“တိုင်းပြည်အကျိုးပြု ဒို့ရှေးရှုကင်းထောက်အမျိုးသမီးထု” မြန်မာကင်းထောက်အမျိုးသမီး တွေ့ဆုံစကားဝိုင်းကျင်းပ
“တိုင်းပြည်အကျိုးပြုဒို့ရှေးရှု ကင်းထောက်အမျိုးသမီးထု” မြန်မာကင်းထောက် အမျိုးသမီး တွေ့ဆုံစကားဝိုင်းကို အမျိုးသမီးကင်းထောက်ချုပ် ဒေါက်တာဒေါ်တင်လှကြည်၊ ဒုတိယ ကင်းထောက်ချုပ် ဒေါ်ခင်စောဥမ္မာ၊ သက်ကြီးကင်းထောက်ကြီး ဒေါက်တာဒေါ်ဝင်းကြည်၊ သက်ကြီးကင်းထောက်ကြီး ဒေါက်တာဒေါ်လှရီရီနှင့် သက်ကြီး ကင်းထောက်ကြီး ဒေါ်ရီရီတင်တို့ ပါဝင်ဆွေးနွေးခဲ့ကြသည်များကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ရိုက်ကူးထုတ်လွှင့်ခဲ့သည်။ အဆိုပါ စကားဝိုင်းတွင် ဆွေးနွေးခဲ့ကြ သည်များကို ဖော်ပြအပ်ပါသည်။
ယမန်နေ့မှအဆက်
အစီအစဉ်မှူး။ ။ ကင်းထောက်နဲ့ ပတ်သက်ပြီး လှုပ်ရှားမှုတွေက အစောပိုင်းကာလတွေမှာ ရှိခဲ့တယ်။ ၂၀၁၂ က ၂၀၂၀ လို့ သတ်မှတ်တဲ့ လက်ရှိကာလမှာ လှုပ်ရှားမှုတွေကရော ဘာတွေရှိပါသလဲ ဆရာမ။
ဒေါက်တာဒေါ်တင်လှကြည်။ ။ ကျွန်မတို့ ကင်းထောက်အမျိုးသမီးအဖွဲ့အနေနဲ့ အစီအစဉ်တွေ အများကြီးရှိပါတယ်။ ပုံမှန်အစီအစဉ်တွေ ရှိသလို အထူးအစီအစဉ်တွေလည်း ရှိပါတယ်။ ပြည်တွင်း အစီအစဉ်တွေရှိသလို ပြည်ပအစီအစဉ်တွေလည်း ရှိပါတယ်။
အစီအစဉ်မှူး။ ။ ပြည်တွင်းမှာ ပုံမှန်လှုပ်ရှားမှုတွေကရော ဘာတွေရှိသလဲဆိုတာ ပြောပြပေးပါဦး။
ဒေါက်တာဒေါ်တင်လှကြည်။ ။ ပြည်တွင်းလှုပ်ရှားမှုတွေထဲမှာ အဓိကကတော့ အမျိုးသမီးကင်းထောက်လေးတွေ မွေးထုတ်ပေးဖို့ပါ။ အဲဒါကြောင့် ကင်းထောက်နည်းပြတွေ၊ ခေါင်းဆောင် တွေလိုတယ်။ အဲဒါကြောင့် ခေါင်းဆောင်နည်းပြတွေ မွေးထုတ်တဲ့အစီအစဉ် သင်တန်းတွေ ပေးရပါတယ်။ အခြေခံသင်တန်းတွေ ပေးရပါတယ်။ ဘာဖြစ်လို့ လုပ်ရသလဲဆိုတော့ ၁၉၆၄ ခုနစ် ကနေ ၂၀၁၂ ခုနှစ်အထိ ၄၈ နှစ်တာ မြန်မာနိုင်ငံမှာ ကင်းထောက်လှုပ်ရှားမှုတွေ ရပ်တန့်သွားတဲ့အတွက် ပြန်ပြီး အသက်သွင်းတဲ့အခါ ခေါင်းဆောင်တွေ မွေးထုတ်ရခြင်း ဖြစ်ပါတယ်။
