Skip to main content

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ (၁)

 

၂၀၁၉ ခုနှစ် ကုန်ဆုံး၍၂၀၂၀ပြည့်သို့ ကူးပြောင်းလာခဲ့ပေ ပြီ၊ ၂၀၂၀ ပြည့်နှစ်နှစ်သစ်တွင် ကမ္ဘာကြီးထာဝရငြိမ်းချမ်း ပါစေ၊ ကမ္ဘာကြီးသာယာဝပြောပါစေ၊ ကမ္ဘာသူကမ္ဘာသားတွေ ကျန်းမာချမ်းသာကြပါစေ၊ အားလုံးသော ကမ္ဘာသူ ကမ္ဘာသားများက ဆုတောင်းမေတ္တာခြုခဲ့ကြသည်။ ကျွန်ုပ်တို့မြန်မာနိုင်ငံသူ နိုင်ငံသားများကလည်း မိမိတို့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ထာဝရငြိမ်းချမ်း ပါစေ၊သာယာဝပြောသောနိုင်ငံတော်ကြီးဖြစ်ထွန်းပါစေ၊ နိုင်ငံသူနိုင်ငံသားတွေ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ကြပါစေ၊ နှစ်သစ်ကူးအခါသမယတွင် ဆုတောင်းမေတ္တာခြွေခဲ့ကြသည်။

ထူးသောနှစ်

၂၀၂၀ ပြည့်နှစ်အတွင်း မြန်မာနိုင်ငံ၏ တတိယ အကြိမ် လွှတ်တော်သက်တမ်းအတွက် ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို ကျင်းပရန် ရှိပါမည်။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များ အတွက် လွှတ်တော်ကိုယ်စားလှယ်များကို မဲဆန္ဒရှင် ပြည်သူများက ဆန္ဒမဲပေး၍ ရွေးကောက် တင်မြှောက် ကြရမည်။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီး ၏ရလဒ်က မြန်မာနိုင်ငံ၏ ရှေ့ခရီးအတွက် လမ်းညွှန် ပြသ အဆုံးအဖြတ်ပေးနိုင်သည့် အကျိုးသက်ရောက်မှု ဖြစ်စေနိုင်မည်ဟု တွေးထင်မိသည်။ ထို့ကြောင့် ၂၀၂၀ ပြည့်နှစ်သည် မြန်မာနိုင်ငံသူ နိုင်ငံသားများအတွက် ထူးသောနှစ်တစ်နှစ် ဖြစ်ပါမည်။ အရေးကြီးသောနှစ်ဟု လည်း ဆိုနိုင်ပါမည်။ ဤသို့ဆိုလျှင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးတွင် ပြည်သူအများ ပါဝင်ဆင်နွှဲနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အကြောင်းအရာများကိုသိရှိထားရန်လိုပါမည်။နှစ်သစ်မင်္ဂလာအခါတွင်ကြိုတင်မျှဝေပါရစေ။

လွှတ်တော်များ၏သက်တမ်း

ပြည်သူ့လွှတ်တော်၏သက်တမ်းသည် ယင်း လွှတ်တော်၏ ပထမအကြိမ် အစည်းအဝေးကျင်းပသည့် နေ့ရက်မှစတင်၍ ငါးနှစ်ဖြစ်သည်။ အမျိုးသားလွှတ်တော် နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော်တို့၏ သက်တမ်းသည်လည်း ပြည်သူ့ လွှတ်တော်၏သက်တမ်းနှင့်အညီ ဖြစ်သည်။ ပြည်သူ့ လွှတ်တော်သက်တမ်းကုန်ဆုံးသောနေ့တွင် အမျိုးသား လွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်တို့၏ သက်တမ်းသည်လည်း ကုန်ဆုံး သည်။

