အကောင်းဆုံးကြိုးစားဖြေဆိုခဲ့ပါ
၂၀၂၀ ပြည့်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကြီး၌ ဝင်ရောက်ဖြေဆိုရန် စာရင်းသွင်းထားသည့် ကျောင်းသား ကျောင်းသူဦးရေ ၉၇၀၂၁၉ ဦး ရှိသည်ဟု သတင်းစာများတွင် ဖတ်လိုက်ရသည်။ ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဖြေဆိုသူ ၈၅၁၅၂၄ ဦး ရှိခဲ့ပြီး အောင်မြင်သူ ၂၆၇၆၉၆ ဦးရှိသောကြောင့် ရာခိုင်နှုန်းအားဖြင့် ၃၁ ဒသမ ၄၄ ရာခိုင်နှုန်းသာ ရှိခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် အောင်ချက် ရာခိုင်နှုန်း ၃၂ ဒသမ ၈၂ ရာခိုင်နှုန်း ရှိခဲ့သည်။ ၂၀၁၈ ခုနှစ် တွင် ဂုဏ်ထူးထွက် သူစုစုပေါင်း ၇၅၇၅၆ ဦးရှိခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ဂုဏ်ထူးထွက်သူစုစုပေါင်း ၄၃၀၂၂ ဦးသာ ရှိခဲ့သည်။
ဆိုရလျှင် ယခင်နှစ် အောင်စာရင်းများအရ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုသည့် ကျောင်းသား ကျောင်းသူများအနက် ၃၀ ရာခိုင်နှုန်းလောက်သာ စာမေးပွဲအောင်မြင်ကြသည်။ ဆိုလိုသည်မှာ ၁၀ ဦး ဖြေဆိုလျှင် သုံးဦးလောက်သာ စာမေးပွဲအောင်မြင် နိုင်သည်၊၊ စာမေးပွဲ ကျရှုံးသည့် ကျန်ခုနစ်ဦးသည် အကြောင်းအမျိုးမျိုးကြောင့် နောက်ပညာသင်နှစ်တွင် အားလုံး ကျောင်းပြန်တက်နိုင်တော့မည် မဟုတ်ချေ။ ထို့ကြောင့် အစိုးရကျောင်းများတွင် ပညာသင် နှစ်အစ ကတည်းက သင်ခန်းစာများကို စနစ်တကျသင်ကြား လေ့ကျင့်ပေးမှသာလျှင်၊ ကျောင်းသား ကျောင်းသူများက လည်းကြိုးစားလေ့လာမှသာလျှင်၊ မိဘများကလည်း ထောက်ပံ့ပေးနိုင်မှသာလျှင် အောင်ချက်ရာခိုင်နှုန်း မြင့်တက်လာနိုင်ပေသည်။
ယခုဆိုလျှင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲကြီးကို မတ်လ ၁၁ ရက်နေ့တွင်စတင်ကျင်းပသွားတော့မည်ဖြစ်သည်။ စာမေးပွဲကြီး ဖြေဆိုရန် သိပ်မလိုတော့ပေ။ ဘာသာရပ်အလိုက် ပြန်လည် လေ့ကျင့်ချိန် သိပ်မကျန်တော့ပေ။ သားငယ်၊ သမီးငယ် များအတွက် အရေးကြီးသောကာလသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သင်ခန်းစာမကျေညက် သေးသော သားငယ်၊ သမီးငယ်များ၏ မိဘများသည် ကလေးများအတွက် စိုးရိမ်ပူပန်နေကြပြီ ဖြစ်သည်။ လက်လုပ်လက်စားမိဘများ အတွက် တစ်နှစ်ဆိုသောကျောင်းစရိတ်သည် များစွာ ပင်ပန်းလှပေသည်။
