အဆိပ်သင့်ခဲ့ကြသော ပစ္စုပ္ပန်နှင့် အနာဂတ်များ
လူမှုကွန်ရက်စာမျက်နှာတွေမှာ စက်ရုံကစွန့်ပစ်ပစ္စည်းတွေကြောင့် မြစ်ရေ၊ ချောင်းရေတွေ အရောင်ပြောင်းကုန်တာ၊ ရေနေသတ္တဝါတွေ ထူးထူးဆန်းဆန်းသေကြတာ စတာတွေကို ဓာတ်ပုံတွေနဲ့တကွ ဖော်ပြကြတာ မကြာမကြာတွေ့နေရပါတယ်။ ဒါတွေကို သက်ဆိုင်ရာကုမ္ပဏီ၊ ဒေသခံနဲ့၊ အာဏာပိုင်တွေ ပူးပေါင်းဖြေရှင်းကြတာကိုလည်း အားတက် ဖွယ်တွေ့ရတယ်။ ဒီလိုကိစ္စမျိုးတွေဟာ ရေတိုဖြေရှင်းနည်းအပြင် ရေရှည်အတွက်ပါ ရည်ရွယ်ရမှာဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ဒေသရဲ့ သဘာဝပတ်ဝန်းကျင်၊ ဒေသခံတွေရဲ့ ကျန်းမာရေး၊ လူမှုစီးပွား၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုနဲ့ လာမယ့်မျိုးဆက်တွေရဲ့ အနာဂတ်တွေအထိပါ အရေးပါနေလို့ပဲ ဖြစ်ပါတယ်။
ဒီသတင်းဖော်ပြချက်တွေဟာ ကျွန်တော့်ကို ဖြစ်ရပ်ဆိုးသုံးခုကို သွားပြီးသတိရမိစေတယ်။ တိုင်းသိ၊ပြည်သိ ဖြစ်ခဲ့ရုံတင်မကဘဲ ကမ္ဘာကပါ တုန်လှုပ်ခဲ့ရတယ်။ အခုထိလည်း ဒီဖြစ်ရပ်ဆိုးရဲ့ နောက်ဆက်တွဲဆိုးကျိုး ဂယက်ကို သက်ဆိုင်သူတွေ၊ မိသားစု၊ ဆွေမျိုးသားချင်းတွေနဲ့ ၎င်းတို့ရဲ့ မျိုးဆက်တွေကပါ ရင်ဆိုင်နေကြရတုန်း ဖြစ်တယ်။ အထိအနာဆုံးကတော့ ဒေသခံတွေပဲဖြစ်တယ်။ ဘဝတွေကို ရင်းခဲ့ကြရတယ်။ အနာဂတ်တွေကို ရင်းခဲ့ကြရတယ်။ ဘဝမှာရှင်သန်နေထိုင်ခွင့်ဟာ သူတို့ရဲ့ ပစ္စုပ္ပန် နဲ့ အနာဂတ်တွေ အဆိပ်သင့်ခံကြဖို့ ဖြစ်လာခဲ့တယ်။
▲ အိတိုင်း-အိတိုင်းရောဂါ (Itai-Itai disease) (သို့) 'နာလိုက်တာ' ရောဂါ ▲
ဂျပန်လို 'Itai-Itai' ဆိုတာ 'နာတယ်၊ နာတယ်' လို့ အဓိပ္ပာယ်ရတယ်။ ဒီရောဂါခံစားရသူမှန်သမျှဟာ ဝေဒနာကို မခံစားနိုင်ဖြစ်ပြီး ထုတ်ဖော်ညည်းတွားမိကြရင်းကရောဂါနာမည်တွင်လာတာဖြစ်တယ်။ ဒီရောဂါဟာ ဂျပန်နိုင်ငံ တိုယာမစီရင်စုမှာ ဖြစ်ခဲ့တယ်။ မီဇုအီဓာတ် သတ္တုကုမ္ပဏီ(Mitsui Mining and Smelting Company) ကနေ ကက်ဒမီယံ (Cadmium ) လို့ခေါ်တဲ့ ဓာတုပစ္စည်း တစ်မျိုးကို ဂျင်ဇုမြစ်ထဲ စွန့်ပစ်တယ်။ ဒီတော့မြစ်ဝှမ်း လွင်ပြင်မှာနေကြပြီး မြစ်ရေကိုသောက်သုံးကြတဲ့၊ မြစ်ရေ နဲ့ စိုက်ပျိုးတဲ့အစားအစာတွေ ဥပမာ- စပါး၊ ဟင်းသီး ဟင်းရွက်စတာတွေကို စားသုံးကြတဲ့ ဒေသခံတွေဟာ ဒီရောဂါဆိုးကို ခံစားကြရတယ်။ မွေးလာတဲ့ကလေးတွေ မှာပါ ဒီရောဂါဆိုးက တွယ်ကပ်ပါလာတယ်။
