Skip to main content

မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့် အထိမ်းအမှတ်

ဒါရိုက်တာ မောင်ခင်ဇော် (ကေသီပန်)နှင့် ရုပ်ရှင်စကားဝိုင်း

ဒါရိုက်တာကြည်စိုးထွန်း တွေ့ဆုံမေးမြန်းသည်

ဒီတစ်ပတ် ရုပ်ရှင်စကားဝိုင်းကို ကျွန်တော်နဲ့အတူ ဆွေးနွေးမယ့် ပုဂ္ဂိုလ်ကတော့ ခင်ဇော် (ကေသီပန်) ဆိုပြီးတော့ နာမည်ရှိတဲ့သူပါပဲ။ အခုကတော့ ကျွန်တော်တို့ကတော့ ဆရာဦးခင်ဇော်လို့ ခေါ်ဆိုပါတယ်။ ဆရာ ဦးခင်ဇော်ဟာ နာမည်ကျော် လူငယ်ဒါရိုက်တာ မိုက်တီးရဲ့ ဖခင်ဖြစ်သလိုပဲ သရုပ်ဆောင် ချစ်ချစ်ဇော်တို့၊ လင်းဇာနည်ဇော်တို့ရဲ့ ဖခင်လည်း ဖြစ်ပါတယ်။

(၃၁-၁-၂၀၂၀ ရက်နေ့မှအဆက်)

ကြည်စိုးထွန်း ။ ။ ကြည်ကြည်ဌေး၊ မြင့်မြင့် ဌေးကလည်း အဲဒီကပဲ လာတာပဲ ထင်တယ်။

ဦးခင်ဇော်။ ။ ကြည်ကြည်ဌေးက ဇာတ်စင်က လာတာ၊ မြင့်မြင့်ဌေးကတော့ အပြင်က။ ဒါပေမယ့် ပြဇာတ်ထဲကျတော့ သူပါလာတယ်။ သူက လုံးကြီးပေါက်လှလေ။ ရုပ်ရှင်ကား ရိုက်တော့တောင်မှ ဂေါ်ပါမောက္ခဆိုတဲ့ ကားတစ်ကား ရိုက်တယ်။ အဲဒီတုန်းက ဘောလုံးကန်တာ အမျိုးသမီး ဘောလုံးပွဲတွေလေ။

ကြည်စိုးထွန်း ။ ။ အဲဒီတော့ ရုပ်ရှင်နဲ့ပြဇာတ် အစည်းအရုံးကြီး ကျွန်တော်တို့ ဖြစ်လာပြီပေါ့ ဆရာ။ ရုပ်ရှင်နဲ့ ပြဇာတ်အစည်းအရုံးကြီးမှာ ဖြစ်ခဲ့တဲ့ ဥက္ကဋ္ဌနဲ့ အမှုဆောင်တွေကို ဆရာ သိသလောက် ပြောပြပါဦး။

ဦးခင်ဇော်။ ။ ကျွန်တော်တို့ ရုပ်ရှင်နဲ့ ပြဇာတ်အစည်းအရုံးရဲ့ ဦးစီးအဖွဲ့မှာ နာယက သုံးယောက် ထား ထားတယ်။ နာယက သုံးယောက်က ဦးအုန်းမောင် (လန်ဒန်အတ်)၊ ဦးညွန့် (ဗြိတိသျှဘားမား)။

ကြည်စိုးထွန်း ။ ။ ရုပ်ရှင်နဲ့ ပြဇာတ်အစည်းအရုံးမှာလည်း သူတို့ပဲလား ဆရာ။

ဦးခင်ဇော်။ ။ ဟုတ်တယ်။ နေရာလေးတွေသာ ပြောင်းသွားတယ်ပေါ့။ ဒါပဲရှိတယ်လေ လူက၊ ကျွန်တော်တို့က စလုပ်တော့ လူတွေက မရှိ တော့ဘူး။

ကြည်စိုးထွန်း ။ ။ အဲဒီတုန်းက ဥက္ကဋ္ဌက။

ဦးခင်ဇော်။ ။ ဥက္ကဋ္ဌက များသောအားဖြင့် အေဝမ်းက ဦးတင်နွယ်ဖြစ်လိုက်၊ ဦးချန်ထွန်းဖြစ် လိုက်ပါပဲ။