အစီအစဉ်မှူး။ ။ ဒါဆိုရင် ခေါင်းဆောင်တွေ မွေးထုတ်တဲ့ အပိုင်းကရော ဘယ်လိုရှိပါသလဲ။
ဒေါက်တာဒေါ်တင်လှကြည်။ ။ ကင်းထောက် နည်းပြတွေကို သင်တန်းတွေ ပေးရပါတယ်။ ဥပမာ-ပုဂ္ဂလိကကျောင်းတွေ၊ အစိုးရကျောင်း တွေက ကျောင်းသူလေးတွေကို ကင်းထောက်အမျိုးသမီးလေးတွေဖြစ်အောင် သင်တန်းတွေ ပေးရပါတယ်။ တက္ကသိုလ်တွေမှာ တက္ကသိုလ် ကျောင်းသူတွေကို ကင်းထောက် အမျိုးသမီးလေးတွေဖြစ်အောင်၊ ဒါတင်မကသေးပါဘူး၊ လူထုအတွင်းမှာ ကျောင်းသူ မဟုတ်သော မိန်းကလေးတွေ၊ အလုပ်လုပ်နေတဲ့ သက်လတ်ပိုင်း အမျိုးသမီးလေးတွေ ကင်းထောက်ဖြစ်ချင်သူတွေကို Community လို့ခေါ်တဲ့ သင်တန်းတွေ ပေးရပါတယ်။ ကျောင်းတွေမှာ အားတဲ့အချိန်၊ ကင်းထောက်ဖြစ်ချင်တဲ့သူတွေ အားတဲ့အချိန်တွေမှာ ကျွန်မတို့က သင်တန်းတွေ စီစဉ်ပေးပါတယ်။ ကင်းထောက်နည်းပြတွေက အဲဒါကို အဓိကလုပ်နေပါတယ်။ အခြေခံသင်တန်းတင်မက အဆင့်မြင့် သင်တန်းတွေလည်း ရှိပါတယ်။ အဲဒါကို အဓိကလုပ်နေပါတယ်။
အစီအစဉ်မှူး။ ။ ကင်းထောက် နည်းပြတွေရဲ့ လုပ်ဆောင်မှုကရော ဘာတွေဖြစ်မလဲ။
ဒေါက်တာဒေါ်တင်လှကြည်။ ။ နည်းပြတွေက တကယ်တမ်းတော့ ကိုယ်ပိုင်အလုပ်တွေ ရှိကြပါတယ်။ အစိုးရကျောင်းက ဆရာမတွေ၊ ပုဂ္ဂလိကကျောင်းက ဆရာမတွေ၊ ကိုယ်ပိုင်အလုပ် လုပ်နေတဲ့သူတွေလည်း ရှိပါတယ်။ သူတို့က အားတဲ့အချိန်တွေမှာ သင်တန်းပေးပါဆိုရင် လိုက်ပြီးပေးပါတယ်။ အခြားအလုပ်တွေလည်း ရှိပါတယ်။ ကျွန်မတို့က ပြည်ပနဲ့ဆက်သွယ်ရ တာတွေလည်းရှိတဲ့အခါ မြန်မာကင်းထောက် အမျိုးသမီး အင်တာနက်စာမျက်နှာမှာ သင်တန်းဆိုရင် ဓာတ်ပုံတင်ရတာတွေလည်း ရှိပါတယ်။ အားတဲ့အချိန်မှာတော့ အပြည့်အဝ ကူညီ နေကြပါတယ်။
အစီအစဉ်မှူး။ ။ ဆက်လက်ပြီးတော့လည်း မြန်မာအမျိုးသမီး ကင်းထောက်ထုရဲ့ လှုပ်ရှားမှုတွေအနေနဲ့ဆိုရင် ပြည်တွင်းမှာရော ဘယ်လိုလှုပ်ရှားမှုတွေ ရှိနေပါသလဲ။