ရောဂါဝေဒနာတွေကတော့ ကျောရိုးနဲ့ ခြေထောက်တွေ မခံမရပ်နိုင်အောင် နာကျင်တာ၊ အရိုးအဆစ်တွေ ပုံပျက်တာ၊ သွေးနီဥနဲ့ပတ်သက်တဲ့ ရောဂါ၊ ကျောက်ကပ် အနေအထား မမှန်ဖြစ်တာ စတာတွေဖြစ်တယ်။ ရောဂါ သည်အများစုက အိပ်ရာထဲမှာပဲ လှဲနေကြရတယ်။ ထထိုင်တာ၊ လမ်းလျှောက်တာဟာ ဆိုးဆိုးရွားရွား နာကျင် မှုဝေဒနာ ခံစားကြရတာကြောင့် ဖြစ်တယ်။ လက်ရှိတွေ့ကြုံခံစားခဲ့ရသူတွေသာမကဘဲ ၎င်းတို့ရဲ့မျိုးဆက် တွေဟာလည်း လူစဉ်မမီ၊ ရောဂါဝေဒနာရှင်တွေအဖြစ် မွေးဖွားလာကြပြီး ဒီရောဂါရဲ့အကျိုးဆက်ကို ခံစားခဲ့ကြရပါတယ်။
အစတုန်းကတော့ အလုပ်ဒဏ်၊ အာဟာရမလုံလောက်တဲ့ဒဏ်တွေကြောင့် ဒီရောဂါဖြစ်တယ်လို့ ယူဆခဲ့ပေမယ့် နောက်ပိုင်းသိပ္ပံနည်းကျ စစ်ဆေးတွေ့ရှိချက်တွေအရ ကက်ဒမီယံကို မြစ်ထဲစွန့်ပစ်တာကနေ စဖြစ်တယ်ဆိုတာ သိလာကြရတယ်။ အိတိုင်း-အိတိုင်းရောဂါကို ဂျပန် အစိုးရက ၁၉၆၈ မှာ တရားဝင် စတင်အသိအမှတ်ပြု လက်ခံခဲ့တယ်။ ဥပဒေကြောင်းအရ စုံစမ်းစစ်ဆေးမှုတွေအပြီး သဘာဝပတ်ဝန်းကျင် ညစ်နွမ်းမှုကြောင့်ဖြစ်တဲ့ ရောဂါအဖြစ် ဂျပန်မှာပထမဆုံး သတ်မှတ်ခဲ့တာလည်း ဖြစ်တယ်။
ဒေသခံတွေ ကုမ္ပဏီကို ၁၉၆၈ ခုနှစ်မှာပဲ တရားစွဲဆို ကြတယ်။ ၁၉၇၁ မှာ တရားနိုင်ပြီး ဂျပန်မှာ သဘာဝပတ်ဝန်း ကျင်ညစ်ညမ်းမှုကြောင့် ဖြစ်တဲ့ရောဂါအတွက် ကုမ္ပဏီကို တရားခွင်မှာ ဒေသခံတွေက ပထမဆုံးအနိုင်ယူလိုက် နိုင်ခဲ့ တဲ့ အမှုလည်းဖြစ်တယ်။ ၁၉၇၂ ခုနှစ် ဒုတိယ အကြိမ် တရားခွင်မှာလည်း ဒေသခံတွေအနိုင်ရပြီး ထိခိုက်နစ်နာသူတွေ မကြုံဖူးလောက်အောင် ပူးပေါင်းပါဝင် တရားစွဲ ဆိုခဲ့တာဖြစ်တယ်။ တရားခွင်မှာပေးလိုက်ရတဲ့ လျော်ကြေး က ၂၀၁၁ ခုနှစ်အထိဆို ဂျပန်ယန်း သန်း၂၀ ကျော်ပြီဖြစ် ပါတယ်။