ထူးချွန်စွာအောင်မြင်ဖို့ဆိုလျှင်
မည်သို့ပင်ဆိုစေ တချို့သော ကိုယ်ပိုင်ကျောင်းများ သည် အောက်တိုဘာလလောက်ကတည်းက သင်ရိုးပြတ် နေပြီဖြစ်သည်။ ပြန်လှန်လေ့ကျင့်ခန်းကို လေးခေါက်၊ ငါးခေါက်လောက် လုပ်ပြီး နေပြီဖြစ်သည်။ ထို့အပြင် Final Exam မေးခွန်းပုံစံအတိုင်း အမှတ် ၁၀၀ မေးခွန်းကို ငါးကြိမ် လောက် ဖြေဆိုပြီးနေပြီ ဖြစ်သည်။ ထိုကျောင်းမျိုးတွင် ပညာသင်ယူခွင့်ရရှိသည့် ကလေးသည် စာမေးပွဲကြီးတွင် စိတ်လှုပ်ရှားမှုရှိတော့မည် မဟုတ်ပေ။ ထို့အပြင် မိဘများအနေဖြင့်လည်း မိမိကလေး စာမေးပွဲအောင်မြင်ရေး အတွက် စိုးရိမ်ပူပန်စရာမလိုဘဲ အမှတ်ကောင်းကောင်း၊ ဂုဏ်ထူးများများဖြင့် အောင်မြင်ရေးအတွက်သာ မျှော်မှန်း ရတော့မည်ဖြစ်သည်။
တက္ကသိုလ်ဝင်တန်းတွင် သက်ဆိုင်ရာဘာသာတွဲ အလိုက် ၁၅ ခန်းလောက် ပြဋ္ဌာန်းထားနိုင် သဖြင့် ဘာသာရပ် ခြောက်ခုပေါင်းမည်ဆိုလျှင် အခန်း ၉၀ လောက်ရှိမည် ထင်သည်။ မေးခွန်း ပုံစံသစ်အရ ကျောင်းသား ကျောင်းသူများသည် သင်ခန်းစာအားလုံးကို သင်ယူခွင့်ရရှိမှသာ ဂုဏ်ထူးမှတ်ရရှိနိုင်မည်ဖြစ်သည်။ တချို့သောအစိုးရ ကျောင်းများသည် ဇန်နဝါရီလအထိ သင်ခန်းစာများ မပြီးပြတ်သေးပေ။ ကျောင်းသားမိဘများသည် ကလေးများအတွက် စိုးရိမ်ပူပန် နေကြပြီဖြစ်သည်။ အနီးကပ်ကျူရှင်နှင့် ဝိုင်းများတွင် တက်သုတ်ရိုက်သင်ခိုင်းနေရသည်။ အမှန်တော့ စာမေးပွဲနီးမှသင်ခန်းစာများ စုပြုံသင်ကြားခြင်း သည် ကလေးများအတွက် ကောင်းမွန်သော အလားအလာ မဟုတ်ပေ။ နှစ်စကတည်းက ပုံမှန်သင်ယူလေ့လာခဲ့မှ သာလျှင် စာများရောထွေးမှုရှိမည်မဟုတ်ပေ။
စင်စစ်အားဖြင့် တက္ကသိုလ်ဝင်စာမေးပွဲသည် လူငယ်တို့၏ ဘဝအချိုးအကွေ့တစ်ခုပင် ဖြစ်သည်။ ပညာသင်နှစ် အစကတည်းက ကျောင်းမှန်မှန်တက်၊ စာမှန်မှန်ကျက်ခဲ့သော သားငယ်၊ သမီးငယ် များသည် အတန်းတင်စာမေးပွဲ ဖြေဆိုရန် အသင့်ဖြစ်နေကြမည်ဖြစ်သည်။ သင်ခန်းစာများ ကိုလည်း အပြန်ပြန် အလှန်လှန် လေ့ကျင့်နေမည်ဟု ယုံကြည်မိပါသည်။ တက္ကသိုလ်ဝင်စာမေးပွဲ တွင် ဘာသာစုံ ဂုဏ်ထူးဖြင့် အောင်မြင်သည့် ကျောင်းသား ကျောင်းသူ တစ်ဦးသည် မိမိ ကြိုက်နှစ်သက်ရာ ဘာသာရပ်တစ်ခုခုကို စိတ်ကြိုက်ရွေးချယ်ပြီး တက္ကသိုလ်ပညာကို ဆက်လက် လေ့လာဆည်းပူးနိုင်မည်ဖြစ်သည်။ အထူးသဖြင့် အသက် မွေးဝမ်းကျောင်းပညာ တက္ကသိုလ်များကို တက်ရောက်ခွင့် ရရှိကြမည်ဖြစ်သည်။ ဘဝစိတ်ကူးအိပ်မက်များကို ဆက်လက် ထုဆစ်ပုံဖော်နိုင်ပြီး တိုင်းပြည်အတွက် သားကောင်းရတနာ၊ သမီးကောင်းရတနာ လေးများ ဖြစ်လာကြမည်ဖြစ်သည်။
