၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အထောက်အကူပြု မြန်မာစာဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ
မေးခွန်းပုံစံသစ်
ယခု ပို့ချချက်သည် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသူကျောင်းသားများအတွက် ‘‘ မြန်မာစာ ဘာသာရပ်ဆိုင်ရာ သိမှတ် ဖွယ်ရာများ ’’ ဖြစ်ပါသည်။ ဤပို့ချချက်သည် မြန်မာစာပြဋ္ဌာန်းစာများကို လေ့လာကျက်မှတ်ရာတွင် လည်းကောင်း၊ စာမေးပွဲအတွက် ပြင်ဆင်ရာတွင် အဆင်ပြေချောမွေ့စေရန် လည်းကောင်း၊ စာမေးပွဲကို ထူးချွန်ပေါက်မြောက်စွာ ဖြေဆိုနိုင်စေရန်လည်းကောင်း ရည်ရွယ်ပါသည်။ ယခု ၂၀၂၀ ပြည့်နှစ်တွင် ဖြေဆိုရမည့် မေးခွန်းပုံစံသည် ၂၀၁၉ မတ်လတွင် စတင်စစ်ဆေးခဲ့သော မေးခွန်းပုံစံသစ်အတိုင်း ဖြစ်ပါသည်။ မြန်မာစာဘာသာရပ် မေးခွန်းပုံစံသစ် သည် ကျောင်းသူ ကျောင်းသားများ သင်ခန်းစာကို နှုတ်တိုက်အလွတ်ကျက် မှတ်ခြင်းကိုလျှော့ချပြီး တစ်နှစ်ပတ်လုံး သင်ယူလေ့လာဆည်းပူး ထားသည့် သင်ခန်းစာများကို ကိုယ်ပိုင်စဉ်းစားတွေးခေါ်မှု၊ ကိုယ်ပိုင်တီထွင်ဖန်တီးနိုင်မှု၊ ကိုယ်ပိုင်ရေးသားတင်ပြမှု၊ ကိုယ်တိုင် ဆုံးဖြတ် နိုင်မှုစွမ်းရည်တို့ဖြင့် ပေါင်းစပ် ကာ ဖြေဆိုနိုင်မည့်ပုံစံသို့ ဦးတည်ပြောင်းလဲထားခြင်း ဖြစ်သည်။ ယခုပို့ချချက် တွင် မေးခွန်းပုံစံသစ်နှင့်အညီ အံဝင်ခွင်ကျ ဖြေဆိုနိုင်ရေးအတွက် ဆွေးနွေး တင်ပြသွားမည် ဖြစ်ပါသည်။
မြန်မာစာဘာသာရပ်သည် ဘာသာစကားနှင့်စာပေအရေးအသားကို ပြုစုပျိုးထောင်ပေးသော ဘာသာရပ်ဖြစ်သည့်အလျောက် မြန်မာစာဘာသာရပ် ကို လေ့လာရာတွင် တွေးခေါ်စဉ်းစားသည့် အလေ့အထ၊ စာရေးသားသည့် အလေ့အကျင့်များစွာ လိုအပ် ပါသည်။ လက်ရှိအခြေအနေတွင် ကျောင်းသား ကျောင်းသူများသည် မြန်မာစာဘာသာရပ်ကိုလေ့လာရာတွင် အလွတ် ကျက်မှတ်ဖြေဆိုမှုကို လွန်ကဲစွာ အားပြုနေကြသည့်အတွက် အလွတ် ကျက်မှတ်မှုနှင့် ကိုယ်ပိုင်တွေးခေါ်စဉ်းစားဖန်တီး ရေးသားနိုင်မှုတို့ကို ဟန်ချက် ညီညီပေါင်းစပ်ဖြေဆိုနိုင်ရန် မေးခွန်းပုံစံကို ပြောင်းလဲထားပါသည်။ သို့ဖြစ်ရာ ကျောင်းသား ကျောင်းသူများအနေဖြင့် မေးခွန်းပုံစံသစ်၏ ဦးတည်ချက်အတိုင်း အံဝင်ခွင်ကျဖြစ်အောင် လေ့လာဖြေဆိုကြရန် အထူး လိုအပ်လှပါသည်။
ပြဋ္ဌာန်းစာနှင့် မေးခွန်းဖွဲ့စည်းမှု
ဒသမတန်း(တက္ကသိုလ်ဝင်တန်း)မြန်မာစာဘာသာရပ်အတွက် လေ့လာ သင်ယူရန် သတ်မှတ်ပြဋ္ဌာန်းထားသော စာအုပ်(၄)အုပ် ရှိပါသည်။ အဆိုပါ စာအုပ်(၄)အုပ်မှာ မြန်မာသဒ္ဒါ အတွဲ(၂) အခန်း(၆)၊ ဒသမတန်း မြန်မာ ကဗျာလက်ရွေးစင်၊ ဒသမတန်း မြန်မာစကားပြေလက်ရွေးစင်၊ ရေသည်ပြဇာတ် တို့ ဖြစ်ပါသည်။
မြန်မာစာမေးခွန်းသည် ၃ နာရီဖြေဆိုခွင့်ပြုသော မေးခွန်းဖြစ်ပါသည်။ မေးခွန်းတွင် မေးခွန်းကြီး (၆) ပုဒ်ပါဝင်ပါသည်။ သဒ္ဒါပြဋ္ဌာန်းချက်ကိုမေးသည့် သဒ္ဒါမေးခွန်းကြီး (၁) ပုဒ်၊ ဒသမတန်း ကဗျာလက်ရွေးစင်၊ ဒသမတန်းစကားပြေ လက်ရွေးစင်နှင့် ရေသည်ပြဇာတ်တို့မှ ဝေါဟာရများ၊ အလင်္ကာများနှင့် ပြဋ္ဌာန်းစာအုပ်အားလုံးမှ စာလုံးပေါင်းသတ်ပုံတို့ပါဝင်သည့် မေးခွန်းကြီး (၁)ပုဒ်၊ ကဗျာလက်ရွေးစင်မှ ကဗျာဓမ္မဓိဋ္ဌာန်မေးခွန်းတိုနှင့် ကဗျာမေးခွန်းရှည် တို့ပါဝင်သည့် ကဗျာမေးခွန်းကြီး (၁) ပုဒ်၊ ဒသမတန်းစကားပြေ လက်ရွေးစင်မှ စကားပြေဓမ္မဓိဋ္ဌာန်မေးခွန်းတိုနှင့် စကားပြေမေးခွန်းရှည်တို့ ပါဝင်သည့် စကားပြေ မေးခွန်းကြီး (၁) ပုဒ်၊ ရေသည်ပြဇာတ်မှ စကားစပ်နှင့် မေးခွန်းရှည် တို့ပါဝင်သည့် ရေသည်ပြဇာတ် မေးခွန်းကြီး (၁) ပုဒ်၊ အဆိုဆွေးနွေးနှင့် စာစီ စာကုံးတို့ပါဝင်သည့် ကိုယ်ပိုင်အရေးအသားအတင်အပြ မေးခွန်းကြီး(၁)ပုဒ် စုစုပေါင်းမေးခွန်းကြီး (၆) ပုဒ် ပါဝင်သည်။ မေးခွန်းတိုင်းတွင် မေးခွန်းပုဒ်ခွဲများ ပါဝင်ပြီး ရွေးချယ်စရာမေးခွန်းများလည်း ပါဝင်ပါသည်။