ကြည်စိုးထွန်း ။ ။ အဲဒီနောက် ကျွန်တော်သိသလောက် ဆရာ ရွှေဒုံးဘီအောင်တို့လည်း ဖြစ်ဖူးတယ်နော် ဆရာ။ ဦးတင်မောင် ဥက္ကဋ္ဌ ဖြစ်ဖူးတယ်။

ဦးခင်ဇော်။ ။ ဦးတင်မောင်က ကျွန်တော်တို့ ဒီဘက်ခေတ်အထိ ဥက္ကဋ္ဌလုပ်လာခဲ့တာ။

ကြည်စိုးထွန်း ။ ။ နောက်ကျတော့ ဦးချင်းစိန်၊ ဆရာလည်း အဲဒီမှာ တောက်လျှောက်ပဲနော်။

ဦးခင်ဇော်။ ။ ဦးညီပု လက်ထက်မှာ များတာပေါ့။ ဦးညီပု ပထမလေးနှစ်မှာတော့ ကျွန်တော် အတွင်းရေးမှူးလုပ်ခဲ့ရပါတယ်။

ကြည်စိုးထွန်း ။ ။ ရုပ်ရှင်အစည်းအရုံးမှာ ဆရာက အတွင်းရေးမှူးလည်း လုပ်ခဲ့ရတယ်။

ဥက္ကဋ္ဌလည်းလုပ်ခဲ့ရတယ်။ အဲဒီတော့ တော်တော်များများ ရုပ်ရှင်အစည်းအရုံးမှာ ကျင်လည်ခဲ့ရတာကိုး။ ကျင်လည်ရတော့ အဲဒီက အကြောင်းလေးတွေ နောက်တစ်ခါ ဆရာ့ ဘဝဇာတ်ကြောင်းလေးလည်း သိချင်ပါတယ်။ ရုပ်ရှင်လောကကို ဘယ်လို ရောက်လာတယ်။ ဘယ်ခုနှစ်မှာ ရောက်လာတယ်။ ဘယ်ကုမ္ပဏီကနေ ရောက်လာတယ်ပေါ့ ဆရာ။ တချို့လည်း ဟိုနေ့က ဆရာကြီးတွေ ပြောသလိုဆို တစ်ခါ တည်း မက္ကင်းနစ်ကနေပြီးတော့ ဒါရိုက်တာဖြစ်တဲ့ လူလည်း ရှိတာပေါ့။ ကျွန်တော်တို့ဆိုလည်း ရုပ်ရှင်ထဲ ဝင်လာတဲ့အခါမှာ ကျောင်းတော့ နေသေးတာပေါ့ ဆရာ။ ဘွဲ့ရပြီးတော့မှ ရုပ်ရှင်ထဲဝင်တာကိုး။ အသက် ၃၀ လောက်ပေါ့။ အဲဒီကဝင်တဲ့ အခါကျတော့ တစ်ခါတည်း တန်းဝင် လို့ မရဘူးဆရာ။ အောက်ခြေသိမ်းက ဝင်ရတာ ကိုး။ ရှုတင်မန်နေဂျာ ဘဝကနေပြီးတော့ အောက်ခြေသိမ်းကနေ ဝင်ရတာ။ ဆရာတို့လည်း အဲဒီလိုပဲ ဖြစ်မယ်ထင်တယ်။ တစ်ခါတည်း ရုပ်ရှင်ရဲ့ အခြေခံကျတဲ့နေရာလေးတွေကမှ ဝင်လာပြီးတော့မှ တဖြည်းဖြည်း တိုးတက်လာတဲ့ ဟာပေါ့။ အဲဒါလေးတွေ ပြောပြပါဦး။

ဦးခင်ဇော်။ ။ အဲဒီတော့ ကျွန်တော်ဝင်တာလည်း တော်တော် ခက်ခက်ခဲခဲ ဝင်တာပါ။ ကျွန်တော့် မိဘက ကျောင်းထားတယ်။ ကျောင်းထား တော့ ကျွန်တော် ကျောင်းလာတက်တယ်ပေါ့လေ။ ရန်ကုန်မှာ ကျောင်းလာတက်တယ်။ ကျွန်တော် ၁၉၅၃ ခုနှစ်မှာ ဆယ်တန်းအောင်တယ်။ ကျောင်းတက်နေရင်းကနေပြီးတော့ ကျွန်တော်သိပ်ဝါသနာပါတာက ကင်မရာတို့ ဘာတို့ဆိုတော့ အဲဒါနဲ့ သူတို့ကို လိုက်ရိုက်ပေးတယ်။ ရုပ်ရှင်ကို အလကားလိုက်ရိုက်ပေးတာ။ အဲဒီကနေ ပြီးတော့မှ ကျွန်တော်နောက်တစ်ခါတစ်ဆင့်ပေါ့လေ။ ဆလိုက်တွေ၊ ဘာတွေ အရင်တုန်း က ဆလိုက်ထိုးရတယ်။