ဒေါ်ခင်စောဥမ္မာ။ ။ ပြည်တွင်းမှာ အထူးအစီအစဉ်ကို ပြောရမယ်ဆိုရင် ကင်းထောက်ဖွဲ့စည်းပုံကို နည်းနည်း ပြောပြချင်ပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံမှာ ၁၉၁၆ ခုနှစ် နောက်ပိုင်းမှာဖွဲ့တဲ့ ကင်းထောက်တွေဟာ အမျိုးသားကင်းထောက်တွေကို Boy Scout လို့ခေါ်ပါတယ်။ အမျိုးသမီး ကင်းထောက်တွေကို Girl Guides လို့ခေါ်ပါတယ်။ အမျိုးသမီးသီးသန့်ဖြစ်ပါတယ်။ အဲဒီတုန်းကလည်း အမျိုးသား ကင်းထောက်၊ အမျိုးသမီးကင်းထောက်အဖွဲ့နှစ်ဖွဲ့ဟာ ဘာမဆိုပူးပေါင်း ဆောင်ရွက်ခဲ့ပါတယ်။ နိုင်ငံတော်ပွဲတွေ သွားတာရှိမယ်၊ Camp တွေ သွားတာရှိမယ်။ အဖွဲ့နှစ်ဖွဲ့ဟာ ပူးပေါင်းပြီးသွားခဲ့တာ ရှိပါတယ်။ ဒါပေမယ့် အခု ၂၀၁၂ ခုနှစ် နောက်ပိုင်း ကင်းထောက်ဖွဲ့စည်းပုံ ပြန်ဆွဲတဲ့အချိန်မှာ ကျွန်မတို့ အမျိုးသမီးကင်းထောက် အဖွဲ့ကတော့ ရှေးရှေးတုန်းက Girl Guides အတိုင်းပဲ၊ အမျိုးသမီးချည်းပဲ သီးသန့်ဖြစ်ပါတယ်။
သို့သော်လည်း အမျိုးသားတွေ ပြန်ဖွဲ့တဲ့အခါ သူတို့က Boy Scout က Myanmar Scout လို့ အမည်ပြောင်းလဲသွားပါတယ်။ သူတို့အထဲမှာ အမျိုးသမီးလေးတွေ ပါဝင်ခွင့်ရှိပါတယ်။ အဲဒီပါဝင်တဲ့ အမျိုးသမီးလေးတွေဝတ်တဲ့ ယူနီဖောင်းကတော့ အမျိုးသားတွေ ယူနီဖောင်း အတိုင်း ဝတ်ရတဲ့အတွက် သူတို့ကိုတော့ ကျွန်မတို့က Girl and Scouting လို့ ခေါ်ပါတယ်။
ဒါကြောင့် လူတွေအနေနဲ့သိဖို့က အဖွဲ့နှစ်ဖွဲ့ရှိပါတယ်။ အရင်တုန်းကတော့ Boy Scout ဖြစ်တဲ့အတွက် လူတိုင်းက ယောက်ျား အဖွဲ့လို့ သိသလို အခုက Myanmar Scout ပြောတဲ့အခါ ခြုံပြီး နှစ်ဖွဲ့ပေါင်းတာထင်နေ ကြတယ်။ မဟုတ်ပါဘူး။ ကျွန်မတို့ အမျိုးသမီး အဖွဲ့ကတော့ Myanmar Girl Guides ကင်းထောက်အမျိုးသမီးအဖွဲ့ ဖြစ်ပါတယ်။ Myanmar Scout ဆိုတာ သူတို့အထဲမှာ အမျိုးသမီးတွေ ပါဝင်နေတဲ့ အမျိုးသားအဖွဲ့ပါ။ ကျွန်မက ဒါလေးကို ပြောပြရတာက ကျွန်မတို့လုပ်မယ့် အထူးအစီအစဉ်တွေ ဥပမာ တောတွင်းစခန်းချပွဲ အကြောင်းကို ပြောမယ်ဆိုရင် တောတွင်းစခန်းချပွဲကို ကျွန်မတို့ လေးကြိမ်တိုင် ပြုလုပ်ခဲ့ပါတယ်။ ပထမဆုံးပြုလုပ်တဲ့ တောတွင်းစခန်းချပွဲမှာ အဲဒီတုန်းက ကျွန်မနဲ့အစ်မကြီး ဒေါ်သန်းသန်းတင် နှစ်ယောက်တည်းသာ မြန်မာကင်းထောက်အဖွဲ့ထဲမှာ စတင်လှုပ်ရှားချိန်ဖြစ်ပါတယ်။ ဒီတောတွင်း စခန်းချပွဲကို နေပြည်တော်မှာ ပြုလုပ်ပါမယ်ဆိုတော့ ကလေးတွေနဲ့အတူ ကျွန်မလိုက်သွားခဲ့ပါတယ်။
သို့သော် ယူနီဖောင်း ကျွန်မတို့ မသတ်မှတ်ရသေးတဲ့အတွက် ကျွန်မကရိုးရိုးအရပ်ဝတ်နဲ့ပဲ ကင်းထောက်တွေက စီစဉ်ထားတဲ့ Scarf ကိုပဲ အတူစည်းပြီး လိုက်သွားခဲ့ပါတယ်။ သူတို့ပေးတဲ့ ဂျာကင်အင်္ကျီကို အပေါ်ကဝတ်ပြီး လုံချည်အပြာကို ဆောင်သွားခဲ့တယ်။ ဆိုလိုတာက ကျွန်မတို့မှာ ယူနီဖောင်း သတ်မှတ်ချက် မရှိသေးပါဘူး။ အဲဒီတုန်းက အရင်တုန်းက ပြည်သူ့ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက ကင်းထောက်ကြီးဖြစ်ပါတယ်။ ကင်းထောက် တွေက လွှတ်တော်ကို လေ့လာဖို့သွား ချင်တယ်ဆိုတော့ သူက ဖိတ်ခေါ်ပါတယ်။ အရင်တုန်းက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ အစ်မကြီးဒေါ်အောင်ဆန်းစုကြည် သူကလည်း ကင်းထောက်အမျိုးသမီးကြီး ဖြစ်ခဲ့တဲ့အတွက် ကျွန်မတို့သွားတဲ့ ကင်းထောက်အားလုံးကို ကင်းထောက်အတွေ့အကြုံတွေ ပြောပြခဲ့ကြပါတယ်။ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပထမဆုံးကင်းထောက်အဖြစ် စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။ အဲဒါက ပထမတောတွင်းစခန်းချပွဲ အတွေ့အကြုံဖြစ်ပါတယ်။ ဒုတိယ တစ်ကြိမ်ကတော့ ပြင်ဦးလွင် ပန်းဥယျာဉ်မှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီအချိန်က သမ္မတ ဦးသိန်းစိန်ဟာ ကျွန်မတို့ရဲ့ ကင်းထောက်အကြီးအကဲအဖြစ် ကတိသစ္စာခံယူပါတယ်။ အဲဒါက ဒုတိယတောတွင်း စခန်းချပွဲပါ။ တတိယတောတွင်း စခန်းချပွဲကလည်း ပြင်ဦးလွင်မှာပါပဲ။ ဓာတ်တော်ချိုင့်ကိုလည်း သွားရောက်ခဲ့ပါတယ်။ အဲဒီအခေါက်လည်း သမ္မတဦးသိန်းစိန် တက်ပါတယ်။ စတုတ္ထ တောတွင်းစခန်းချပွဲကိုတော့ ပုပ္ပားမှာပြုလုပ်ခဲ့ပါတယ်။ ပုပ္ပားကိုလည်း သမ္မတကြီး တက်ရောက် ခဲ့ပါတယ်။ ဒါတွေကတောတွင်း စခန်းချပွဲတွေနဲ့ ပတ်သက်တာပါ။ ကျွန်မတို့ဟာ ဒီအထူးအစီအစဉ်မှာ ယောက်ျားလေးနဲ့ မိန်းကလေး ပူးပေါင်းပြီး အတူသွားရတာကို ရှင်းပြတာ ဖြစ်ပါတယ်။