မေးခွန်းတစ်ပုဒ်ချင်း ရှင်းလင်းချက်
မေးခွန်းနံပါတ် ၁
တက္ကသိုလ်ဝင်တန်း မြန်မာစာမေးခွန်းလွှာတွင် မေးခွန်းနံပါတ်(၁)မေးခွန်း သည် မြန်မာသဒ္ဒါ မေးခွန်းဖြစ်ပါသည်။ ထိုမေးခွန်းတွင် ကျက်မှတ်မှုနှင့် လေ့ကျင့်မှုကို ဟန်ချက်ညီစွာ ပေါင်းစပ်ထားပါသည်။ မြန်မာသဒ္ဒါမေးခွန်းတွင် အဓိကအားဖြင့် အပိုင်းနှစ်ပိုင်း ပါဝင်ပါသည်။ အဓိပ္ပာယ်ဖွင့်ဆို သတ်မှတ် ချက်များ၊ သဒ္ဒါသဘောတရားများကို စစ်ဆေးသည့်အပိုင်းနှင့် မြန်မာသဒ္ဒါ ဆိုင်ရာ အချက်အလက်များကို မည်မျှလက်တွေ့အသုံးချနိုင်သည်ကို စစ်ဆေး အကဲဖြတ်သည့်အပိုင်းတို့ ဖြစ်ကြပါသည်။
မေးခွန်း ၁(က)ဖြစ်သည့် ပထမပိုင်းတွင် မြန်မာစကားဆိုင်ရာ မေးခွန်း နံပါတ် ၁(က)သည် သဒ္ဒါ ပြဋ္ဌာန်းစာအုပ်မှ အပိုင်းသုံးပိုင်း ဖြစ်သော မြန်မာစာ၊ မြန်မာစကားဆိုင်ရာ သိမှတ်ဖွယ်ရာများအပိုင်း၊ ဝါစင်္ဂဆိုင်ရာသိမှတ်ဖွယ် များအပိုင်း၊ ဝါကျဆိုင်ရာ သိမှတ် ဖွယ်များ အပိုင်းတို့မှ အဓိပ္ပာယ်ဖွင့်ဆို သတ်မှတ်ချက်များ၊ ရှင်းလင်းဖော်ပြချက်များကိုမေးသည့် မေးခွန်းဖြစ်ပါသည်။
မေးခွန်းသည် ကျက်မှတ်မှုကို အားပြုသည့်မေးခွန်းဖြစ်သည့်အတွက် ကျက်မှတ်ထားမှသာ တိတိကျကျဖြေဆိုနိုင်မည် ဖြစ်ပါသည်။ ဤမေးခွန်းကို ဖြေဆိုရန်အတွက် ရွေးချယ်စရာသုံးပုဒ်ပေးထားပြီး တစ်ပုဒ်ကိုသာ ဖြေဆိုရ မည်ဖြစ်သည်။ ပေးမှတ်မှာ (၅) မှတ်ဖြစ်သည်။ တိတိကျကျ ဖြေဆိုနိုင်လျှင် အမှတ်ပြည့်ရသည့် မေးခွန်း ဖြစ်သည်။ ဤမေးခွန်းအတွက် သဒ္ဒါစာအုပ်၏ အပိုင်းသုံး ပိုင်းစလုံးကို ကျေညက် နေရန် လိုအပ်ပါသည်။ အပိုင်းတစ်ပိုင်းပိုင်းကိုချန်လှပ်ကျက်မှတ်ခြင်းမျိုး မပြုသင့်ပေ။ မေးခွန်းပုံစံ သစ်အဖြစ် ပြောင်းလဲထားသည်ဖြစ်ရာ သမားရိုးကျ အတိုင်းမေးမည်ဟု ယူဆထား၍မရနိုင်ပါ။ မေးရိုးမေးစဉ်အတိုင်း စာရှစ်စာမှ တစ်ပုဒ် ပါမည်၊ အက္ခရာပြောင်းလဲပုံမှ တစ်ပုဒ်ပါမည် စသည်ဖြင့် ယူဆထား ၍မရပါ။ စာရှစ်စာမပါဘဲ၊ အက္ခရာ ပြောင်းလဲပုံမပါဘဲ မေးလာခြင်းမျိုးလည်း ဖြစ်နိုင်ပါသည်။ ဤမေးခွန်းသည် သဒ္ဒါနှင့်ပတ်သက်၍ စေ့စေ့စပ်စပ်သိရှိရန် ရည်ရွယ် ခြင်းဖြစ်သဖြင့် စေ့စေ့စပ်စပ် လေ့လာကျက်မှတ်ထားရန် လိုအပ်ပါသည်။
နမူနာ
၁။ (က) အောက်ပါတို့အနက် တစ်ခု အကြောင်းကို ဖော်ပြပါ။ (၅မှတ်) မလှုပ်ရှားနိုင်သောစကားသံဖြစ် အင်္ဂါ ၅ မျိုး၊ မြန်မာပါဌ်ဆင့်၊ ဝါကျ ရော။
ဤမေးခွန်းတွင် သဒ္ဒါစာအုပ်၏ အပိုင်းသုံးပိုင်းမှ ထုတ်နုတ်မေးရာတွင် ပြဋ္ဌာန်းစာအုပ်ပါအတိုင်း ၏သည်မလွဲ တစ်သဝေမတိမ်း မေးမည်ဟု ယူဆ၍ မရနိုင်ပါ။ ဆိုလိုသည်မှာ နမူနာတွင်ပါရှိသော မေးခွန်း၌ မလှုပ်ရှားနိုင်သော စကားသံဖြစ်အင်္ဂါ (၅) မျိုးကို မေးထားပါသည်။ ပြဋ္ဌာန်းစာအုပ်တွင် မလှုပ် ရှားနိုင်သော စကားသံဖြစ်အင်္ဂါ (၇)မျိုး (လည်ချောင်း၊ အာခေါင်ပျော့၊ အာခေါင်မာ၊ အာထိပ်၊ သွား၊ အထက်နှုတ်ခမ်း၊ နှာခေါင်း) ကို ဖော်ပြထားသော်လည်း မေးခွန်း တွင်(၅)မျိုးကိုသာ မေးသဖြင့် ပြဋ္ဌာန်းစာအုပ်ပါ (၇)မျိုးမှ မိမိနှစ်သက်ရာ(၅)မျိုးကိုသာ ဖြေဆိုရန် ဖြစ်ပါသည်။