 ပြည်သူ့လွှတ်တော်သက်တမ်းရေတွက်ပုံ

ပြည်သူ့လွှတ်တော်သက်တမ်း ငါးနှစ်အတွက် ရေတွက်ခြင်းကို ပြည်သူ့ လွှတ်တော်၏ ပထမအကြိမ် အစည်းအဝေးစတင်ကျင်းပသည့်နေ့ရက်မှစ၍ ရေတွက် ရသည်။ ပထမအကြိမ်အစည်းအဝေး စတင် ကျင်းပခြင်း နှင့်စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၁၂၃ တွင် ပြည်သူ့လွှတ်တော်၏သက်တမ်းတစ်ရပ် စတင်သော ပထမအကြိမ် ပုံမှန်အစည်းအဝေးကို အထွေထွေ ရွေးကောက်ပွဲ စတင်ကျင်းပသည့်နေ့ရက်မှ ရက်ပေါင်း ၉၀ အတွင်း ကျင်းပရမည်ဟူ၍ ပြဋ္ဌာန်းထားသည်။

ပထမအကြိမ် လွှတ်တော်သက်တမ်းအတွက် အထွေထွေရွေးကောက်ပွဲကို ၇-၁၁ - ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပခဲ့ပြီး ပြည်သူ့ လွှတ်တော် ပထမအကြိမ်ပုံမှန် အစည်းအဝေးကို ၃၁-၁-၂၀၁၁ ရက်နေ့တွင် စတင် ကျင်းပ ခဲ့သည်။ သတ်မှတ်သည့် ရက်ပေါင်း ၉၀ အတွင်း ကျင်းပ  ခဲ့သည်။ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွက် အထွေထွေရွေးကောက်ပွဲကို ၈- ၁၁ -၂၀၁၅ ရက်နေ့တွင် ကျင်းပခဲ့သည်။ ပြည်သူ့လွှတ်တော် ပထမအကြိမ်ပုံမှန် အစည်းအဝေးကို ၁-၂-၂၀၁၆ ရက်နေ့တွင် စတင်ကျင်းပ ခဲ့သည်။ သတ်မှတ်သည့်ရက်ပေါင်း ၉၀ အတွင်း ကျင်းပခဲ့ သည်။

 ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကျင်းပမည့်နေ့ရက်

တတိယအကြိမ် လွှတ်တော်သက်တမ်းအတွက် အထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ် မည်သည့်လ၊ မည်သည့်နေ့ရက်တွင် ကျင်းပမည်ကို အများပြည်သူတို့ သိချင်နေကြသည်။ ၂၀၁၀ ပြည့်နှစ်အထွေထွေရွေးကောက် ပွဲကို ယင်းနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် လည်းကောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို ယင်းနှစ် နိုဝင်ဘာလ ၈ရက်နေ့တွင် လည်းကောင်း ကျင်းပခဲ့သောကြောင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကိုလည်း ထိုလထဲတွင် ကျင်းပလိမ့်မည်ဟု ခန့်မှန်းကြသည်။

လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံ၏ရွေးကောက်ပွဲများ

၁၉၄၇ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင် တိုင်းပြည်ပြုလွှတ်တော်က ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့သည်။ ယင်းဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ နှင့်အညီ ၄ - ၁- ၁၉၄၈ ခုနှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် လွတ်လပ်၍ အချုပ်အခြာအာဏာပိုင်သော နိုင်ငံတော်အဖြစ် ကမ္ဘာ့မိသားစု နိုင်ငံများအလယ် တင့်တယ်စွာ ပေါ်ထွန်းလာခဲ့ သည်။

၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်နှင့် လူမျိုးစုလွှတ်တော်နှစ်ရပ်အတွက် ရွေးကောက်ပွဲ များကျင်းပ၍ မဲဆန္ဒရှင်များက ဆန္ဒမဲပေးကာ အမတ်များကို ရွေးချယ်တင်မြှောက်ကြရသည်။ ပါတီပေါင်းစုံတို့မှ အမတ် လောင်းများနှင့် တစ်သီး ပုဂ္ဂလအမတ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံကြသည်။ ပါတီစုံဒီမိုကရေစီ ရွေးကောက် ပွဲစနစ်ဖြစ်သည်။