ကျွန်မတို့ဟာ ၁၉၁၆ ခုနှစ်က ၂၀၁၆ ခုနှစ် အထိဆိုတော့ နှစ်တစ်ရာပြည့်သွားပါပြီ။ ပထမတော့ ရာပြည့်အကြို ကျင်းပပါတယ်။ တကယ့် ရာပြည့်ပွဲတော်ကိုလည်း ၂၀၁၆ ခုနှစ် ဩဂုတ်လမှာ ရာပြည့်ပွဲတော်ပြုလုပ်တဲ့အခါ ကျွန်မတို့ရဲ့အစ်မကြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပါတယ်။ ဒါက ရာပြည့်ပွဲတော်ပါ။
နောက်တစ်ခုကတော့ ကျွန်မတို့ဂီတပွဲတော် ပြုလုပ်ခဲ့တာပါ။ ဂီတဟာ ကျွန်မတို့ ကင်းထောက်နဲ့ လည်း မကင်းပါဘူး။ ဂီတနဲ့ ပတ်သက်ပြီး ရှေးတုန်းက ကျွန်မတို့ ကင်းထောက်တွေ သီဆိုခဲ့တဲ့ သီချင်းတွေလည်း အများကြီးရှိပါတယ်။ ကျွန်မတို့ ကင်းထောက် ပြန်လည်ဖွဲ့စည်းခဲ့တဲ့ အချိန် မှာ ပထမဆုံးသီချင်း “အစဉ်အသင့်” သီချင်းကို ဆရာဦးမြင့်စိန် (ဒုတိယညွှန်ကြားရေးမှူး-ငြိမ်း)က စပ်ဆိုပေးခဲ့ ပါတယ်။
ဒုတိယသီချင်းတစ်ပုဒ်အနေနဲ့ “ကင်းထောက်များရဲ့ ရှေ့သို့ခြေလှမ်း” သီချင်းကို မြို့မကျောင်း ကင်းထောက်အဖွဲ့ခေါင်းဆောင် ယခင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီး ဦးဉာဏ်ထွန်းဦး(ဗိုလ်မှူးကြီး-ငြိမ်း) ကနေပြီး ဒီသီချင်းကို စပ်ဆိုပေးခဲ့ပါတယ်။ ရာပြည့်မှာ တော့ ကင်းထောက်ဂုဏ်ရည်သီချင်းကို ဆရာကြီး အလင်္ကာကျော်စွာ ဟင်္သာတဦးမြင့်ငွေ စပ်ဆိုပေးခဲ့တယ်။ အခုလည်း ငှက်ပြာကင်းထောက် ကလေးတွေအတွက် “ကူညီမယ်”ဆိုတဲ့ သီချင်း၊ ကင်းထောက်ကလေးငယ်လေးတွေအတွက် “ကင်းထောက်ဆိုသည်မှာ” ဆိုတဲ့သီချင်း တွေကို မကြာခင်မှာ အသံသွင်းမှာ ဖြစ်ပါတယ်။