မေးခွန်း ၁(ခ) ဒုတိယပိုင်းတွင် မြန်မာသဒ္ဒါဆိုင်ရာ အချက်အလက်များကို လက်တွေ့ကျကျ မည်မျှသိရှိသည်၊ မည်မျှအသုံးချ နိုင်သည် ဆိုသည်ကို စစ်ဆေး အကဲဖြတ်သည့် မေးခွန်းဖြစ်ပါသည်။ တစ်နည်းအားဖြင့် သဒ္ဒါလေ့ကျင့်ခန်း မေးခွန်းဟု ဆိုနိုင်ပါ သည်။ မြန်မာသဒ္ဒါပြဋ္ဌာန်းချက်ပါ သင်ခန်းစာများမှ ကျောင်းသားကျောင်းသူများ အမှန်တကယ်နားလည်ဖြေဆိုနိုင်မည့် လက်တွေ့ လေ့ကျင့်ခန်းအမျိုးမျိုးကို မေးမြန်းမည်ဖြစ်ပါသည်။ သဒ္ဒါလေ့ကျင့်ခန်းများကို ဖြေဆိုနိုင်ရန်အတွက် သဒ္ဒါစာအုပ်မှ သဘော တရားများကို ကောင်းစွာနားလည် သဘောပေါက်အောင်လေ့လာပြီး လေ့ကျင့်ခန်းများကို အထပ်ထပ်အခါခါ လေ့ကျင့်ထားရမည် ဖြစ်သည်။
ဤမေးခွန်းတွင် ယခင်ကမေးလေ့ရှိသည့် သဒ္ဒါစကားလုံးနှင့်သဒ္ဒါအမျိုး အစားမေးခွန်းမျိုးကို မေးနိုင်သကဲ့သို့ သဒ္ဒါစကားလုံး ဖွဲ့စည်းရေးသားစေခြင်း (ဥပမာ - ပေါင်းစပ်နာမ်စကားလုံး၊ ပေါင်းစပ်ကြိယာ စကားလုံး၊ ကြိယာဝိသေသန စကားလုံး ဖန်တီးရေးသားစေခြင်း)၊ ဝါကျတွင်းပုဒ်အထားအသို ပြင်ဆင်ရေးဖွဲ့ စေခြင်း၊ ပေးထားသောဝါကျတွင် ဆီလျော်သော သဒ္ဒါစကားလုံး ဖြည့်စွက် ရေးသားစေခြင်း စသည့် သဒ္ဒါလေ့ကျင့်ခန်းမေးခွန်းအမျိုးမျိုးကို တိုးချဲ့မေးမြန်း နိုင်ပါသည်။
နမူနာ-
၁။ (ခ) ပေးထားသောစကားလုံးများမှ ငါးခု ကို ခနဲ ပစ္စည်းဆက်၍ ကြိယာ ဝိသေသနအဖြစ် ဝါကျတစ်ခုစီတွင် သုံးပြပါ။ (၁၀မှတ်)
အေး၊ လက်၊ ဗြုန်း၊ ဝေါ၊ ဝင်း၊ ဝုန်း၊ ဆတ်။
ဤမေးခွန်းသည် သဒ္ဒါကိုအလွတ်ကျက်မှတ်ခြင်းထက် သဒ္ဒါနှင့်ပတ်သက်၍ လေ့လာထားသည်များကို စဉ်းစားဆင်ခြင်ပြီး လက်တွေ့အသုံးချရသည့် လေ့ကျင့်ခန်း မေးခွန်းမျိုးဖြစ်သည်။ သဒ္ဒါနှင့် ပတ်သက်သည့် လေ့ကျင့်ခန်းများကို နားလည်သဘော ပေါက်အောင် အကြိမ်ကြိမ်လေ့လာ လေ့ကျင့်ထားသင့်ပါသည်။ သဒ္ဒါကိုနားလည်ပြီး လက်တွေ့အသုံးချသည့်အပိုင်းသို့ ဦးတည် ထားခြင်းဖြစ်ရာ လက်တွေ့ဘဝတွင် ပြောဆိုအသုံးပြုနိုင်အောင် လေ့လာထားသင့်ပါသည်။ နမူနာမေးခွန်းတွင် မိမိကိုယ်တိုင် လက်တွေ့ဘဝ၌ အသုံးပြုသည့်ပုံစံအတိုင်း ရေးသားဖြေဆိုသင့်ပါသည်။
ဥပမာ -
ဝုန်း - ခနဲ ပစ္စည်းဆက်၍ ကြိယာဝိသေသနအဖြစ်သုံးခြင်း သစ်ပင်ကြီးမှာ လေပြင်းတိုက်သဖြင့် ဝုန်းခနဲ လဲကျသွားသည်။
မေးခွန်းနံပါတ် ၂
မေးခွန်းနံပါတ်(၂)သည် ပြဋ္ဌာန်းစာအုပ်များမှ ဝေါဟာရဆိုင်ရာမေးခွန်း ဖြစ်ပါသည်။ ဤမေးခွန်းတွင် မေးခွန်းပုဒ်ခွဲသုံးပုဒ် ပါဝင်ပါသည်။ ပုဒ်ရေအရေ အတွက် အပြောင်းအလဲ မရှိပါ။ ပုဒ်ခွဲ သုံးပုဒ်တွင် ၂(က)သည် ခက်ဆစ်မေးခွန်း၊ ၂(ခ)သည် စာလုံး ပေါင်း သတ်ပုံမေးခွန်း၊ ၂(ဂ)သည် အလင်္ကာမေးခွန်းတို့ ဖြစ်ပါ သည်။
မေးခွန်းနံပါတ် ၂(က)သည် ကဗျာ၊ စကားပြေနှင့် ရေသည်ပြဇာတ် စာအုပ် များမှ ဝေါဟာရများကို ခက်ဆစ်ဖွင့်ဆို ခိုင်းခြင်းဖြစ်ပါသည်။ (၇)ခု ပေးထားပြီး(၅)ခု ဖြေဆိုရပါမည်။ ရှေးသုံးခေတ်သုံးမခွဲခြားဘဲ ပြဋ္ဌာန်းစာအုပ်ပါ ဝေါဟာရ အားလုံးကို ခက်ဆစ်ဖွင့်ဆိုစေမည် ဖြစ်ပါသည်။
နမူနာ
၂။ (က) အောက်ပါဝေါဟာရတို့အနက် ငါးခု၏ အဓိပ္ပာယ်ကို တိကျစွာ ဖော်ပြ ပါ။ (၅ မှတ်)