ပါလီမန်ဒီမိုကရေစီခေတ်တွင် ပထမအကြိမ် အထွေ ထွေရွေးကောက်ပွဲကို ၁၂-၁ - ၁၉၅၁ ရက်နေ့မှ ၃ - ၁ - ၁၉၅၂ ရက်နေ့ အထိ သုံးကြိမ်ခွဲ၍ လည်းကောင်း၊ ဒုတိယ အကြိမ်ကို ၂၇ - ၄ - ၁၉၅၆ ရက်နေ့တွင် လည်းကောင်း၊ တတိယအကြိမ်ကို ၆-၂-၁၉၆၀ပြည့်နှစ်တွင်လည်းကောင်း ကျင်းပခဲ့သည်။ ယင်းနောက် ၁၉၇၄ ခုနှစ်အထိ မြန်မာနိုင်ငံ တွင် လွှတ်တော်ရွေးကောက်ပွဲများ ကျင်းပခြင်းမရှိခဲ့ပါ။

၁၉၆၂ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ ကာလများသည် တော်လှန်ရေးကောင်စီအစိုးရအုပ်ချုပ်သော ကာလဖြစ် သည်။ တော်လှန်ရေး ကောင်စီအစိုးရသည် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ၃ - ၁ - ၁၉၇၄ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။ ယင်းဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူ့လွှတ်တော် တစ်ရပ်တည်း ထားရှိသည်။

ရွေးကောက်တင်မြှောက်ပုံစနစ်မှာ တစ်ပါတီ ဦးဆောင်မှုစနစ်ဖြစ်၍ မြန်မာဆိုရှယ်လစ်လမ်းစဉ် ပါတီတစ်ခုတည်းက ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သည်။ မဲဆန္ဒနယ်တစ်နယ်တွင် ပါတီကရွေးချယ်သော ကိုယ်စားလှယ်တစ်ဦးတည်းကိုသာ ဆန္ဒမဲပေး ရွေးချယ် ရသဖြင့် ဆန္ဒမဲပေးသူများ၏ ဆန္ဒမဲထက်ဝက်ကျော် ရရှိသူသည် ရွေးကောက်တင်မြှောက်ခံရသူဖြစ်သည်။

ပြည်သူ့ကောင်စီခေတ် ရွေးကောက်ပွဲများကို လေးနှစ် တစ်ကြိမ်ကျင်းပခဲ့ရာ လွှတ်တော်သက်တမ်း ပထမ အကြိမ်အတွက် ၇-၁၂-၁၉၇၃ ရက်နေ့တွင်လည်းကောင်း၊ ဒုတိယအကြိမ်အတွက် ၁၉ - ၈ - ၁၉၇၇ ရက်နေ့တွင် လည်းကောင်း၊ တတိယအကြိမ်အတွက် ၂၁ -၃ - ၁၉၈၁ ရက်နေ့တွင် လည်းကောင်း၊ စတုတ္ထအကြိမ်အတွက် ၂၃ - ၁၉၈၅ ရက်နေ့တွင်လည်းကောင်း လေးကြိမ် ကျင်းပ ခဲ့သည်။

၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့မှစ၍ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစိုးရက နိုင်ငံကို အုပ်ချုပ်ခဲ့သည်။ နိုင်ငံတော်ငြိမ်ဝပ် ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည် ၂၁ - ၉ - ၁၉၈၈ ရက် နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကော်မရှင် ဥပဒေ၊ ၂၇ - ၉-၁၉၈၈ ရက်နေ့တွင် နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်းဥပဒေနှင့် ၃၁ - ၅ -၁၉၈၉ ရက် နေ့တွင် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေတို့ကို ပြဋ္ဌာန်းခဲ့သည်။ ၁၉၉၀ ပြည့်နှစ် မေလ ၂၇ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပခဲ့သည်။ ပြည်သူ့လွှတ်တော်တစ်ရပ်တည်းအတွက်ဖြစ်သည်။ နိုင်ငံရေး ပါတီပေါင်း ၉၃ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်နိုင်မှု မရှိခဲ့ပါ။