ကက်ဒမီယံ (Cadmium) ဓာတုပစ္စည်း ဟာဂျင်ဇုမြစ် ထဲကိုတင် ညစ်နွမ်းစေတာမဟုတ်ဘဲ ပတ်ဝန်းကျင်က စိုက်ပျိုးမြေ၊ လယ်မြေဧကပေါင်းများစွာကိုပါ ထိခိုက်စေပါ တယ်။ ဒါကြောင့် ဂျပန်အစိုးရက ၁၉၇၀ မှာ စိုက်ပျိုး မြေနေရာတွေမှာ မြေဆီမြေလွှာ ညစ်နွမ်းမှုကာကွယ်ရေး ဥပဒေ (the Prevention of Soil Contamination in Agricultural Land Law) ကို စတင်ပြဋ္ဌာန်းခဲ့တယ်။ ဒါပေမယ့် စိုက်ပျိုးမြေတွေကို ပြန်လည်သန့်စင်ကျန်းမာလာ အောင် လုပ်ရတဲ့အလုပ်ဟာ လုပ်အား၊ လူအားပေါင်းများစွာ သုံးပြီး လပေါင်း၊ နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရပါတယ်။
▲ မီနာမာတာရောဂါ (Minamata disease) ▲
ဂျပန်နိုင်ငံ ကုမမိုတိုစီရင်စု မီနာမာတာအရပ်မှာ ဖြစ်လို့ဒေသကိုအစွဲပြုပြီး မီနာမာတာရောဂါလို့ ခေါ်တယ်။ ၁၉၅၆ မှာ စတင်တွေ့ရှိတယ်။ ကြောင်တွေ ထူးထူးဆန်း ဆန်း ကခုန်နေကြတာကိုမြင်တော့ မီနာမာတာဒေသခံ တွေအဖို့ အံ့သြရွှင်မြူးဖွယ်ဖြစ်ခဲ့ကြရတယ်။ ဒီလိုကခုန် နေတဲ့အကြောင်းတွေရဲ့ နောက်မှာ ကြမ္မာဆိုးကြီးတစ်ခု ကပ်ပါလာတယ်ဆိုတာ ဘယ်သူကမှ သတိမပြုမိကြ။ လူတွေကိုပါ သက်ရောက် လာချိန်မှာ ရောဂါသည်တွေဟာ စိတ်ပေါသွပ်ပျံ့လွင့်သူတွေလို ဝေဒနာခံစားကြရပြီး ကံမကောင်းရင် အသက်ပါဆုံးရှုံးကြရတယ်။
ခြေတွေလက်တွေထုံပြီး လှုပ်မရဖြစ်တယ်။ ဟန်ချက် မထိန်းနိုင်တော့ဘူး။ မောပန်းနွမ်းနယ်နေတယ်။ နားထဲမှာ တစီစီအသံတွေ ကြားနေရတယ်။ အကြားအာရုံ ဆုံးရှုံး ရတယ်။ အမြင်အာရုံ လျော့ပါးလာတယ်။ စကားပြောဆိုဆက်သွယ်နိုင်မှုစွမ်းရည်ကျဆင်းလာတယ်။ ဒီရောဂါရဲ့ အဓိကပြဿနာက အာရုံကြောစနစ်ကို ကမောက်ကမဖြစ် စေတာပါ။ ကြောင်တွေကခုန်ကြတာ ပျော်လို့မဟုတ်ဘူး ဆိုတာ သိလိုက်ရချိန်မှာ အတော်နှောင်းနေခဲ့ပါပြီ။
ရောဂါရဲ့လက်သည်က မီနာမာတာဒေသက ဓာတု ဗေဒလုပ်ငန်းစုဖြစ်တဲ့ ချီဆိုကော်ပိုရေးရှင်းပါ။ စက်ရုံကနေ မီသိမ်းမာကျူရီတွေကို မီနာမာတာပင်လယ်အော်ထဲကို စွန့်ပစ်ရာက ပြဒါးအဆိပ်သင့်မှု ဖြစ်တာပါ။ ရေထဲက ငါးသတ္တဝါတွေ အဆိပ်သင့်ရာက ငါးကိုစားတဲ့ ဒေသခံတွေပါ ပြဒါးအဆိပ်သင့် ကြတာပါ။ ၆၂နှစ်လောက် ကြာခဲ့ပေမယ့် အခုထိမီနာမာတာရဲ့ အကျိုးဆက်ကို ဗဟိုအစိုးရ၊ ဒေသ အစိုးရ၊ ကုမ္ပဏီ၊ ဒေသခံ၊ အရပ်ဘက်အဖွဲ့အစည်း တွေကနေ ဖြေရှင်းနေရတုန်းပါ။ ဒီရောဂါဟာလည်း အိတိုင်း- အိတိုင်း ရောဂါလို မျိုးဆက်ကိုပါ ဒုက္ခပေးတဲ့ရောဂါဖြစ်တယ်။