ရေးတော်၊ ကလိုင်၊ သောင်းပြောင်း၊ ရွံရှာ၊ တစ်ပတ်နွမ်း၊ စကားဖန်၊ လှမနော်။
ခက်ဆစ်မေးခွန်းကို ဖြေဆိုရာတွင် ပြဋ္ဌာန်းစာပါ ဖွင့်ဆိုချက်အတိုင်း အဓိပ္ပာယ်ဖွင့်ဆိုရန် လိုအပ်ပါသည်။ မိမိသဘောဖြင့် ဖွင့်ဆို၍မရပေ။ အဓိပ္ပာယ် ဖွင့်ပုံ တိကျရန် လိုအပ်ပါသည်။ မြန်မာဝေါဟာရ၏ အဓိပ္ပာယ်သည် အသုံးပြုပုံကို လိုက်၍ အဓိပ္ပာယ် အမျိုးမျိုးရှိနိုင်ပါသည်။ ဥပမာ နမူနာပါ ‘‘ ရွံရှာ’’ ဟူသော ဝေါဟာရကို အများသိရှိထားသည့်အတိုင်း ‘‘ စက်ဆုပ်သည် ’’ဟု ဖြေဆို၍မရပေ။ ဝိဇ္ဇာသိပ္ပလူ့ကိစ္စကဗျာ သင်ခန်းစာတွင် ဖွင့်ဆိုထားသည့်အတိုင်း ‘‘ လန့်ထိတ်’’ ဟုဖြေဆိုမှသာ မှန်ကန်မည် ဖြစ်သည်။ မေးခွန်း သဘောအရ ပြဋ္ဌာန်းစာအုပ်ပါ ဝေါဟာရ၏ ခက်ဆစ်အဖွင့်ကိုစစ်ဆေးခြင်းသည် ပြဋ္ဌာန်းစာတွင် ဤဝေါဟာရ ကို မည်သည့်အဓိပ္ပာယ်ဖြင့် သုံးနှုန်းထားသည်ကို သိရှိစေလိုသည့်အတွက် စစ်ဆေးခြင်း ဖြစ်ပါသည်။ ပေးထားသောဝေါဟာရ၏ သဒ္ဒါအမျိုးအစားနှင့် အဓိပ္ပာယ်ဖွင့်ဆိုသည့် သဒ္ဒါအမျိုးအစား ကိုက်ညီရန်လည်း လိုအပ်ပါသည်။ ဥပမာ နမူနာပါ ‘‘ စကားဖန်’’ သည် ရေသည်ပြဇာတ်မှ ဝေါဟာရဖြစ်ပါသည်။ ယင်းကိုဖြေဆိုရာတွင် ရေသည်ပြဇာတ်တွင် သုံးနှုန်းဖွင့်ဆိုထားသည့် အတိုင်း နာမ်အဓိပ္ပာယ်ဖြင့်သာ ဖွင့်ဆိုရပါမည်။ ‘‘ စကားဖန်’’ ကို ပြဋ္ဌာန်း စာအုပ်တွင် ‘‘ ကြားဖြတ်ကာ သိုင်းဝိုင်းချဲ့ထွင် ဖန်တီးပြော ဆိုသောစကား’’ ဟု နာမ်အဖြစ် ဖွင့်ဆိုထားပါသည်။ ယင်းကို ‘‘ စကားကို ကြားဖြတ်ကာ သိုင်းဝိုင်းချဲ့ထွင် ဖန်တီးပြောဆိုသည်’’ ဟု ကြိယာအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုပါက မှားယွင်းမည် ဖြစ်သည်။
ပြဋ္ဌာန်းစာအုပ်များတွင် ခက်ဆစ်ဖွင့်ဆိုပြထားသော ဝေါဟာရများ၌ တစ်ချောင်းပုဒ်ခံထားပါက အဓိပ္ပာယ်ပြည့်စုံခြင်းမရှိသေး သည့်အတွက် ဆက်လက်ဖော်ပြရန် လိုအပ်ပါသည်။ ပုဒ်မခံထားသော ဖွင့်ဆိုချက်ဖြစ်ပါက တစ်ခုကိုဖော်ပြလျှင် လုံလောက် ပါသည်။
မေးခွန်းနံပါတ် ၂(ခ)သည် အမှားအမှန် စကားလုံးအတွဲတွင် စာလုံးပေါင်း သတ်ပုံအမှန် ရွေးချယ်စေခြင်းဖြစ်ပါသည်။ သတ်ပုံမေးရာတွင် ပြဋ္ဌာန်းစာအုပ် များပါ ဝေါဟာရများကိုအခြေခံ၍ တက္ကသိုလ်ဝင်တန်းအဆင့် ကျောင်းသား ကျောင်းသူတို့ သိသင့် သိထိုက်သည့် စာလုံးပေါင်းများကို ရွေးချယ်စစ်မေး မည် ဖြစ်ပါသည်။ ကျောင်းသား ကျောင်းသူများအနေဖြင့် ပြဋ္ဌာန်း စာအုပ် များကို လေ့လာသည့်အခါ မြန်မာဝေါဟာရများ၏ စာလုံးပေါင်းအမှန်ကို ဂရုတစိုက်မှတ်သားထားပါက အထူးတလည် အလွတ်ကျက်မှတ်နေရန် မလိုဘဲ မှန်ကန်စွာဖြေဆိုနိုင်မည့် မေးခွန်းမျိုးဖြစ်ပါသည်။ သတ်ပုံအမှန်ကို သိရှိအောင် လေ့လာ အားထုတ်ထားခြင်းဖြင့် မေးခွန်းအပုဒ်တိုင်းအတွက် အထောက်အကူ ပြုမည်သာမက ဘဝတစ်လျှောက်လုံး မြန်မာစာအရေး အသား အတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်သည်။
နမူနာ
၂။ (ခ) အောက်ပါစကားလုံးအတွဲများမှ စာလုံးပေါင်းအမှန်ကို ရွေးချယ် ပါ။ (၅မှတ်)
နှောင့်ယှက် - နှောက်ယှက်၊ နေ့လယ် - နေ့လည်၊ အမြက်ထွက် - အမျက်ထွက်၊ ပင်ပမ်း - ပင်ပန်း၊ ခြူခြာ - ချူချာ။
ဤမေးခွန်းကို ဖြေဆိုရာတွင် မေးခွန်းကို ပြန်ကူးပေးရန် မလိုပါ။ မှန်သော စာလုံးပေါင်းများ (သို့မဟုတ်) စာလုံးပေါင်းမှန်သော စကားလုံးများဟုရေးကာ မှန်သည့်စကားလုံးများကို ရေးသားဖြေဆိုလျှင် လုံလောက်ပါသည်။ ဥပမာ –
