္ကသိုလ်၌ လည်းကောင်း တိုးချဲ့ ဖွင့်လှစ်၍ မျိုးဆက်သစ်များ မွေးထုတ်ခဲ့သည်။

▲ ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း(ပြည်) ▲

ပညာရေးဝန်ကြီးဌာနသည် ရှေးဟောင်းသုတေသန မျိုးဆက်သစ်များကို ပျိုးထောင်နေသကဲ့သို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနကလည်း အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) နှင့် ပူးပေါင်း လျက် ၂၀၀၅ ခုနှစ် နိုဝင်ဘာ ၇ ရက်တွင် ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်းကို ပြည်မြို့၌ ဖွင့်လှစ်၍ ဘွဲ့လွန်အသုံးချ ရှေးဟောင်းသုတေသနပညာ ဒီပလိုမာ တစ်နှစ်သင်တန်းကို နှစ်စဉ်ပို့ချလျက်ရှိသည်။

သင်တန်းကို ထူးချွန်စွာ အောင်မြင်သူများသည် ရန်ကုန်တက္ကသိုလ် ရှေးဟောင်းသုတေသနပညာ ဌာနတွင် မဟာဝိဇ္ဇာဘွဲ့သင်တန်းကို ဆက်လက် သင်ယူနိုင်ကြကာ မိမိတို့အောင်မြင်မှု အရည်အချင်းအလိုက် ပါရဂူဘွဲ့သင်တန်းအထိ တက်ရောက်ခွင့်ပြုလျက်ရှိသည်။

ဘွဲ့လွန် အသုံးချရှေးဟောင်းသုတေသနပညာ ဒီပလိုမာ တစ်နှစ်သင်တန်းတွင် ဘာသာရပ် ၁၃ ခုအပြင် ဌာနတွင်းနှင့် ပြည်တွင်း / ပြည်ပ ပညာရှင်များက စာတွေ့လက်တွေ့ သင်ခန်းစာများကို အခါအားလျော်စွာ ပို့ချပေးလျက်ရှိကာ သင်ကြားရေးနှင့် သုတေသနလုပ်ငန်းများ ကိုလည်း ဆောင်ရွက်လျက်ရှိသည်။

သင်တန်းတွင် ရှေးဟောင်းသုတေသန ကွင်းဆင်းတူးဖော်မှု နည်းပညာ၊ ရှေးဟောင်း သုတေသနဆိုင်ရာ သိပ္ပံပညာရပ်များ၊ သမိုင်းမတင်မီ ကာလ ရှေးဟောင်းသုတေသနပညာ၊ အကြိုသမိုင်းကာလ ရှေးဟောင်း သုတေသနပညာ၊ သမိုင်းတင်ကာလ ရှေးဟောင်း သုတေသနပညာ၊ ခေတ်ဟောင်း အနုပညာနှင့် ဗိသုကာပညာ၊ ကျောက်စာနှင့် ဒင်္ဂါးများ လေ့လာမှုပညာ၊ ခေတ်ဟောင်းအနုပညာနှင့် ရုပ်တုဗေဒ၊ ပြတိုက်ပညာ၊ အဆောက်အအုံ ထိန်းသိမ်းပြုပြင်ခြင်း၊ ဓာတုဗေဒနည်းဖြင့် ပြုပြင်ထိန်းသိမ်းခြင်း၊ အမျိုးသားယဉ်ကျေးမှု ဝတ္ထုပစ္စည်းများ ကာကွယ် စောင့်ရှောက် ခြင်းနှင့် လက်တွေ့ ကွင်းဆင်းတူးဖော်မှု ပညာရပ်များကို ပို့ချပေးသည်။

သင်တန်းသားများသည် ရှေးဟောင်း နေရာတစ်ခုကို မတူးဖော်မီပဏာမကွင်းဆင်း လေ့လာမှု၊ လက်တွေ့တူးဖော် သုတေသနပြုလုပ်မှု၊ ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်မှုနှင့် ရှေးဟောင်းအမွေအနှစ် နယ်မြေဒေသများသို့ ကွင်းဆင်း၍ လေ့လာမှုများကို စာတွေ့လက်တွေ့ သင်ယူကြရပြီး ကွင်းဆင်း အစီရင်ခံစာ၊ တူးဖော်မှုအစီရင်ခံစာ၊ ဘွဲ့ယူ စာတမ်းတို့ကို ရေးသားပြုစု ကြရသည်။

ရှေးဟောင်းသုတေသန နည်းပညာ သင်တန်းကျောင်း (ပြည်) ကို ဖွင့်လှစ်ခဲ့သည်မှာ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် ၁၅ နှစ်ပြည့် မြောက်တော့မည်ဖြစ်ရာ ၂၀၀၅-၂၀၀၆ ပညာသင်နှစ်မှ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အထိ သင်တန်းသား ၃၈၇ ဦး တက်ရောက်ခဲ့ကြပြီး ၃၅၄ ဦးသည် ဒီပလိုမာဘွဲ့များကို ရရှိခဲ့ကြသည်။

ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း (Field School of Archaeology)တွင် နှစ်စဉ် ဖွင့်လှစ်ပို့ချလျက်ရှိသည့် ဘွဲ့လွန်အသုံးချ ရှေးဟောင်းသုတေသနပညာ ဒီပလိုမာ တစ်နှစ်သင်တန်းသို့ ဘွဲ့တစ်ခုခု ရရှိထားပြီးသူတိုင်း လျှောက်ထားနိုင်ကြသည်။ လျှောက်ထားသူများအနေဖြင့် ဝင်ခွင့်စာမေးပွဲကို ဖြေဆိုကြရပြီး အောင်မြင်ကြသူများသည် နှစ်စဉ် နိုဝင်ဘာလတွင် စတင်တက်ရောက် သင်ကြားကြရသည်။ ထို့အတူ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၌ တာဝန်ထမ်းဆောင် နေကြသူများကိုလည်း အလှည့်ကျ တက်ရောက်စေလျက်ရှိသည်။

သင်တန်းကာလ ၁၀ လအတွင်း စာတွေ့လက်တွေ့ သင်ကြားကြရပြီး ပထမနှစ်ဝက်စာမေးပွဲနှင့် ဒုတိယနှစ်ဝက် စာမေးပွဲများကို ဖြေဆိုကြ ရသည်။ စာမေးပွဲ ဖြေဆိုအောင်မြင်ကြသူများအား ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမတွင်ကျင်းပသည့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်) ဘွဲ့နှင်းသဘင်၌ဘွဲ့လွန် အသုံးချ ရှေးဟောင်းသုတေသနပညာ ဒီပလိုမာဘွဲ့ (PGDAA)(Post Graduate Diploma in Applied Archaeology) ကို နှစ်စဉ် ချီးမြှင့်လျက်ရှိသည်။

မဟာဝိဇ္ဇာသင်တန်းသို့ တက်ရောက်ရန် အရည်အချင်းပြည့်မီသူများသည် ရန်ကုန်တက္ကသိုလ် ရှေးဟောင်း သုတေသနပညာဌာနတွင် မဟာဝိဇ္ဇာ (ရှေးဟောင်းသုတေသနပညာ) သင်တန်း တက်ရောက်ရန် မဟာဝိဇ္ဇာ ဝင်ခွင့်စာမေးပွဲကို ဖြေဆိုကြရမည်ဖြစ်သည်။

အောင်မြင်သူများသည် ရန်ကုန်တက္ကသိုလ်၌ မဟာဝိဇ္ဇာသင်တန်းမှ စတင်ကာ မိမိတို့၏ အောင်မြင်မှု အရည်အချင်းအလိုက် ပါရဂူဘွဲ့ သင်တန်း အထိ တက်ရောက်ခွင့်ရှိသည်။

လက်ရှိအချိန်တွင်လည်း ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်းဆင်း သင်တန်းသားအချို့သည် ရန်ကုန်တက္ကသိုလ် ရှေးဟောင်းသုတေသနပညာဌာန၌ ဘွဲ့လွန် သင်တန်း အသီးသီးကို တက်ရောက် သင်ယူလျက် ရှိနေကြပေသည်။

ဤသို့ စနစ်တကျ လေ့ကျင့်ပျိုးထောင် ပေးမှုများကြောင့် ရှေးဟောင်းသုတေသန နည်းပညာ သင်တန်းကျောင်း (ပြည်) သည် ရှေးဟောင်းသုတေသန မျိုးဆက်သစ်များ မွေးထုတ်နိုင်ခဲ့ကာ သင်တန်းဆင်း အများစုသည် ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန အပါအဝင် ရှေးဟောင်းသုတေသန ပညာရပ်နှင့် နှီးနွယ်သည့် အလုပ်ဌာန၊ အဖွဲ့အစည်းများ၌ တာဝန်ထမ်းဆောင် လျက်ရှိနေကြပေသည်။

လက်ရှိအချိန်တွင် ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးဝင်းကြိုင်နှင့် ဒုတိယကျောင်းအုပ်ကြီး ဒုတိယ ညွှန်ကြားရေးမှူး ဦးဟံရှိန်တို့၏ ဦးဆောင်မှုနှင့်အတူ သင်ကြားရေး ဆရာ ဆရာမ ၂၆ ဦး၏ တာဝန်ယူ ကြိုးပမ်းမှုဖြင့် ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း (ပြည်) သည် ရှေးဟောင်း သုတေသနပညာ မျိုးဆက်သစ်လူငယ်များကို စဉ်ဆက်မပြတ် မွေးထုတ်ပေး လျက်ရှိနေပေသည်။ ။

ကိုးကား

(၁) မြန်မာ့စွယ်စုံကျမ်းအတွဲ(၉)၊ (၁၁)

(၂) မြန်မာ့ရှေးဟောင်းသုတေသနပညာအတွက် ဆောင်ရွက်ချက်များ (ဦးမြင့်အောင်)

(၃) ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း (၁၀)နှစ်ပြည့် သုတေသနစာစောင်

 

မောင်သာ (ရှေးဟောင်းသုတေသန)

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်