ကြည်စိုးထွန်း ။ ။ အခုလည်း ရှိသေးတယ် ဆရာ။ ရုပ်ရှင်ရုံတွေမှာ။

ဦးခင်ဇော်။ ။ အဲဒီဟာလေးတွေလည်း ကျွန်တော် အလကားလုပ်ပေးတယ်။ ဆေးခြယ်တာ။

ကြည်စိုးထွန်း ။ ။ ဪ - ဝါသနာပါတာကိုး။

ဦးခင်ဇော်။ ။ အဲဒီဟာတွေ လုပ်ပေးရင်းနဲ့ ပေါ့လေ။ ရုပ်ရှင်လောကထဲ ဝင်တာ။ ဒါပေမယ့် ချက်ချင်းဝင်လို့မရဘူး။

ကြည်စိုးထွန်း ။ ။ မှန်တာပေါ့ ဆရာ။

ဦးခင်ဇော်။ ။ ကျွန်တော်က အင်တာအထိ သင်ခဲ့ဖူးတာကိုး။ အဲဒီတော့ ကျွန်တော် ဆရာ လုပ်ချင်စိတ်ကလေးကလည်း ရှိတယ်။

ကြည်စိုးထွန်း ။ ။ အဲဒီကနေပြီးတော့ ဆရာရုပ်ရှင်ထဲ ဘယ်လိုရောက်သလဲ။

ဦးခင်ဇော်။ ။ အဲဒီကတည်းကိုက ရုပ်ရှင်ထဲကို ကျွန်တော် လိုက်ရိုက်နေပြီး နောက်ဆုံးကျတော့ ကျွန်တော်ကျောင်းကိုလည်း မလွှတ်နိုင်တော့ဘူး။ ကျောင်းကို ခေါ်တဲ့အချိန်က ဆရာရွှေဒုံး ဘီအောင်။ ကျောင်းမှာ ဆရာလုပ်ပြီး ကောင်းနေတဲ့အချိန် ကျတော့။

ကြည်စိုးထွန်း ။ ။ ဪ- ဘယ်ကျောင်းမှာလဲ ဆရာ။

ဦးခင်ဇော်။ ။ အနုပညာကျောင်းတွေ အဲဒီတုန်းက အပြိုင်အဆိုင်လေ။

ကြည်စိုးထွန်း ။ ။ ကျူရှင်ဆရာပေါ့။

ဦးခင်ဇော်။ ။ အနုပညာသင်ကျောင်း၊ သူက သူငယ်တန်းကနေပြီးတော့ ဆယ်တန်းအထိ ရှိတယ်။ နောက်ပြီးတော့ အခု ဦးလှသိန်း ဓမ္မဗိမာန် လုပ်ထားတဲ့နေရာမှာ ဒေါ်ကြည်ကြည်အလွတ်သင် ကျောင်းဆိုတာရှိတယ်။ ဒီ အင်းလျားတစ်ဝိုက်က မိန်းကလေးတွေ တိုင်းက အဲဒီကျောင်း မှာ ချည်းပဲ။ ကျွန်တော်ကလည်း အဲဒီကျောင်းမှာ ဆရာ ။

ကြည်စိုးထွန်း ။ ။ ဪ- ဒါလုပ်ရင်းနဲ့ကလည်း Still ကလည်း လိုက်ရိုက်နေတယ်။ နောက်ကျတော့ အဲဒီကျောင်းဆရာဘဝကို ဘယ်လိုလုပ် ခွာခဲ့သလဲ။ ဆရာရွှေဒုံးဘီအောင် ဘယ်ကားမှာ ခေါ်ခဲ့တာလဲ ဆရာ။

ဦးခင်ဇော်။ ။ ဤလူ့ဘောင်တွင် ဇာတ်ကားမှာပါ။

ကြည်စိုးထွန်း။ ။ ဪ- ဤလူ့ဘောင်တွင်က သိပ်ကောင်းတဲ့ကား ဆရာ။ ၁၉၅၈ လောက် ဖြစ်မလားမသိဘူး။