မူနာမေးခွန်းကိုဖြေဆိုမည်ဆိုပါက
မှန်သောစာလုံးပေါင်းများ
နှောင့်ယှက်
နေ့လယ်
အမျက်ထွက်
ပင်ပန်း
ချူချာ
မေးခွန်းနံပါတ် ၂(ဂ) သည် အလင်္ကာမေးခွန်း ဖြစ်သည်။ ပေးထားသော ဝေါဟာရအသုံးအနှုန်းကို အလင်္ကာအမျိုးအစား ဖော်ပြစေခြင်းနှင့် သက်ဆိုင်ရာ သင်ခန်းစာတွင် မည်သို့သုံးထားသည့်အတွက် ထိုအလင်္ကာမြောက်ကြောင်း ဖော်ပြစေခြင်းတို့ကို မေးမြန်းပါမည်။ ဖြေဆိုရာတွင် ပုံစံတစ်မျိုးမျိုးကို သတ်မှတ်ဖြေဆိုစေခြင်းထက် ကျောင်းသားကျောင်းသူတို့၏ အမှန်တကယ် နားလည် ဖြေဆိုနိုင်သည့် ဖြေဆိုချက်အပေါ်တွင်သာ အကဲဖြတ်အမှတ်ပေးသွား မည် ဖြစ်ပါသည်။ အလင်္ကာကို အလွတ်ကျက် မှတ်ခြင်းထက် အလင်္ကာ၏ သဘောသဘာဝနားလည်သဘောပေါက်စွာ ဖြေဆိုနိုင်မှုကို ဦးတည်ထားခြင်း ဖြစ်ရာ အလင်္ကာဖြေဆို ရာတွင် မိမိနားလည်တတ်မြောက်ထားသည့် အလင်္ကာ သဘော မှန်ကန်စွာဖြေဆိုနိုင်လျှင် မည်သည့်အတင်အပြပုံစံဖြင့် ဖြေဆို သည် ဖြစ်စေ အမှတ်ပြည့်ရရှိမည်ဖြစ်ပါသည်။ ပေးထားသောဝေါဟာရ အရေအတွက် မှာ(၇)ခုဖြစ်ပြီး (၅)ခုဖြေဆိုရမည် ဖြစ်ပါ သည်။
နမူနာ
၂။ (ဂ) အောက်ပါတို့အနက် ငါးခု ကို အလင်္ကာငါးမျိုးမှ မည်သည့် အလင်္ကာဖြစ်ကြောင်း ဖော်ပြပါ။ သက်ဆိုင်ရာ သင်ခန်းစာတွင် မည်သို့အသုံးပြုထားသည့်အတွက် ဤအလင်္ကာမြောက်ကြောင်း ကိုလည်း ရှင်းပြပါ။ (၁၀ မှတ်)
ဖွတ်မင်းနောင်၊ မြေနှင့်ရန်ဖက်၊ မဂ်ငြမ်း၊ မုန်းပင်၊ ကိန္နရီကသည့် နှယ်၊ ဝါးခနဲ၊ သွေးချောင်းကျ။
မေးခွန်းနံပါတ် ၃
မေးခွန်းနံပါတ်(၃)သည် ကဗျာမေးခွန်းဖြစ်သည်။ မေးခွန်းပုဒ်ခွဲနှစ်ပုဒ် ပါဝင်သည်။ မေးခွန်း၃(က) မှာ ကဗျာမေးခွန်းတိုဖြစ်ပြီး မေးခွန်း ၃(ခ)မှာ ကဗျာမေးခွန်းရှည်ဖြစ်သည်။
၃ (က)မှာ ကဗျာမေးခွန်းတိုတွင် မေးခွန်းပုံစံအပြောင်းအလဲမရှိသော် လည်း မေးမည့်မေးကွက်ကို ချဲ့ထွင်ထားပါသည်။ ကဗျာ စာသား ကောက်နုတ် ချက်အတိုကိုပေးထားပြီး ဆိုလိုရင်းရေးသားစေသည့် မေးခွန်းမျိုး ပါဝင်လာ မည် ဖြစ်သည်။ ပုဒ်ရေ (၇)ပုဒ်ပေးထားပြီး(၅)ပုဒ် ဖြေဆိုရပါမည်။
နံပါတ် ၃(ခ)သည် ကဗျာမေးခွန်းရှည်ဖြစ်ပါသည်။ ဤမေးခွန်းသည် မေးခွန်းပုံစံအနေဖြင့် ပြောင်းလဲမှုမရှိသော်လည်း စစ်ဆေး အကဲဖြတ်ရာတွင်မူ ကျောင်းသား ကျောင်းသူများ၏ လေ့လာကျက်မှတ်မှုအတွက် ပေးမှတ်၏ တစ်ဝက်၊ မိမိကိုယ်ပိုင်အရေးအသား အတင်အပြစွမ်းရည်ဖြင့် မေးခွန်းနှင့် အံဝင်ခွင်ကျဖြစ်အောင် ဖြေဆိုတင်ပြနိုင်မှုအတွက် ပေးမှတ်၏တစ်ဝက် သတ်မှတ်ကာ စစ်ဆေးအကဲဖြတ်မည် ဖြစ်ပါသည်။ သို့ဖြစ်ရာ မေးခွန်း၏ ရှုထောင့်အတိုင်း အံဝင်ခွင်ကျ ဖြေဆိုနိုင်ရန် အရေးကြီးပါသည်။ မိမိ ကျက်မှတ် ထားသည့် ကဗျာခေါင်းစဉ်ပါသည်နှင့် ကဗျာစာသားတစ်ပုဒ်လုံးချရေးကာ စကားပြေပြန်ဆို ရေးသားဖြေဆိုမည်ဆိုပါက အချက်အလက်အားလုံး ပါဝင် စေကာမူ မေးခွန်းနှင့် အံမဝင်လျှင် ပေးမှတ်တစ်ဝက်အောက်သာ ရရှိမည်ဖြစ်ပါ သည်။
ကဗျာကောက်နုတ်ချက်စာသားများကိုလည်း မေးခွန်းနှင့် အံဝင်ခွင်ကျ ဖြစ်ရုံသာ ထည့်သွင်းဖြေဆိုရမည်ဖြစ်သည်။ အထူးမှာကြား လိုသည်မှာ မေးခွန်း တောင်းဆိုသည့် ရှုထောင့်နှင့် အာဘော်ကို သေချာစွာဖတ်ရှုပြီးမှ ကိုယ်ပိုင် အရေးအသားအတင်အပြဖြင့် အံဝင်ခွင်ကျ ဖြေဆိုရန်ဖြစ်ပါသည်။
မေးခွန်းနံပါတ် ၄