ဂီတပွဲတော်ကို MS အမျိုးသားကင်းထောက်အဖွဲ့နဲ့ ကျွန်မတို့ MMGG အမျိုးသမီးကင်းထောက်အဖွဲ့တို့ ပူးပေါင်းကျင်းပခဲ့ပါတယ်။ နောက်တစ်ခုကတော့ ထူးထူး ခြားခြားလေးပါ။ ကျွန်မတို့ရဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အစ်မကြီး ဒေါ်အောင်ဆန်းစုကြည်က သူက ရှေးရှေးတုန်းက ကင်းထောက်ကြီးပါ။ သူကလည်း Chief Guide ကျွန်မတို့ရဲ့အကြီးအကဲ ကင်းထောက်အဖြစ် ကတိခံယူခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်စိန်ရတုခန်းမမှာ ကျင်းပခဲ့တာပါ။ အင်မတန်ထူးခြားတဲ့ အစီအစဉ်လေးတစ်ခု ဖြစ်ပါတယ်။ နောက်ပြီးသူက ဆက်လက်ပြီး အထက်မြန်မာပြည် မန္တလေးတိုင်းဒေသကြီးက ကင်းထောက်တွေနဲ့ တွေ့ဆုံချင်တယ် ပြောတဲ့အတွက် ကျွန်မတို့ အထက်မြန်မာပြည် မန္တလေးတိုင်းဒေသကြီး မြို့တော်ခန်းမမှာ မန္တလေးမှာရှိတဲ့ ကင်းထောက် တွေနဲ့ တွေ့ဆုံပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒါတွေက ထူးခြားတဲ့ ပွဲတော်လေး တွေဖြစ်ပါတယ်။
အစီအစဉ်မှူး။ ။ ပြည်တွင်းမှာ အခြား လှုပ်ရှားမှုတွေရှိရင်လည်း ပြောပြပေးပါဦး။
ဒေါ်ခင်စောဥမ္မာ။ ။ ဂျပန်နိုင်ငံက မစ္စကိုနီကိုက ကျွန်မတို့ကို အများကြီး ကူညီပေးခဲ့ပါတယ်။ သူက အပြည်ပြည်ဆိုင်ရာ စခန်းချသင်တန်းကို မြန်မာနိုင်ငံမှာ လေးကြိမ်ပြုလုပ်ပေးခဲ့ပါတယ်။ ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထမှာ ကျွန်မတို့ဟာ Logo လေးတွေ လုပ်ပါတယ်။ ကျွန်မတို့ဆီက ကင်းထောက်ကလေးတွေဆွဲတဲ့ Logo လေးတွေကိုအသုံးပြုသလိုပဲ တတိယအကြိမ်မှာ သူတို့ပြုလုပ်တဲ့ Logo ကို အသုံးပြုပါတယ်။
ထူးထူးခြားခြားလေးဖြစ်လို့ ကျွန်မကမျှဝေချင်တာပါ။ ကျွန်မတို့ မြန်မာနိုင်ငံမှာ တစ်နှစ်မှ တစ်ခါသာပွင့်တဲ့ ပိတောက်ပန်းနဲ့ ချယ်ရီပန်းကို အတူတကွ ပူးပေါင်းပြီး ဆွဲထား တဲ့ Logo လေး ဖြစ်ပါတယ်။
သူ့ရဲ့ ရည်ရွယ်ချက်က Friendship လို့ခေါ်တဲ့ ချစ်ကြည်ရေးပါ။ လက်တွဲကြမယ်ဆိုပြီး အဲဒီလို Theme နဲ့ ရေးပါတယ်။ ကျွန်မစဉ်းစားမိတာက International Camp ဆိုတာ သူတို့ဆီက ကင်းထောက်မယ်လေးတွေပါလာပြီး ကျွန်မတို့ဆီက ကင်းထောက် မယ်လေးတွေနဲ့ အတူပူးပေါင်းပြီး ဂျပန် - မြန်မာ အတူပါမယ်။ စခန်းမှာ အတူနေ၊ အတူစား၊ အတူလှုပ်ရှားကြမှာ ဖြစ်ပါတယ်။