ဦးခင်ဇော်။ ။ ရွှေဒုံးဘီအောင် ခေါ်တယ်ဆိုတော့ ကျွန်တော်က အံ့အားသင့်သွားတယ်။ ဒီမတိုင်ခင်က ကျွန်တော်က ဇာတ်ညွှန်းရေးတာကို ဆရာ ဦးချင်းစိန်နဲ့သင်တယ်။

ကြည်စိုးထွန်း။ ။ ဦးချင်းစိန်၊ ရွှေညာမောင်ပေါ့။

ဦးခင်ဇော်။ ။ ဟုတ်တယ်။ ရုပ်ရှင်အစည်းအရုံးကနေပြီးတော့ ဇာတ်ညွှန်းသင်တန်းသင်တော့ အဖြေလွှာတွေကို သူ့ကိုပေးတယ်။ သူက ကျွန်တော့်ကို ပြန်စစ်ခိုင်းတယ်။

ကြည်စိုးထွန်း။ ။ ဆရာ ပဲရော့မှာ လုပ်ဖူးသေးတယ် မလား။ အဲဒီအရင် ကျတာပေါ့နော်။

ဦးခင်ဇော်။ ။ အဲဒီအရင်ပေါ့၊ ပဲရော့ဖလင်က။ ပဲရော့ ဖလင်က ကျောင်းနေရင်းနဲ့။

ကြည်စိုးထွန်း။ ။ ကျောင်းနေရင်းနဲ့ ကျောင်းဆရာ မဖြစ်သေးခင်မှာကို ပဲရော့မှာအဆက် အသွယ်ဖြစ်နေပြီ။ အဲဒီတော့ ဦးဆန်နီ ရှိသေးလား ဆရာ။

ဦးခင်ဇော်။ ။ မရှိတော့ဘူး။

ကြည်စိုးထွန်း။ ။ ဒါတော့ ဦးဖေကြိုင်ပေါ့။ ဦးဖေကြိုင် လက်ထက်မှာပေါ့နော် ဆရာ။

အဲဒီမှာလည်း ဆရာက ရုပ်ရှင်အတွေ့ အကြုံတွေရခဲ့တာပေါ့။ အဲဒီကမှ ဆရာ ကျောင်းဆရာ လုပ်ရင်းနဲ့ ဆရာရွှေဒုံးဘီအောင်က ခေါ်တော့ တစ်ခါတည်း ဒီဘက်ကို စွန့်ပစ်ခဲ့ပြီလား။

ဦးခင်ဇော်။ ။ မစွန့်ပစ်ဘူး။ ကျွန်တော်က သူတို့ဆီက ခွင့်တောင်းတယ်။ ကျောင်းသားတွေဆီက။ ငါ နှစ်နဲ့ချီပြီး တော့ လုပ်လာခဲ့တဲ့ပညာ၊ ရှာလာခဲ့တဲ့ပညာ အဲဒီဟာ အခွင့်အရေးကြုံခိုက်ကလေး ငါ့ကို ခွင့်ပြုပါ။ သိတဲ့အတိုင်း ပဲလေဟိုတုန်းက ဆရာတွေကို သူတို့က ပုဂ္ဂိုလ် စွဲသိပ်ဖြစ် တာ သံယောဇဉ်တအားကြီးတယ်။ ကျွန်တော်ကလည်းကြီးတယ်။ အဲဒီမယ် ဆရာ့ဆီ ကျွန်တော် လိုက်သွားတယ်။

ကြည်စိုးထွန်း။ ။ အဲဒါက မန္တလေးမှာ ရိုက်တာနော်။

ဦးခင်ဇော်။ ။ မန္တလေးရယ်၊ ပတ်ဝန်းကျင်တွေရယ် လျှောက်ရိုက်တယ်ပေါ့။

ကြည်စိုးထွန်း။ ။ ဆရာ နောက်ဆုံး ဒေါ်မြင့်မြင့်ခင်က မော်တော်ကားလေးနဲ့ ဆင်းလာတာက။

ဦးခင်ဇော်။ ။ မေမြို့ သွားရိုက်တာ။

ကြည်စိုးထွန်း။ ။ ဪ- မေမြို့လမ်းလေးလား။

ဦးခင်ဇော်။ ။ အဝင်လေးတင်ပဲရှိတဲ့ တောင်ကမ်း ပါးယံလေးတင်။

ကြည်စိုးထွန်း။ ။ ဆရာ၊ သူတို့က ပေးလိုက်တဲ့ပဝါလေး ကျသွားတာထင်တယ်နော် ဆရာ။

ဪ - မောင်မောင်တာက နောက်ဆုံးမှကျသွားတဲ့ အခန်းလေး။ ကောင်းတယ်ဆရာ။ မြင်ကွင်း ကျယ်ကြည့်ရတာ အဲဒီတုန်းက မန္တလေးရုပ်ရှင်က ထွက်တာ။