မေးခွန်းနံပါတ်(၄)သည် စကားပြေမေးခွန်းဖြစ်ပါသည်။ မေးခွန်းနံပါတ်(၃)ကဗျာမေးခွန်းနှင့် သဘောသဘာဝအားဖြင့် တူပါသည်။ မေးခွန်းပုဒ်ခွဲနှစ်ပုဒ် ပါဝင်ပါသည်။ နံပါတ် ၄(က)မှာ စကားပြေမေးခွန်းတို ဖြစ်ပါသည်။ ဖြေဆိုရန် မေးထားသည့် ပုဒ်ရေအရေ အတွက်မှာ(၇)ပုဒ် ဖြစ်ပါသည်။ ကဗျာနှင့် စကားပြေ မေးခွန်းတိုများကို ဖြေဆိုရာတွင်လည်း ပေးထားသော မေးခွန်းနံပါတ်နှင့် မိမိရွေးချယ်ဖြေဆိုသော နံပါတ်တူညီမှုရှိရပါမည်။ မေးခွန်းနှင့် အဖြေနံပါတ် ကိုက်ညီခြင်းမရှိပါက အဖြေမှန်စေကာမူ အမှတ် ဆုံးရှုံးမည် ဖြစ်ပါသည်။ စကားပြေမေးခွန်းတိုဖြေဆိုရာတွင်လည်း ကဗျာမေးခွန်းတိုကဲ့သို့ပင် ဝါကျ အပြည့်အစုံ ရေးသားဖြေဆို သင့် ပါသည်။
မေးခွန်းနံပါတ် ၄(ခ)သည် စကားပြေမေးခွန်းရှည်ဖြစ်ပါသည်။ စကားပြေ မေးခွန်းရှည်သည်လည်း ကဗျာမေးခွန်းရှည်ကဲ့သို့ပင် ကျောင်းသား ကျောင်းသူ များ၏ လေ့လာကျက်မှတ်မှုအတွက် ပေးမှတ်၏ တစ်ဝက်၊ မိမိကိုယ်ပိုင်အရေး အသား အတင်အပြ စွမ်းရည်ဖြင့် မေးခွန်းနှင့်အံဝင်ခွင်ကျဖြစ်အောင် ဖြေဆို တင်ပြနိုင်မှုအတွက် ပေးမှတ်၏တစ်ဝက် စစ်ဆေးအကဲဖြတ်သည့် မေးခွန်း ဖြစ်ပါသည်။ စကားပြေမေးခွန်းရှည်ဖြေဆိုရာတွင် မေးခွန်း၏ရှုထောင့်ကို သေချာစွာဖတ်ရှုပြီး မေးထားသည့် ရှုထောင့်အတိုင်း အံဝင်ခွင်ကျ ဖြေဆိုနိုင် ရန်အရေးကြီးပါသည်။ မေးခွန်းရှုထောင့်ကို သတိမမူဘဲ မိမိအလွတ်ကျက်မှတ် ထားသည့် အပုဒ်နှင့် ခေါင်းစဉ်တူသဖြင့် အချက်အလက်များကိုချည်း အမြောက် အမြားရေးသားနေပါက ပေးမှတ်၏တစ်ဝက်အောက်သာ ရရှိနိုင်မည်ဖြစ်ပါ သည်။
မေးခွန်းနံပါတ် ၅
မေးခွန်းနံပါတ်(၅)သည် ရေသည်ပြဇာတ်ဆိုင်ရာ မေးခွန်းဖြစ်ပါသည်။ ဤမေးခွန်းတွင် မေးခွန်း ပုဒ်ခွဲနှစ်ပုဒ် ပါဝင်ပါသည်။ ပုဒ်ရေအပြောင်းအလဲမရှိပါ။ နံပါတ် ၅ (က)သည် ရေသည်ပြဇာတ် စကားစပ် မေးခွန်းဖြစ်ပါသည်။ ယခင် (၇)မှတ်ပေးသည့် မေးခွန်းပုံစံအစား(၅)မှတ်ပေးသည့် မေးခွန်းပုံစံသို့ ပြောင်းလဲ သတ်မှတ်ထားပါသည်။ ဖြေဆိုရာတွင် မေးထားသည့်စကားစပ် ပါဝင်သည့်အခန်းနှင့် စကားစပ်ဆိုင်ရာ အချက်(၅)ချက် (ဘယ်သူက၊ ဘယ်သူ့ကို၊ ဘယ်အချိန်၊ ဘယ်နေရာမှာ၊ ဘာကြောင့်ပြော သည် ဟူသောအချက်များ)အတွက်(၃)မှတ်၊ ဘယ်လိုပြောသည်ဆိုသော ဆိုလိုရင်းကို ရှင်းလင်းရေးသား ဖြေဆိုခြင်းအတွက် (၂)မှတ် အမှတ်ခွဲဝေလျာထားပါသည်။ စကားစပ်ဖြေဆို ရာတွင် လိုရင်းတိုရှင်း ဖြေဆိုနိုင်ရန် အထူးသတိပြုသင့်ပါသည်။ ပါဝင်သည့် အခန်းကို ဖော်ပြရာတွင် အခန်းနံပါတ်သက်သက်ကို ဖော်ပြခြင်းထက် အခန်း အမည်ကိုပါ ယှဉ်တွဲဖော်ပြသင့်ပါသည်။
နမူနာ
၅။ (က) ရေသည်ပြဇာတ်မှ အောက်ပါအဖွဲ့အနွဲ့ကို စကားစပ်နှင့်တကွ ရှင်းပြပါ။ (၅ မှတ်)
‘‘ ရွေးလွန်းလျှင်မရ၊ သေးလွန်းလျှင်မလှ၊ ရှေးကပုံထား၊ လူထဲ မှာနေ၊ လူ့ဖြစ်ထွေကို အကျေသားနှင့်၊ ဇာတ်သွားရှည်အောင်၊ အရေးဆောင်လို့၊ ကွေ့ချောင်ဝေဝုစ်၊ ဘောက်စရာလုပ်ရတုံး။’’
မေးခွန်းနံပါတ် ၅ (ခ)သည် ရေသည်ပြဇာတ် မေးခွန်းရှည်ဖြစ်ပါသည်။ ယခင်က(၈)မှတ်ပေးသော မေးခွန်းကိုပေးမှတ် (၁၀)မှတ်သို့ ပြောင်းလဲ ထားသည်။ ယခင်က အကြောင်းအရာပိုင်းကိုသာ မေးသော်လည်း မေးခွန်းပုံစံ သစ်တွင် ပြဇာတ်အကြောင်းအရာ ပိုင်းတစ်ပုဒ်၊ ပြဇာတ်အတတ်ပညာ၊ အရေး အသားတစ်ပုဒ် မေးမြန်းပြီး နှစ်သက်ရာကိုရွေးချယ်ဖြေဆိုစေမည် ဖြစ်ပါသည်။ ပြဇာတ် အကြောင်းအရာပိုင်းကို မေးရာတွင်လည်း သမားရိုးကျပုံစံမဟုတ်ဘဲ ပြဇာတ်သဘောတရားနှင့် ဆက်စပ်ကာမေးသည့် မေးခွန်းပုံစံ သို့ ပြောင်းလဲ မည်ဖြစ်သည်။ ကျောင်းသား ကျောင်းသူများသည် ပြဇာတ်လေ့လာရာတွင် ပြဇာတ်၏သဘောသဘာဝ၊ ပြဇာတ်၏ အရေးအသား အတင်အပြနှင့် ပြဇာတ် ဖန်တီးမှု အတတ်ပညာတို့ကိုလည်း မလွဲမသွေ လေ့လာဆည်းပူးသင့်သည်ဖြစ်ရာ အတတ်ပညာနှင့် အရေးအသားတို့သည်လည်း ပြဇာတ်မေးခွန်းတွင် ပါဝင် လာမည်။
နမူနာ
၅။ (ခ) ရေသည်ပြဇာတ်မှအောက်ပါ တစ်ခု ကို ဖြေဆိုပါ။ (၁၀ မှတ်)
(၁) ရေသည်ယောက်ျား၏ စရိုက်ပြောင်းလဲမှုသည် ပြဇာတ်အတွက် အရေးပါပုံ
(၂) ရေသည်ပြဇာတ်မှ ပြောင်မြောက်သော စကားလုံးများ
မေးခွန်းနံပါတ် ၆
မေးခွန်းနံပါတ်(၆)သည် ယခင်ကစာစီစာကုံးတစ်မျိုးတည်းကိုသာ ဖြေဆို ရသည့် မေးခွန်းဖြစ်သော်လည်း ပြောင်းလဲမည့် မေးခွန်း ပုံစံတွင် မေးခွန်းနံပါတ်(၆)ကို(က)နှင့်(ခ)ခွဲ၍ မေးခွန်းပုဒ်ခွဲ နှစ်ပုဒ်အဖြစ် ပြင်ဆင်ထားပါသည်။ ၆(က)ကို (၁၀) မှတ်ပေးသည့် စာစီစာကုံးမေးခွန်းအဖြစ်လည်းကောင်း၊ ၆(ခ)ကို အဆိုတစ်ခုဆွေးနွေးစေသည့် (၁၀)မှတ်ပေးသော မေးခွန်းအဖြစ်လည်းကောင်း ပြောင်းလဲထားပါသည်။ ယခင်အမှတ်(၂၀)ပေးသည့် စာစီစာကုံးတစ်ပုဒ်တည်းကို ဖြေဆိုရခြင်းမှ စာစီစာကုံးနှင့် အဆို ဆွေးနွေးအရေးအသား နှစ်ပုဒ်ခွဲဝေ ဖြေဆို ရမည် ဖြစ်သည်။ နှစ်ပုဒ်ဖြေဆိုရမည်ဖြစ်ရာ နှစ်ခါစဉ်းစား ဖြေဆိုရမည့် အချက်ကို အထူးသတိပြုရန် လိုအပ်ပါသည်။ သို့ဖြစ်ရာ စဉ်းစားရမည့်အချိန်၊ ရေးသားရ မည့်အချိန်တို့ကို လုံလောက်မှုရှိစေရန် ကြိုတင်လေ့ကျင့်ပြင်ဆင်ထားရမည် ဖြစ်သည်။
၆(က) စာစီစာကုံးမေးခွန်းတွင်(၂)ပုဒ်ပေးထားပြီး (၁)ပုဒ်ဖြေဆိုရမည် ဖြစ်သည်။ စာစီစာကုံး ရေးသားရန် ပုံကြမ်းအချက်အလက် (၅)ချက် ပေးထားပြီး အချက်တစ်ချက်ကို စာတစ်ပိုဒ်နှုန်းဖြင့် ဖြေဆိုသင့်ပါသည်။ စစ်ဆေးအကဲ ဖြတ်ရာတွင် ယေဘုယျအားဖြင့် အချက်တစ်ချက်(၂)မှတ်နှုန်းဖြင့် အကဲဖြတ်ရန် လျာထားပါသည်။ စာစီစာကုံးဖြေရာတွင် အထူးသတိပြုရမည့်အချက်မှာ မေးထား သည့် ပုံကြမ်း အချက်အလက်များကို မိမိ၏ကိုယ်ပိုင်စိတ်ကူးစိတ်သန်း ဖြင့် ရေးသားဖြေဆိုရန် ဖြစ်ပါသည်။ ပေးထားသည့် ပုံကြမ်းအချက်အလက် အစီအစဉ်အတိုင်း မိမိကိုယ်ပိုင်အရေးအသားဖြင့် ဖြေဆိုရမည်ဖြစ်ရာ ပုံကြမ်း အချက်အလက်များကို အခြေမခံဘဲ အလွတ်ကျက်မှတ်ဖြေဆိုပါက အမှတ်ရရှိနိုင် မည် မဟုတ်သည်ကို အထူးသတိပြုသင့်ပါသည်။ ယခုပြောင်းလဲထား သည့် မေးခွန်းပုံစံတွင် စာစီစာကုံးကို အလွတ်ကျက်မှတ်နေပါက အချိန်များစွာ ကုန်မည့်အပြင် ရမှတ်လည်းဆုံးရှုံးသွားနိုင်ပါသည်။
နမူနာ
၆။ (က) အောက်ပါတို့အနက် တစ်ခု ကို ပေးထားသောအချက်အလက်များနှင့် အညီ စာစီကုံးပါ။ (၁၀ မှတ်)
(၁) ကြည်နူးဖွယ်ရာ မြင်ကွင်းတစ်ခု မြင်တွေ့ရသော အကြောင်းရင်း၊ မြင်ကွင်း၏နေရာ၊ မြင်တွေ့ ရသည့် အချိန်၊ မြင်ကွင်း၏ ကြည်နူးဖွယ်ကောင်းပုံ၊ မြင်ကွင်း ကြောင့် ဖြစ်ပေါ်လာသောအတွေးများ။
(၂) ကျန်းမာခြင်းသည် လာဘ်တစ်ပါးကျန်းမာခြင်း၏ အရေးကြီးပုံ၊ ကျန်းမာရေးကိုဂရုစိုက်သင့် ပုံ၊ ကျန်းမာခြင်း၏ ကောင်း ကျိုးများ၊ မကျန်းမာခြင်း၏ ဆိုးကျိုးများ၊ ကျန်းမာခြင်းနှင့်ပတ်သက်သော သင့်အတွေး အမြင်။