အဲဒီအခါ သူတို့က မိုင်ပေါင်းများစွာက သယ်ဆောင်လာတဲ့ သူတို့ရဲ့ ဘာသာစကား၊ ယဉ်ကျေးမှုတွေ သယ်ဆောင်လာပြီး ဒါတွေကို ဖလှယ်တဲ့အခါ ချစ်ကြည်ရင်းနှီးမှုက ပိုပြီးဖြစ်လာတယ်လို့ ယူဆပါတယ်။ သူတို့ရဲ့ Theme ဖြစ်တဲ့ လက်တွဲမယ်ဆိုတာနဲ့ လည်းကိုက်ညီတယ်လို့ ကျွန်မ ချီးကျူးမိပါတယ်။ မြန်မာနိုင်ငံမှာ ဒီလိုစခန်းချတွေ့ဆုံ ပွဲတွေ ပြုလုပ်ခြင်းအားဖြင့် ကျွန်မတို့ နှစ်နိုင်ငံကလည်း ချစ်ကြည်ရင်းနှီးမှုတွေ အများကြီးတိုးတက်မယ်လို့ ထင်ပါတယ်။
အစီအစဉ်မှူး။ ။ ပြည်တွင်းမှာဆိုရင်လည်း မတူညီတဲ့ တိုင်းရင်းသားလူမျိုး၊ ရိုးရာဓလေ့တွေ ရှိမယ်။ ဒါတွေတင်မကဘဲ ပြည်ပမှာဆိုရင်လည်း အခြားနိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှုတွေပါ ပေါင်းစပ်ပြီး ရင်းနှီးခွင့်ရတဲ့ အခွင့်အလမ်းတွေဟာ ကင်းထောက် အမျိုးသမီးထုကြီးက ဖလှယ်တဲ့ အစီအစဉ်တွေမှာ တွေ့မြင်ရတယ်။ ပြည်ပအစီအစဉ်တွေမှာရော ဘယ်လိုတွေ ရှိပါသလဲ။ ဆက်လက်ပြီး ပြောပြပေးပါဦး။
ဒေါ်ခင်စောဥမ္မာ။ ။ ပြည်ပအစီအစဉ်အနေနဲ့ အနောက် နိုင်ငံတွေမှာ ပြုလုပ်တဲ့ ကွန်ဖရင့်တွေရှိ တယ်။ အာရှ-ပစိဖိတ်ဒေသတွင်းမှာလည်း ပြုလုပ်တဲ့ကွန်ဖရင့်တွေရှိတယ်။ သုံးနှစ် တစ်ကြိမ် ပြုလုပ်ပါတယ်။ အဲဒီလို သုံးနှစ် တစ်ကြိမ်ပြုလုပ်တဲ့အခါ ပထမ APR အနေ နဲ့သွားတဲ့အခါ ကျွန်မတို့ကို ဘာ Certificate ပေးသလဲဆိုတော့ Country Working Toward Membership ရအောင် ကြိုးစားနေတဲ့နိုင်ငံအဖြစ် အသိအမှတ်ပြုပါတယ်။
အဲဒီပွဲကို တက်တဲ့အခါ ထူးခြားတာက ပိတ်ပွဲလေးက ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ပြုလုပ်တာပါ။ ဂျပန်မင်းသမီးတက်ပါတယ်။ အစီအစဉ်တွေထဲမှာ ကိုယ့်နိုင်ငံက အဝတ်အစားကိုဝတ်ပြီး လမ်းလျှောက်ပြရမယ်ဆိုလို့ ကျွန်မလမ်းလျှောက်ပြခဲ့ပါတယ်။ ဒီလို ကင်းထောက် ဆိုင်ရာ ကမ္ဘာ့အဆင့်ပွဲတွေမှာ ပါဝင်ဆောင်ရွက်ခဲ့တဲ့အတွက် ကျွန်မတို့ မြန်မာနိုင်ငံဟာ ၁၂၆ နိုင်ငံအဖြစ် Associate Membership Certificate ရခဲ့ပါတယ်။ အဲဒါ ကလည်း Vote ပေးပြီးရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံခြားကို စပြီးရောက်သွားလိုက်တာနဲ့ မြန်မာနိုင်ငံရဲ့ ယူနီဖောင်းက စကတ်လည်းမဟုတ်၊ ဘောင်းဘီလည်းမဟုတ်ဘဲ အင်မတန် ထင်ရှားတဲ့အတွက် ရောက်တဲ့ နေရာမှာ မြန်မာ၊ မြန်မာနဲ့ ဖက်လဲတကင်းရှိကြပါတယ်။ ကျွန်မတို့လည်း နွေးထွေးမှုကို ခံစားရပါတယ်။ အဲဒီမှာလည်း ကျွန်မတို့တွေ Certificate လေးကို ယူခဲ့ရပါတယ်။ ဒါက ကျွန်မတို့ရဲ့ World နဲ့ Asia Pacific ပါ။
နောက်ထူးခြားတာလေး တစ်ခုက Senior Guides လို့ ခေါ်တဲ့ အသက်ကြီးတဲ့သူတွေချည်းပဲ စင်ကာပူမှာတစ်ကြိမ်၊ မလေးရှားမှာတစ်ကြိမ် သွားရောက်တက်ခဲ့ပါတယ်။ စင်ကာပူမှာကျတော့ ပထမဆုံးအကြိမ်ဆိုတော့ အတွေ့အကြုံက မသိသေးဘူး။ နောက်တစ်ကြိမ် မလေးရှားကို သွားတဲ့အခါ အတွေ့အကြုံက ရှိနေပါပြီ။ စင်ကာပူမှာ လုပ်တုန်းက နောက်တစ်ကြိမ်ကျ မြန်မာနိုင်ငံမှာ လုပ်ပါရစေလို့ ချည်းကပ်ပေမယ့် လက်မခံခဲ့ပါဘူး။ ဘာဖြစ်လို့ လက်မခံခဲ့လဲ ဆိုတော့ ကျွန်မတို့မှာ ရုံးခန်းပီပီပြင်ပြင် မရှိတာရယ်၊ ဝန်ထမ်းအင်အား မရှိသေးတာရယ်၊ ပစ္စည်းကိရိယာ မရှိသေးတာတွေကြောင့်ပါ။
ကမ္ဘာတစ်ဝန်းက လာမယ့်သူတွေ အတွက် စီစဉ်ပေးဖို့ အဆင်မပြေသေးတဲ့အတွက် ကျွန်မတို့က လက်မခံခဲ့တာပါ။ မလေးရှားကို သွားတဲ့အခါကျတော့ ကျွန်မတို့ဆီကို လာဖို့ပြောပါတယ်။ အဲဒီမှာလည်း ဘာထူးခြားတာရှိသလဲဆိုတော့ ကျွန်မတို့က အသက်ကြီးတဲ့သူတွေ ဖြစ်ပေမယ့် အချက် အပြုတ်နည်း သင်ပေးတာရှိတယ်။ သတင်းစာနဲ့ ဖြတ်ညှပ်ကပ်ပြီး ဝတ်စုံတစ်ခါတည်း ချုပ်ပေးတာပါ။ ချုပ်ပေးပြီး ဝတ်ခိုင်းပြီးတော့ လမ်းလျှောက်ခိုင်းပြီး ပြိုင်ခိုင်းပါတယ်။ ပြိုင်ခိုင်းတော့ ကျွန်မတို့ ပါဝင်ခဲ့ပါတယ်။ ဒါလေးတွေက အတွေ့အကြုံတစ်ခုပါ။
တာရာ၊ ကေကေ
(ဆက်လက်ဖော်ပြပါမည်)