ဦးခင်ဇော်။ ။ မြင်ကွင်းကျယ် ပထမဦးဆုံးလေ။

ကြည်စိုးထွန်း။ ။ ဆရာ ရွှေဒုံးနဲ့ ဒါက ဆရာ့ဆရာပေါ့နော်။ တကယ် ဆရာရွှေဒုံးဆီမှာ အလုပ် လုပ်တဲ့အချိန်မှာ ဆရာရွှေဒုံးရဲ့ စိတ်နေသဘော ထားတွေလည်း ကျွန်တော်သိရပါတယ်။ ဆရာရွှေဒုံးနဲ့ ဆရာနဲ့ Editing နဲ့ ပတ်သက်ပြီး ဖြစ်ခဲ့တဲ့ဟာလေး ပြောပါဦး ဆရာ။

ဦးခင်ဇော်။ ။ Editing နဲ့ ပတ်သက်ပြီးတော့ တစ်နေ့ကျ ကျွန်တော်က ကားဆက်လိုက်တယ်။ ကားဆက်ပြီး ပြီးသွားပြီ၊ သူလည်းကြည့်ပြီးပြီ။ နောက်ကျတော့ ရှမ်းပြည်က စော်ဘွားတွေ လာကြည့်ကြတယ်။ ဗမာပြည်ကို ပထမဆုံးရောက်လာတဲ့ စတင်းဘတ်က သူတို့ဆီမယ်ပေါ့။ စီနီမာစကုပ်ကလည်း ပထမဦးဆုံးကား. အဲဒီမှာကျတော့ ပြလည်းပြရော တစ်နေရာလည်း ကျရော မင်းဖျက်ပစ်တယ်တဲ့၊ အဲဒါ မဖျက်ဘူး ဆရာလို့ ဟာ- မင်း ဖျက်ပစ်တယ်ကွာတဲ့၊ မင်းငါ့ကားကို ပျက်စီးအောင် လုပ်တယ်တဲ့။ ဘာမှမဟုတ်ဘူး ဆရာကဆိုတော့ ကျွန်တော်က မျက်ရည်ကျတယ် တစ်ခါတည်း။ ဒီလောက်ကြီး လုပ်ပေးခဲ့ပြီးတော့မှဆိုပြီး ကျွန်တော် ပြန်သွားတယ်၊ တည်းတဲ့ အိမ်ရောက်တယ်။ တည်းတဲ့ အိမ်ရောက်တော့ အိပ်ရာတွေ ဘာတွေ လိပ်နေပြီ ကျွန်တော်။ ဟေ့ကောင် တပည့်လာလာ ထိုင်ဆိုပြီးတော့ သူ့ခုတင်ဘေးမှာ ထိုင်ခိုင်းတယ်။ တပည့်က ဆရာ့ရဲ့ ညာဘက်လက်ကွတဲ့၊ မင်းသွားလို့ရှိရင် ငါလက် ပြုတ်သွားမှာပေါ့တဲ့။ အလုပ်လုပ်လို့ မရတော့ဘူး မသွားနဲ့တဲ့။

ကြည်စိုးထွန်း။ ။ ဪ- ပြန်တားတယ်။

ဦးခင်ဇော်။ ။ နောက်ကျတော့ သူဘာမှမဟုတ်ဘူး။ ဒါမျိုး ကျွန်တော် သွားပြီးနောက်ကြုံတယ်။ ကိုအောင်လွင်ကြီးလေ အဲဒီလိုပဲ ကိုအောင်လွင် ဖြစ်တယ်။ ကျွန်တော် အားပေးတယ် သူ့ကို။ ဟာ- ခင်ဗျား အားမပျက်နဲ့။ ကျွန်တော့်တုန်းက ဒီလိုဖြစ်ခဲ့ဖူးတယ်။ ဘာမှ ဟုတ်တာ မဟုတ်ဘူး ခင်ဗျား။ မနက်ကျ ကြည့်ကောင်း သွားလိမ့်မယ်။