မေးခွန်းနံပါတ် ၆(ခ)သည် အသစ်ဖြည့်စွက် ထည့်သွင်းထားသော မေးခွန်း ဖြစ်ပါသည်။ ပေးထားသော အဆိုတစ်ရပ်ကိုဖတ်ရှုပြီး မိမိနှစ်သက်ရာဘက်မှ ရပ်တည်ဆွေးနွေးစေသောမေးခွန်းဖြစ်ပါသည်။ ဤမေးခွန်းသည် ကျောင်းသား ကျောင်းသူများ၏ ကိုယ်ပိုင်စဉ်းစားဉာဏ်၊ အတွေးအခေါ်၊ ပင်ကိုအရည် အသွေး ဖော်ထုတ်ပြသရမည့် မေးခွန်းဖြစ်ပါသည်။ အဆိုကို ဆွေးနွေးဖြေ ဆိုရာ တွင် စာဟန်အရေးအသားဖြင့်သာ ရေးသားရမည်ကို အထူးသတိပြုရပါမည်။ ကျောင်းသား ကျောင်းသူတို့၏ ကိုယ်ပိုင် အတွေးအခေါ် စိတ်ကူးစိတ်သန်း ကောင်းလျှင် ကောင်းသလောက်၊ အရေးအသားအတင်အပြကောင်းလျှင် ကောင်းသလောက် အမှတ်ရရှိနိုင်မည့်မေးခွန်း ဖြစ်ပါသည်။ ပေးထားသော အဆိုမှာလည်း ကျောင်းသား ကျောင်းသူအားလုံး ရင်းနှီးကျွမ်းဝင်မည့် ယေဘုယျကျသော အဆိုမျိုးကိုသာ ပေးထားမည် ဖြစ်ပါသည်။
နမူနာ
၆။ (ခ) အောက်ပါအဆိုများအနက် တစ်ခု ကို ထောက်ခံ၍ ဖြစ်စေ၊ ကန့်ကွက်၍ ဖြစ်စေ ဆွေးနွေးဖြေဆိုပါ။ (၁၀ မှတ်)
(၁) အားကစားပွဲများတွင် ဘောလုံးပွဲသည် စိတ်ဝင်စားစရာ အကောင်းဆုံးဖြစ်သည်။
(၂) ဂျာနယ်ဖတ်ခြင်းသည် သတင်းစာဖတ်ခြင်းထက် ပို၍ ဗဟုသုတရရှိသည်။
အဆိုဆွေးနွေးအရေးအသား ဖြေဆိုရန်အတွက် ရရှိမည့်အချိန်အတိုင်း အတာကို အလေးထား သတိပြုရမည်ဖြစ်သည်။ အဆိုဆွေးနွေးမေးခွန်းအတွက် ရေးသားချိန်သည် မိနစ်(၂၀)၊ (၂၅)မိနစ်ခန့်သာ ရရှိနိုင်မည်ဖြစ်ရာ ဖြေဆိုရမည့်ပမာဏ ကိုချိန်ဆ နိုင်ရန် အထူးအရေးကြီးပါသည်။ အဆိုဆွေးနွေး အရေး အသားအတွက် စာပိုဒ်(၄)ပိုဒ်သာ ရေးသားဖြေဆိုသင့်သည်။ ပထမပိုဒ် သည် အစပျိုးသည့် နိဒါန်းဖြစ်ပြီး ဒုတိယနှင့် တတိယပိုဒ်တို့သည် စာကိုယ်ဖြစ်ပါသည်။ စတုတ္ထပိုဒ်မှာ မိမိရဲ့ရပ်တည်ချက်ကို အတည်ပြု နိဂုံးချုပ်သည့် အပိုဒ်ဖြစ်သည်။ စာတစ်ပိုဒ်အတွက် ရေးသားချိန်ကို(၅)မိနစ်ခန့်သာ အသုံးပြုသင့်ပါသည်။ စာပိုဒ် တစ်ပိုဒ်ကို မည်မျှပမာဏ ရေးသင့်သည်ဆိုသည်မှာမူ ပေးမှတ်နှင့် ချိန်ဆရမည် ဖြစ်သည်။ အဆို ဆွေးနွေးအရေးအသားကို စစ်ဆေးအကဲဖြတ် ရန်အတွက် ယေဘုယျအားဖြင့် ပထမပိုဒ်နိဒါန်းနှင့် စတုတ္ထပိုဒ်နိဂုံးကို (၂) မှတ်စီ၊ ဒုတိယပိုဒ်နှင့် တတိယပိုဒ် စာကိုယ်များကိုမူ(၃)မှတ်စီ သတ်မှတ် လျာထားပါသည်။
တက္ကသိုလ်ဝင်တန်း မြန်မာစာဘာသာရပ်သည် မြန်မာစာအရေးအသား၊ မြန်မာစာပေ၏ အနှစ်သာရကို ဖော်ကျူးသည့် ဘာသာရပ်ဖြစ်ရာ ဘာသာရပ် ၏အနှစ်သာရကိုသိရှိအောင် လေ့လာသင်ယူရန်လိုအပ်ပါသည်။ စာမေးပွဲ ဖြေဆိုရာတွင် ကျောင်း သား ကျောင်းသူများသည် အဓိပ္ပာယ်ဖွင့်ဆိုချက် မေးခွန်း၊ ဓမ္မဓိဋ္ဌာန်မေးခွန်း၊ ကဗျာစကားပြေရေသည်ပြဇာတ်ပါ အချက် အလက် စသည်တို့ကို တိတိကျကျကျက်မှတ်ရမည်ဖြစ်ပြီး လိုရင်းအချက် အလက်ကို တိတိကျကျဖြေဆိုနိုင်ရန် လိုအပ်ပါသည်။ မိမိစိတ်ကူးစိတ်သန်း၊ အတွေးအခေါ်ဖြင့် အရေးအသားစွမ်းရည်ကို ပြသရမည့် မေးခွန်းများတွင်မူ မေးခွန်းကို ကောင်းစွာနားလည် သဘောပေါက်အောင်ဖတ်ရှုပြီး မိမိသိရှိထား သည့်၊ လေ့လာမှတ်သားထားသည့် အချက်အလက်များကို မိမိ၏မြန်မာစာ အရေးအသားစွမ်းရည်၊ ကိုယ်ပိုင် စိတ်ကူးဉာဏ်တို့ဖြင့်ပေါင်းစပ်ကာ ရေးသား ဖြေဆိုရမည်ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ် ဝင်တန်းဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများအားလုံး မြန်မာစာဘာသာရပ်ကို အခက်အခဲ မရှိဖြေဆိုနိုင်ပြီး အောင်ပန်း ဆွတ်ခူးနိုင်ကြပါစေဟု ဆန္ဒပြုလိုက်ပါသည်။ ။
ဒေါက်တာအောင်မြင့်ဦး ပါမောက္ခ(ဌာနမှူး) မြန်မာစာဌာန၊ ရန်ကုန်တက္ကသိုလ်