ကျန်းမာရေးကို အထူးဂရုစိုက်ရန်လို
သင်ခန်းစာအားလုံး ကျေညက်နေသော သားငယ်၊ သမီးငယ်များအနေဖြင့် ကျန်းမာရေးကိုသာ အထူးဂရုစိုက်ဖို့ လိုပါသည်။ စာမေးပွဲကြီးဖြေဆိုခါနီးအချိန်တွင် ကျန်းမာရေး ချူချာနေမည် ဆိုလျှင် ထင်ထားသလောက် အမှတ်ကောင်းကောင်း ရနိုင်မည်မဟုတ်ချေ။ စာမေးပွဲနီးမှ ညဉ့်နက် သန်းခေါင်စာကျက်နေမည်ဆိုလျှင် အားအင်ချည့်နဲ့ပြီး ကျန်းမာရေး ချူချာလာမည် ဖြစ်သည်။ တချို့သော သားငယ်၊ သမီးငယ်များသည် စာမေးပွဲကာလတွင် မိုးလင်း သည်အထိ စာကြည့်ကြပြီး စာမေးပွဲဖြေခါနီးတွင် တစ်ညလုံး ကျက်မှတ်ထားသောစာများ မေ့ပျောက်သွား တတ်ရာ များစွာနစ်နာလှပါသည်။ အထူးသဖြင့် စာမေးပွဲကာလတွင် အိပ်ရေးဝအောင် အိပ်သင့်သည်။ သို့မှသာလျှင် စာမေးပွဲ ခန်းထဲ၌ စိတ်ရွှင်လန်းနေပြီး ကျက်မှတ်ထားသည့်စာများ အားလုံးကို မှတ်မိနေမည် ဖြစ်သည်။
တက္ကသိုလ်ဝင်တန်းတက်ရောက်နေသော ကျောင်းသား ကျောင်းသူတစ်ဦးသည် ဘာသာရပ် အလိုက် လေ့လာ ကျက်မှတ်သည့် အချိန်ဇယားရှိသင့်ပေသည်။ အချိန်ဇယား မရှိသူများသည် အချိန်တွေပိုနေတတ်သည်။ အချိန်ဇယား ရှိသည့် ကျောင်းသားတစ်ဦးအတွက် စက္ကန့်တိုင်း တန်ဖိုးရှိ နေမည်ဖြစ်သည်။ စာမေးပွဲကြီးနီးလာသည့်အချိန်တွင် ခဏတစ်ဖြုတ်အနားယူပြီး သီချင်းနားထောင်၊ ဟာသဇာတ်လမ်းတွဲတိုလေးများကိုသာ ကြည့်သင့်ပါသည်။ အညောင်းအညာ မမိအောင် ကျန်းမာရေးလေ့ကျင့်ခန်းလုပ်ပြီး ရေချိုးသင့်ပါသည်။ အပေါင်းအသင်းများနှင့် စုဖွဲ့ပြီး အချိန်ဖြုန်းသည့် အလေ့အထကို လုံးဝစွန့်လွှတ် သွားရမည် ဖြစ်သည်။ တယ်လီဖုန်းလုံးဝ မသုံးစွဲသင့်ပေ။ မိဘများကလည်း ကလေးများကို ဖုန်းသုံးစွဲရန် ခွင့်မပြု ထားသင့်ပေ။
အကောင်းဆုံးကြိုးစားဖြေဆိုခဲ့ပါ