ပြည်သူနှင့် ရွေးကောက်ပွဲအတွေ့အကြုံ

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ဖြစ်ပေါ်ခဲ့သည့် ရွေးကောက်ပွဲများကို ခြုံ၍သုံးသပ်ရလျှင် ယနေ့အချိန်တွင် ပါလီမန် ဒီမိုကရေစီခေတ်ကာလ ရွေးကောက်ပွဲအတွေ့ အကြုံများကို ကိုယ်တိုင်သိရှိခဲ့သူများ လွန်စွာမှ နည်းပါး လျက်ရှိနေပါမည်။ မြန်မာဆိုရှယ်လစ်ပါတီခေတ်က ရွေးကောက်ပွဲများကို ကြုံတွေ့ခဲ့ရသူများပြားသော်လည်း တစ်ပါတီစနစ်တွင် တစ်ပါတီတည်း ဝင်ရောက် ယှဉ်ပြိုင် အရွေးခံရခြင်းဖြစ်၍ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အတွေ့အကြုံများ မရှိခဲ့ကြပါ။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲက ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲအတွေ့အကြုံများ ပေးနိုင်ခဲ့သည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၁၅ ခုနှစ်တွင် အထွေထွေရွေးကောက်ပွဲ တစ်ကြိမ်နှင့် ၂၀၁၀ပြည့်နှစ်တွင် အထွေထွေ ရွေးကောက်ပွဲ တစ်ကြိမ်၊ နှစ်ကြိမ်သာကြုံဖူးခဲ့ကြရသည်။ ယင်းတွင် ၂၀၁၂ ခုနှစ်၊ ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ များတွင် သက်ဆိုင်သည့် မဲဆန္ဒနယ်များမှ မဲဆန္ဒရှင် ပြည်သူများလည်း အပါအဝင်ဖြစ်သည်။ ထူးခြားသည်မှာ ၂၀၁၅ ခုနှစ်က ကျင်းပခဲ့သည့်အထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈နှစ်မပြည့်သေး၍ မဲမပေးလိုက်ရသည့်  လူငယ်လေးသန်းနီး ပါးခန့်သည်လည်း ဆန္ဒမဲပေးရာတွင် ပါဝင်ပါလိမ့်မည်။ ဤသည်ကိုကြည့်ခြင်းအားဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ တွင် ဆန္ဒမဲပေးမည့် မဲဆန္ဒရှင် ပြည်သူများသည်ပါတီစုံအထွေထွေရွေးကောက် ပွဲ မဲပေးခြင်းအတွေ့အကြုံ လုံးဝမရှိသေးသူများနှင့် အများဆုံး သုံးကြိမ်မှ လေးကြိမ်သာရှိသူများ ဖြစ်သဖြင့် အတွေ့အကြုံနည်းနေသေးသည်ဟု ဆိုနိုင်သည်။

ရွေးကောက်ပွဲဖြင့်သာ

မြန်မာနိုင်ငံပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူ အားလုံးတို့သည် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်ထွန်းပေါ် ပေါက်ရေး လိုလားတောင့်တနေကြ သည်။ ကြိုးပမ်းအားထုတ်နေကြသည်။ မိမိတို့လိုလား | တောင့်တချက်များ အောင်မြင်ဖို့ ရွေးကောက်ပွဲများကို ဖြတ်သန်းသွားရပါမည်။ ရွေးကောက်ပွဲဖြင့်သာ ဒီမို ကရေစီစနစ်၊ ဒီမိုကရေစီနိုင်ငံကို ထူထောင်နိုင်ပါမည်။ ဒီမိုကရေစီ၏ အခြေခံသည် ရွေးကောက်ပွဲများသာဖြစ်သည်။

ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတည်း ဟူသော နိုင်ငံတော်၏အချုပ်အခြာအာဏာသည် နိုင်ငံသား ပြည်သူများထံ တွင်ရှိသည်။ နိုင်ငံသားပြည်သူများ သည် မိမိတို့ပိုင်ဆိုင်သော၊ မိမိတို့လက်ဝယ်တွင်ရှိသော နိုင်ငံတော်၏အချုပ်အခြာအာဏာကို ရွေးကောက်ပွဲ ကျင်းပပြီး မဲဆန္ဒရှင်များမှတစ်ဆင့် ဆန္ဒမဲများပေးကာ ရွေးကောက်တင်မြှောက်၍မိမိတို့၏လွှတ်တော်ကိုယ်စား လှယ်များသို့ လွှဲအပ်ကြရသည်။ ဒီမိုကရေစီစနစ်၊ ဒီမို ကရေစီခေတ်တွင် ရွေးကောက်ပွဲနှင့်ပြည်သူ၊ ပြည်သူနှင့် ရွေးကောက်ပွဲ အစဉ်အမြဲ ဒွန်တွဲလျက်ရှိနေပါမည်။

နှစ်သစ်ဦးဆုမွန်

ဤအချိန်သည်ကား ၂၀၁၉ ခုနှစ် နှစ်ဟောင်းကုန်၍ ၂၀၂၀ ပြည့်နှစ် နှစ်သစ်ဦး အချိန်အခါသမယဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်အတွင်း ပါတီစုံအထွေထွေရွေးကောက် ပွဲကြီးနှင့် ကြုံတွေ့ကြရပါမည်။ နိုင်ငံတော်၏ ရှေ့ခရီး တွင် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ကောင်းကျိုးချမ်းသာများကို ဆောင်ရွက်ပေးနိုင်မည့် ခေါင်းဆောင်ကောင်း၊ လူတော်လူကောင်းများကို ဆန္ဒမဲ ပေးကာ ရွေးကောက်တင်မြှောက်ကြဖို့ ပြင်ဆင်ဆောင် ရွက်မှုများ ပြုကြရပါမည်။ ရွေးကောက်ပွဲအတွေ့အကြုံ များ လေ့လာရပါမည်။ လက်ဆင့်ကမ်း၍ ဖြန့်ဝေပေးကြ ရပါမည်။ ကိုယ်စီကိုယ်စီတာဝန်တွေယူကြရပါမည်။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးကို နိုင်ငံသူနိုင်ငံသားအားလုံး မိမိတို့နိုင်ငံ၊ မိမိတို့အကျိုးစီးပွား ( အတွက် မိမိတို့ကိုယ်တိုင် အားအင်အပြည့်ဖြင့် ပါဝင် ဆင်နွှဲကြရပါမည်။

၂၀၂၀ ပြည့်နှစ်သည်ကား ပြည်ထောင်စုကြီးထာဝရ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး ဖြစ်ထွန်းပေါ် ပေါက်ရေး၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး သာယာဝပြောချမ်းမြေ့ပျော်ရွှင်ရေးတို့ကို ဆောင်ကြဉ်း ပေးနိုင်သည့် နှစ်နှစ်မြတ် ဖြစ်ပါစေကြောင်း တိုင်းရင်း သား ပြည်သူအားလုံးနှင့်အတူ ဆုတောင်းမေတ္တာပို့သ လိုက်ရပါသည်။

ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းပါစေ၊

ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးဖြစ်ထွန်းပေါ်ပေါက်ပါစေ၊

တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး သာယာ ဝပြော ချမ်းမြေ့ပျော်ရွှင်ကြပါစေ။

မောင်စာဂ

 ၂ဝ၂ဝ ပြည့်နှစ်အတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို ကျင်းပတော့မည်ဖြစ်ရာ အဆိုပါရွေးကောက်ပွဲကြီးနှင့် ပတ်သက်၍ ရွေးကောက်ပွဲဆိုင်ရာ အကြောင်းအရာများကို ပြည်သူများ သိရှိလေ့လာနိုင်ရန် ဖော်ပြပေးသွားပါမည်။ ဆောင်းပါးတွင်ပါရှိသည့် အကြောင်းအရာများသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။

(စာတည်းအဖွဲ့)