ကြည်စိုးထွန်း။ ။ သူက ခေါင်းရှုပ်နေတာပေါ့နော်။ ခေါင်းရှုပ်တော့ ဆန်ရင်းနာနာဖွပ်တာပေါ့။ တပည့်ရင်းတွေပဲ ဆူမှာပေါ့လေ ဆရာ။ ဆရာ ရွှေဒုံးက တကယ့်ကို သွက်လက်ပြီးတော့ စကားပြောရင် ရိုးရိုးစင်းစင်း ဆရာ။ သူ့မှာ ဟန်မရှိဘူး၊ ကျွန်တော် သိရသလောက်တော့ ဟန်မရှိဘူး။ ဘွင်းဘွင်းလင်းလင်းကြီးနဲ့လေ၊ လူကတကယ့် ခင်မင်စရာကောင်းတဲ့ လူကြီးပေါ့နော်၊ ဆရာကြီးပါပဲ၊ ပြောတာ ဆိုတာ နားထောင်ရတာပေါ့နော်။

ဦးခင်ဇော်။ ။ သူမကောင်းတာ လုပ်ခဲ့တာတွေလည်းပြောတယ်။

ကြည်စိုးထွန်း။ ။ ပွင့်ပွင့်လင်းလင်းပဲ။ ဘွင်းဘွင်းကြီး ပေါ့ဆရာ၊ ဟန်မဆောင်ဘူး။ ကောင်းတယ် ဆရာနော်။

ဦးခင်ဇော်။ ။ ဟာ - ငါ ဒီလိုလုပ်ခဲ့တယ်ကွာ။

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့ဆရာ။ အဲဒီကနေ ဟိုဘက် ကျွန်တော်တို့ ဆက်ကြရအောင်ဆရာ။ ရုပ်ရှင်အစည်းအရုံးဘက်နဲ့ နောက်တစ်ခါ ကျတော့ ရွှေရတုဘက်ပေါ့ ဆရာ။ နောက် ၁၉၄၅ ခုနှစ်မှာ ငွေရတုကို စက်မှုပြပွဲနဲ့ တွဲပြီးတော့ ၁၉၄၇ ခုနှစ်ကျမှ ကျွန်တော် တို့က လုပ်နိုင်တာ။ နောက် ၁၉၇၀ ပြည့်နှစ်ကျတော့ ရုပ်ရှင်ရွှေရတုရောက်ပြန်ပြီဆရာ။ အဲဒီခေတ်ရောက်တဲ့ အခါကျတော့ မင်းသားမင်းသမီးတွေလည်း ကျွန်တော်တို့ သိလာပြီပေါ့ ဆရာ။ အသံထွက်လည်းဖြစ်လာပြီ။ အဲဒီအချိန်မှာ မြင်ကွင်းကျယ်တွေလည်း ကြည့်လာရပြီဆို တော့ အဲဒီအချိန်မှာ ဆရာတို့က ရုပ်ရှင်အစည်းအရုံးမှာလည်း ထဲထဲဝင်ဝင်ဖြစ်ပြီးတော့ ရွှေရတုမှာလည်း ဆရာတို့ကပဲ ဦးစီးပြီးတော့ လုပ်သွားတဲ့အပိုင်းကို ကျွန်တော် မြင်ပါတယ်။ အဲဒီအကြောင်းလေးတွေ ပြောပါဦး ဆရာ။

ဦးခင်ဇော်။ ။ သူကလုပ်မယ် မလုပ်ဘူး၊ လုပ်မယ်မလုပ်ဘူးနဲ့ အတော်ကိုတစ်လစ်ကလေး ဖြစ်နေတာ အနားနီးတော့မှ ကပ်ပြီးတော့ လုပ်မယ်ဆိုပြီးတော့။

ကြည်စိုးထွန်း။ ။ အဲဒါကလည်း ဆရာတို့ ရုပ်ရှင်အစည်းအရုံးကပဲ ဆုံးဖြတ်ပြီး လုပ်လိုက် တာလား။ နိုင်ငံတော်ပိုင်းက ပါသေးလား ဆရာ။

ဦးခင်ဇော်။ ။ မပါ ပါဘူး။

ကြည်စိုးထွန်း။ ။ ဪ- နိုင်ငံတော်ပိုင်းက မပါဘူး။ ရုပ်ရှင်လောကသား သက်သက်ပဲ လုပ်ကြတာပေါ့ ဆရာ။