▲ ယိုကာအိချိပန်းနာရင်ကျပ်ရောဂါ (Yokkaichi Asthma) ▲
ယိုကာအိချိဆိုတဲ့မြို့လေးဟာ ၁၉၅၅ ပြည့်လွန်နှစ် တွေကတည်းက ညဆိုမီးတွေထိန်ထိန်ညီးပြီး စည်ကား သိုက်မြိုက်တဲ့ မြို့လေးဖြစ်ပါတယ်။ မြို့သူမြို့သားအများစုဟာ မြို့လယ်မှာတည်ထားတဲ့ ရေနံချက်စက်ရုံမှာ အလုပ် လုပ်ကြပါတယ်။ ဂျပန်တစ်နိုင်ငံလုံးရဲ့ ရေနံ ၁၅ ရာခိုင်နှုန်းကို ထုတ်လုပ်နိုင်တဲ့အတွက် ရေနံမြို့လို့တောင် တင်စား ခေါ်ဝေါ်ခဲ့ကြတယ်။
ဒီလိုမီးရောင်စုံညတွေဟာ မြို့ကိုအလှမဆင်နိုင်တော့ဘဲ မြို့သူမြို့သားတွေအတွက် အိပ်မက်ဆိုး တစ်ခုပမာ ဖြစ်လာခဲ့တာတော့ ၁၉၆၀ ပြည့်လွန်နှစ်တွေမှာ ဖြစ်ပါတယ်။ ညဘက် ဟိုအိမ်၊ ဒီအိမ်ဆီက မချိမဆံ့ချောင်းဆိုးသံတွေဟာ ယိုကာအိချိမြို့လေးကနေ ပတ်ဝန်းကျင် မြို့တွေအထိ ပျံ့နှံ့လာခဲ့ပါတယ်။ ဒီနောက်မှာ ယိုကာအိချိမြို့ခံတွေဟာ ၎င်းတို့ခံစားနေရတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာတွေကို စတင် သတိပြု ပြောဆိုလာနေကြပါပြီ။ ဆေးသိပ္ပံ ပညာရှင်တွေကလည်း ကျောင်းသား လူငယ်တွေနဲ့ လူကြီးတွေကို စမ်းသပ်စစ်ဆေးပြီး ဒီအသက်ရှူလမ်းကြောင်း ဆိုင်ရာ ပန်းနာရင်ကျပ် ရောဂါဟာ လေထုထဲကဆာလ်ဖာဒိုင် အောက်ဆိုက်နဲ့ အများကြီး ဆက်စပ်မှုရှိနိုင်တယ် ဆိုတာ တွေ့ရှိလာကြပါတယ်။ ဒါကိုတောင် ဒုတိယမြောက်ရေနံ စက်ရုံကို ၁၉၆၃ ခုနှစ်မှာ ထပ်ဖွင့်ပါတယ်။ မြို့ခံတွေကို နှစ်သိမ့်ဖို့အတွက် မီးခိုးခေါင်းတိုင်တွေကို အမြင့်ကြီးတွေ တည်ဆောက်ပါတယ်။ ဒါပေမယ့် ယိုကာအိချိမြို့ရဲ့ လေထုထဲမှာ ဆာလ်ဖာဒိုင်အောက်ဆိုက် ပါဝင်မှု ပမာဏဟာ ယခင်ကထက် ရှစ်ဆခန့်မြင့်တက်သွားပါပြီ။
မီးခိုးခေါင်းတိုင်တွေကထွက်တဲ့ မီးခိုးဖြူဖြူတွေရဲ့အောက်မှာဒေသခံတွေရဲ့ ကျန်းမာရေးအခြေအနေဟာ တစ်စတစ်စပိုဆိုးလာပါတယ်။ ကလေး ၄၈ ရာခိုင်နှုန်း၊ လူလတ် ၁၉ ရာခိုင်နှုန်းနဲ့ လူကြီး ၃၀ ရာခိုင်နှုန်းလောက်ဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေနဲ့ နာတာရှည်ရောဂါတွေကို ကြုံလာကြရပါတယ်။ ဒီလို ရောဂါဟာ ယိုကာအိချိမြို့မှာစဖြစ်လို့ ဒေသကိုအစွဲပြုပြီး ယိုကာအိချိပန်းနာရင်ကျပ်လို့ ခေါ်ကြပါတယ်။ လူတွေတင်မက