မည်သို့ပင်ဆိုစေ တက္ကသိုလ်ဝင်တန်း တက်ရောက် နေသော သားငယ်၊ သမီးငယ်များသည် ပညာသင်နှစ်အစ ကတည်းက ကျောင်းစာကိုပုံမှန်ကျက်မှတ်ခြင်း၊ ကျန်းမာ ရေးလိုက်စားခြင်း၊ ရတနာသုံးပါးကို ကြည်ညိုကိုင်းရှိုင်း ခြင်း။ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာများ၏ ဂုဏ် ကျေးဇူးကို အောက်မေ့ပြီး ပြုမူကျင့်ကြံနေထိုင် ကြိုးစား သွားမည်ဆိုလျှင် အတန်းတင် စာမေးပွဲကြီး ထူးချွန်စွာ အောင်မြင်နိုင်မည်ဟု အခိုင်အမာဆိုဝံ့ပါသည်။ တစ်နှစ် ပတ်လုံး ကြိုးစားထားသော သားငယ်၊ သမီးငယ်များသည် အတန်းတင်စာမေးပွဲအတွက် အသင့်ဖြစ် နေမည်ဟု ယုံကြည်မိပါသည်။ စာမေးပွဲကြီးတွင် ဘာသာရပ်အလိုက် ဂုဏ်ထူးထွက်စေရန်နှင့် အမှတ်ကောင်းကောင်းရရှိစေရန် အတွက် မေးခွန်းများကို နားလည်အောင် သေချာစွာဖတ်ရှု ပြီးမှသာ ဖြေဆိုသင့်ပါသည်။ အထူးသဖြင့် အဖြေလွှာတွင် မိမိဖြေဆိုသော မေးခွန်းနံပါတ်ကို စနစ်တကျရေးသားခြင်း၊ ဖြေဆိုခြင်း၊ မျဉ်းသားခြင်း၊ ပြန်လည်စစ်ဆေးခြင်းတို့ကို ဆောင်ရွက် သွားရန်လိုအပ်ပါသည်။ တချို့သော သားငယ်၊ သမီးငယ်များသည် တစ်နှစ်ပတ်လုံး ကြိုးပမ်း ထားသော်လည်း စာမေးပွဲဖြေဆိုရာတွင် ခြေချော်လက်ချော် ဖြစ်သွား တတ်ပါသည်။ မျှော်မှန်း ထားသလောက် ဂုဏ်ထူးမရကြတော့ပေ၊ ဘာသာရပ်အလိုက် ရမှတ်လည်းနည်းသွား တတ်ကြသည်။
ဆိုရလျှင် နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများ တွင် ဒသမတန်း၌ ပညာသင်ယူနေသော သားငယ်၊ သမီးငယ်အားလုံးသည် ၂၀၂၀ ပြည့်နှစ် မတ်လ ၁၁ ရက် နေ့တွင် တက္ကသိုလ်ဝင် စာမေးပွဲကြီး ဖြေဆိုကြရတော့မည် ဖြစ်သည်။ ထိုစာမေးပွဲကြီးသည် သားငယ်၊ သမီးငယ်များ ၏အနာဂတ်ကို အဆုံးအဖြတ်ပေးမည့် စာမေးပွဲကြီးလည်း ဖြစ်သည်။ ထိုစာမေးပွဲတွင်သာ ထူးချွန်စွာဖြေဆိုနိုင်မည်ဆိုလျှင် မိမိဆက်လက်ပညာဆည်းပူးလိုသော တက္ကသိုလ်ကို တက်ရောက်ခွင့်ရကြမည်ဖြစ်သည်။ စာမေးပွဲကြီး နီးကပ်လာပြီဖြစ်သဖြင့် ကျန်းမာရေးကို အထူးဂရုစိုက်ရန် လိုအပ်သည်။ မိဘများကလည်း ကလေးများကို စိတ်ချမ်းသာအောင် ထားသင့်ပါသည်။ မည်သို့ပင်ဆိုစေကာမူ သားငယ်၊ သမီးငယ်များအနေဖြင့် အတန်းတင် စာမေးပွဲကြီး၌ မေးခွန်းများကိုနားလည်အောင် အပြန်ပြန် အလှန်လှန်ဖတ်ပြီး အောင်မှတ် ရရှိအောင် တတ်နိုင်ပါက ဂုဏ်ထူးအမှတ်များရရှိသည်အထိ အကောင်းဆုံး ကြိုးစားဖြေဆိုခဲ့ရန် စေတနာဖြင့် တိုက်တွန်းလိုပါသည်။ ။
မောင်သောင်းဝင်း (တမန်ဟောင်း)
၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်