ဦးခင်ဇော်။ ။ အဲဒီမှာလည်း ကျွန်တော်တို့ချည်းပဲ လုပ်ရတယ်ဆိုပေမယ့်လို့ တော်တော် စည်စည် ကားကား ဖြစ်သွားတယ်။ ကျွန်တော် ဥပမာပြောရရင် ဆရာကြီး ဦးညီပုပေါ့။ သူကထုတ်လုပ်မှု အခြေခံအဖွဲ့မှာ သူက ဥက္ကဋ္ဌ။ ကျွန်တော်က အတွင်းရေးမှူး။ ရုပ်ရှင်အစည်းအရုံးမှာ သူက ဥက္ကဋ္ဌ။ ကျွန်တော်က အတွင်းရေးမှူး အဲဒီလိုဖြစ်နေတယ်။ ကျွန်တော်တို့က နှစ်ယောက်စလုံးက ဆရာကြီးဦးညီပုဆိုလို့ရှိရင် သူ့ကို ကျွန်တော် အပင်ပန်း မခံခိုင်းဘူး။ သူလုပ်ရမယ့် ဟာတွေ မှန်သမျှ ဘယ်ကလာတယ်။ ဘာလုပ်ပေးပါဆိုရင် ကျွန်တော်က စာရေးတယ်။ ကျွန်တော်ကရေး ရေးပြီးတော့ အဲဒါထား လိုက်တယ်။ ပြီးတော့ ဟိုကလာတယ် လိုက်ရေး၊ ဒီနေ့ ဆရာ့ ဆရာကြီး ကျွန်တော်တို့ ဘယ်သူလာတယ်၊ ဘာညာ အဲဒီအတွက်ကို ကျွန်တော်ဒီစာ ရေးထားတယ် ပြလိုက်တာ ဖတ်ကြည့်တော့။

ကြည်စိုးထွန်း။ ။ တကယ် အတွင်းရေးမှူး အစစ်ပဲ ဟုတ်လား။

ဦးခင်ဇော်။ ။ အဲဒီလိုကို လုပ်တာ။ အဲဒီလိုလုပ်တော့ သူကလည်း ကိုယ့်ကို တအားခင်တယ်။ ငွေသုံးတဲ့စာရင်း လုံးဝမရှိဘူး။ ဘာဖြစ်လို့ မရှိလဲဆိုတော့ တစ်ခါတည်း ရှင်းသွားတာ။ ကျွန်တော် တို့ ဒီနေ့ဘာပွဲရှိတယ်။ ဦးဟန်သိန်း ရွှေဟင်္သာရုပ်ရှင်က ဦးဟန်သိန်း တာဝန်ယူပါ သူ့ပိုက်ဆံ စိုက်သွား။

ကြည်စိုးထွန်း။ ။ ဪ- ဒါပြီးရော စာရင်းက ရှင်းစရာ မလိုတော့ဘူး သူ့ဟာနဲ့သူဆိုတော့။

ဦးခင်ဇော် ။ ။ အဲဒီတုန်းက စံပြရုပ်ရှင်က ဦးကျင်စိန်။ ဒါတာဝန်ယူပါ၊ ပြီးသွားရော ကျွန်တော်တို့က အဲဒီလို လုပ်ခဲ့တယ်။

ကြည်စိုးထွန်း ။ ။ အဲဒီတော့ ဆရာ ရွှေရတုကို လုပ်ခဲ့ပုံလေး ပြောပါဦး။

ဦးခင်ဇော်။ ။ အဲရွှေရတုကို အဲဒီကြားထဲကနေဖြစ်အောင် လုပ်ပေးခဲ့တယ်။ ဖြစ်အောင် လုပ်တယ်ဆိုတော့ အကုန်လုံးဖိတ်တယ်။ ဖိတ်ပြီးတော့လာပါ၊ ဒါတွေလုပ်ပေးပါ၊ ကျွန်တော်တို့မှာ ရက်က ရက်ပိုင်းလောက်ကလေး ရှိတယ်ဆိုပြီးတော့ လုပ်ပေးပါဆိုပြီးတော့ ကျွန်တော်တို့ လွယ်အိတ်တွေမှာ မင်းသားမင်းသမီးပုံတွေ ရိုက်၊ ရိုက်ပြီး အဲဒီလွယ်အိတ် ရောင်းတယ်။ နောက်ပြီးတော့ ဂျာစီအင်္ကျီတွေ ရိုက်၊ ရိုက် ပြီးတော့ ရောင်းတယ်။ နောက်တံဆိပ်ကလေးတွေ ရောင်းတယ်။ အဲဒီရောင်းတဲ့ဟာကကို မနည်းတော့ဘူး။