ရေနေငါးသတ္တဝါတွေလည်း ဒီအကျိုးဆက်ကို ခံကြရပါတယ်။ အနီးပတ်ဝန်းကျင်ကဖမ်းလို့ရတဲ့ ငါးတွေရဲ့အရသာဟာ ဆိုးဆိုးရွားရွားဖြစ်နေလို့ တံငါသည်တွေက အသက် မွေးဝမ်းကျောင်းပျက်စီးစေမှုနဲ့ စတင်ပြီးလျော် ကြေး တောင်းကြ ပါတယ်။ ၁၉၆၆ ခုနှစ်မှာ ဝေဒနာရှင် နှစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားပါတယ်။ အဲဒီနောက်မှာတော့ မြို့သူမြို့သားတွေဟာ ကုမ္ပဏီကို တရားစွဲကြပါတယ်။ ၁၉၇၂ ခုနှစ်မှာပျက်စီးဆုံးရှုံးမှုတွေအတွက် သက်ဆိုင်ရာကုမ္ပဏီခြောက်ခုက စုပေါင်းပြီး ပေးလျော်စေဖို့ တရားရုံးက အမိန့်ချခဲ့ပါတယ်။
ဒီရောဂါကြောင့် ဂျပန်အစိုးရဟာ ၁၉၆၇ ခုနှစ်မှာ သဘာဝပတ်ဝန်းကျင် ညစ်နွမ်းမှုထိန်းချုပ်ရေး အခြေခံ ဥပဒေ (the Basic Law for Environmental Pollution Control) ပြဋ္ဌာန်းခဲ့ပြီး နှစ်နှစ်အကြာမှာ သဘာဝပတ်ဝန်း ကျင်ညစ်နွမ်းမှုနဲ့ဆက်စပ်တဲ့ လူနာတွေ ထူထောင်ရေး ဆိုင်ရာဥပဒေ (the Law Concerning Special Measures for the Relief of Pollution-Related Patients) ကို ထပ်မံပြဋ္ဌာန်းခဲ့ပါတယ်။ ဒါ့အပြင် အမျိုးသားလေထု ညစ်ညမ်းမှုဆိုင်ရာ စံနှုန်းသတ်မှတ်ချက်ကိုလည်း မြှင့်တင် ခဲ့ပါတယ်။
အဆိုပါ အိတိုင်း-အိတိုင်း၊ မီနာမာတာနဲ့ ယိုကာအိချိ ရောဂါတွေကြောင့် ကုမ္ပဏီတွေဟာလည်း ဘဝပျက်မတတ် ဖြစ်ခဲ့ကြတယ်။ ဆိုးကျိုးတွေ ကို အဓိကအခံရဆုံးက ဒေသခံတွေဖြစ်တယ်။ ဝေဒနာတွေကိုသာမက လူမှုရေးပြဿနာတွေကိုပါ ရင်ဆိုင်ကြရတယ်။ မီနာ မာတာရောဂါသည်တွေဆို လူရာသွင်းမခံကြရဘဲ အိမ်ထောင်တွေ ပျက်စီးကြတယ်။ တခြားဒေသမှာ အလုပ်ရှာလို့ မရကြဘူး။ ပြောင်းပြေးတဲ့သူတွေဆိုရင်တောင် ဘယ်ကလာတယ်ဆိုတာ မပြောရဲကြပါဘူး။ ဒေသကို အပြင်လူ ဘယ်သူမှလာမလည်ကြတော့ ခရီးသွား လုပ်ငန်းနဲ့ ဆက်စပ်လုပ်ငန်းတွေ ထိခိုက်ကုန်တယ်။ ဒေသထွက်ကုန်တွေဖြစ်တဲ့ ပင်လယ်စာ၊ ဟင်းသီးဟင်းရွက် စတာတွေကို တခြားဒေ သတွေကို တင်ပို့ရောင်းချလို့ မရတော့ဘူး။ အဲဒီလို နောက်ဆက်တွဲလူမှုရေး ပြဿနာတစ်လှေကြီးကို ဒေသခံတွေ ခါးစည်းခံကြရတာ ဖြစ်တယ်။ မွေးလာတဲ့ ကလေးတွေဟာလည်း မိဘတွေဆီ ကနေ ရောဂါကို အမွေဆက်ခံကြရတယ်။ သူတို့ရဲ့ပစ္စုပ္ပန်၊ အနာဂတ်တွေမှာ အဆိပ်သင့်ရှင်သန်ခဲ့ကြရတယ်။
ခုအချိန်မှာတော့ ဂျပန်နိုင်ငံသူ နိုင်ငံသားတွေ အားလုံးဝိုင်းဝန်းကြိုးပမ်းမှုတွေကြောင့် ဒီရောဂါတွေ ဖြစ်ပွားခဲ့တဲ့ဒေသတွေဟာ ပြန်လည်ရှင်သန်ဖွံ့ဖြိုးနေကြပါပြီ။ ပြန်လည်စည်ပင်နေပါပြီ။ ဒါပေမယ့် သဘာဝတရား၊ သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်လို့တော့ ဒီဖြစ်ရပ်တွေကနေ တန်ဖိုးကြီးကြီးပေးပြီး သင်ခန်းစာယူခဲ့ကြရပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုနဲ့ သဘာဝပတ်ဝန်းကျင် နှစ်ခုထဲက ဖွံ့ဖြိုးတိုးတက် မှုကို ဂျပန်နိုင်ငံရွေးချယ်ခဲ့ပါတယ်။ ရလဒ်က နိုင်ငံနဲ့လူမျိုးရဲ့ လူမှုစီးပွားရေးတွေထိခိုက် ပျက်စီးရတာပါပဲ။ ဒီတော့ ဂျပန်ရွေးချယ်ခဲ့တဲ့ ဒုတိယလမ်းက နှစ်ခုစလုံးတစ်ပြိုင်နက်ရရှိမယ့် လမ်းပဲဖြစ်ပါတယ်။ ဆန်းသစ်တဲ့နည်းပညာမှာ ရင်းနှီးမြှုပ်နှံပြီး နိုင်ငံတိုးတက်အောင်၊ သဘာဝပတ်ဝန်းကျင်မထိခိုက်အောင် ကြိုးပမ်းခဲ့တာပါပဲ။
ဖွံ့ဖြိုးတိုးတက်မှုဆိုတာ လုပ်ကိုလုပ်ရမှာပါ။ နိုင်ငံနဲ့ လူမျိုး လူတန်းစေ့နေဖို့ဆိုတာ ဖွံ့ဖြိုးတိုးတက်မှု စက်မှု လုပ်ငန်းတွေမပါဘဲ မဖြစ်နိုင်ပါဘူး။ ဒီလိုလုပ်ကိုင်ဆောင် ရွက်ကြရာမှာတော့ သဘာဝပတ်ဝန်းကျင်ကို အလေးထား ပြီး မထိခိုက်မပျက်စီးအောင် ကြံဆောင် ကြရပါမယ်။ နည်းပညာပိုင်းနဲ့သာမက စည်းမျဉ်းစည်းကမ်းပိုင်းနဲ့ပါ ကွပ်ညှပ်ထိန်းသိမ်းရမှာဖြစ်ပါတယ်။ သဘာဝပတ်ဝန်း ကျင်ကို ဂရုမစိုက်ဘဲ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုဆိုတာ မဖြစ်နိုင်ပါဘူး။ နောက်ပြီးတော့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဟာ တစ်ခုနဲ့ တစ်ခု ကလည်း ဆန့်ကျင်ဘက် ကဏ္ဍကောစ မဟုတ်ပါဘူး။ အပြိုင်လက်ချင်းယှက်သွားလို့ရတယ်ဆိုတာ အဆိုပါ ရောဂါတွေနောက်ပိုင်း ဂျပန်အစိုးရ၊ ကုမ္ပဏီတွေနဲ့ ဒေသခံတွေရဲ့ ပူးပေါင်းကြိုးပမ်းမှုကသက်သေပြလျက်ရှိနေပါတော့တယ်။
ကိုးကား-
ဆရာမီနာမီဆိုအိချိလို (Prof. Minami Soichiro)ရဲ့ Globalization and Environmental Issues အတန်းမှ ဆွေးနွေးပို့ချမှုများ
နေလင်းဦး
၂၀၂၀ ပြည့်နှစ် ၊ ဖေဖော်ဝါရီ ၂၄