ကြည်စိုးထွန်း ။ ။ ရန်ပုံငွေ ရလာပြီပေါ့။

ဦးခင်ဇော် ။ ။ ရန်ပုံငွေရတယ်။ နောက်ပြီးတော့ စည်လည်း စည်ကားတယ်။

ကြည်စိုးထွန်း ။ ။ နေဦးဆရာ၊ အဲဒီအချိန်တုန်းက ကျွန်တော်တို့ အသံတိတ်ကားတွေကို ရုပ်ရှင်ရုံမှာ ပြပြီးတော့ တစ်ခါတည်း ကိုဝင်းဦးတို့ပေါ့နော် အဲဒီမှာ ဝင်ပြီးတော့ တီးဝိုင်းနဲ့ဘာနဲ့ ဆိုကြတီးကြတာတွေလည်း ရှိတယ်ထင်တယ် ဆရာ။ တော်တော် စည်စည်ကား ကားပဲ ဆရာ။

ဦးခင်ဇော် ။ ။ ဟုတ်ကဲ့ ရှိပါတယ်။ အဲဒီဟာ ပြောရင်တော့ နည်းနည်းတော့ ထိပ်ကလေးတော့ အစပျိုးလိုက်ဦးမယ်၊ ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်တို့က အသံထွက်ကို ကူးတဲ့နေရာမှာ သံစုံသွင်း ဆိုတာလေး ကျန်သေးတယ်။

ကြည်စိုးထွန်း ။ ။ ဟုတ်တာပေါ့ ဆရာ၊ ကြားခံရှိတယ်။

ဦးခင်ဇော် ။ ။ အဲဒီသံစုံသွင်းမယ်လည်း ကိုဝင်းဦး ရောက်လာပြီးတော့ အဲဒီ သူလုပ်တဲ့ ဟာမှန်သမျှကို ရုပ်ရှင်အစည်းအရုံးက တာဝန်မယူပါဘူး။ သူအကုန်ယူသွားတာ တီးဝိုင်းသမား တွေလည်း သူ ကျွေးသွားတယ်။ အကုန်လုံး သူ့ဟာသူ လုပ်သွားတာ။

ကြည်စိုးထွန်း ။ ။ တော်တာပဲ ဆရာ။ သူလည်း တကယ်အနုပညာစိတ်ရှိတာပဲ။

ဦးခင်ဇော် ။ ။ ကျွန်တော်တို့လည်း အဲဒီလိုပဲ ကိုယ့်ဟာကိုယ် လုပ်တယ်ပေါ့လေ။

ကြည်စိုးထွန်း ။ ။ အင်းလျားကန်ဟိုတယ်မှာ ဆရာတို့။

ဦးခင်ဇော် ။ ။ ဪ- အဲဒီဟာလေး ပြောရင်တော့ရပါတယ်။ ကျွန်တော်တို့ နှစ်ပိုင်းခွဲလုပ်တယ်။ အထက်မြန်မာပြည်နဲ့ အောက်မြန်မာပြည်။

ကြည်စိုးထွန်း ။ ။ ဪ- ဟုတ်ပြီ ဆရာ၊ အထက်မြန်မာ ပြည်သွားတာတွေလည်း ကျွန်တော် တို့ဓာတ်ပုံတွေ တွေ့ဖူးတယ် ဆရာ။

ဦးခင်ဇော် ။ ။ အဲဒီမှာ ဆရာဦးသုခ၊ ဦးမောင်မောင်အေး၊ ဒေါ်ခင်မေလင်း၊ ဒေါ်တင်တင်နွဲ့၊ ကိုစိုးရွှေ။

ကြည်စိုးထွန်း ။ ။ ဟိုမှာက ဒေါ်မေရှင် ရှိတယ်။

ဦးခင်ဇော် ။ ။ ဒေါ်မေရှင် ရှိတယ်။ ဒေါ်သိန်းရင်တို့၊ ဘာတို့ ရှိတယ်။ ဆရာ ဦးဘရှင်ကြီး ရှိတယ်။

ကြည်စိုးထွန်း ။ ။ ဪ- ဦးဘရှင်ကြီး၊ ဟုတ်ကဲ့ ဆရာ။

ဦးခင်ဇော် ။ ။ အဲဒီတော့ သူတို့နဲ့ ဟိုမှာ လုပ်တယ်။ ဘယ်မှာလုပ်သလဲဆိုတော့ ဝင်းလိုက်ရုံမယ်။

(ဆက်လက်ဖော်ပြပါမည်။)

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်