Skip to main content

ကနောင်နှင့် မဟာမုနိန်တံကဲတော်

မြို့နယ်ပေါင်း ၃၃၀ ဖြင့် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံတွင် မြို့နယ်တစ်ခုချင်းစီ၌ ထူးခြားသော သွင်ပြင်လက္ခဏာများ၊ ယဉ်ကျေးမှုအမွေအနှစ်များ၊ သမိုင်း အထောက်အထားများ၊ ဓလေ့ထုံးတမ်းများ ရှိကြသည်။ ယင်းတို့အနက် ရုပ်ဝတ္ထုပစ္စည်းများ အဖြစ် ရှေးဟောင်းအဆောက်အအုံများ၊ ဘာသာရေးဆိုင်ရာ ဆင်းတုရုပ်ပွားတော်များ၊ စေတီပုထိုးများကို မြင်တွေ့ကြရပေသည်။

ပြည်သူအများစုက ထေရဝါဒဗုဒ္ဓဘာသာကို ကိုးကွယ်ကြသည့် မြန်မာ နိုင်ငံတွင် စေတီပုထိုးများနှင့် ဗုဒ္ဓဆင်းတုရုပ်ပွားတော်များကို မြို့နယ်တိုင်း နီးပါးတွင် မြင်တွေ့ကြရပြီး အရွယ်မျိုးစုံ၊ ဟန်မျိုးစုံ ဗုဒ္ဓဆင်းတု ရုပ်ပွားများ ကို ဗုဒ္ဓဘာသာဝင်များ၏ နေအိမ်တိုင်းနှင့် ဘုရားကျောင်းကန်များတွင် တွေ့မြင်ကြရသည်။

ဗုဒ္ဓဆင်းတုတော်များကိုလျောင်း၊ ထိုင်းရပ်၊ သွားဣရိယာပုဒ်လေးပါးအနက် ဟန်တစ်မျိုးမျိုးဖြင့် ထုလုပ်ကြပြီး ထိုင်တော်မူနှင့် ရပ်တော်မူရုပ်ပွားတော် အချို့၏ ကျောဘက်တွင် သစ်သားတံကဲ(ပလ္လင်နောက်မှီ)တစ်ခုကို ထားရှိလေ့ ရှိသည်။ ကြီးမားသော ဆင်းတုတော်များ၏တံကဲတော်များကို ကနုတ်ပန်းများ၊ ရုပ်လုံးရုပ်ကြွများဖြင့် ထုလုပ်တန်ဆာဆင်ခဲ့ကြသဖြင့် ပခုက္ကူမြို့ရှိ ရွှေကူတံကဲ အပါအဝင် မြန်မာမှုလက်ရာတံကဲများသည် အလွန်ထင်ရှားခဲ့ရာ ဧရာဝတီတိုင်း ဒေသကြီး မြန်အောင်မြို့နယ် ကနောင် မြို့ရှိ မဟာမုနိန်မြတ်စွာဘုရားကြီး၏ တံကဲတော်သည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။

သမိုင်းထဲမှမြန်အောင်နှင့် ကနောင်

မြန်မာသက္ကရာဇ် ၁၁၁၆ ခုနှစ် တပေါင်းလဆုတ် ၇ ရက်(ခရစ်နှစ် ၁၇၅၅ ခုနှစ် မတ်လ ၄ရက်)တွင် အလောင်းမင်းတရား ဦးအောင်ဇေယျသည် ဧရာဝတီ မြစ်ကမ်းပေါ်ရှိ ဂူထွတ်ခေါ်လွန်ဆေးကို အောင်နိုင်ခဲ့ပြီး သစ်မြို့ကိုတည်၍ ရန် အပေါင်းအားလျင် မြန်စွာ အောင်မြင်ခဲ့သည့် အထိမ်းအမှတ်အဖြစ် မြန်အောင်ဟု အမည်ပေးခဲ့ပြီး ဖောင်တော်ဦးရပ်၌ ရွှေဘုံသာစေတီကို တည် ထားခဲ့ ရာ ယနေ့တိုင် ဖူးမြင်နိုင်ကြပေသည်။

ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနသည် မြန်အောင်မြို့ကို ၁၉၇၃ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်တွင်လည်းကောင်း၊ ကနောင်မြို့ ကို ၁၉၇၃ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့တွင်လည်းကောင်း ဖွဲ့စည်းခဲ့သည်။ လက်ရှိအချိန် တွင် မြန်အောင်မြို့နယ် ၌ မြို့နှစ်မြို့၊ ရပ်ကွက် ၁၁ ခု၊ ကျေးရွာအုပ်စု ၅၈ အုပ်စု နှင့် ကျေးရွာ ၅၁၇ ရွာ ပါဝင်သည်။

မြန်အောင်မြို့နယ်သည် အရှေ့မှအနောက်သို့ ၄၇ မိုင်နှင့် တောင်မှ မြောက်သို့ ၂၈ မိုင် ရှည်လျား၍၆၉၉ ဒသမ ၃၁၄ စတုရန်းမိုင် ကျယ်ဝန်းသည်။ မြန်အောင်မြို့မှာမူ ၂ ဒသမ ၅၈၂ စတုရန်းမိုင်ကျယ်ဝန်း၍ ကနောင်မြို့သည် ၁ ဒသမ ၃၈ စတုရန်းမိုင် ကျယ်ဝန်းသည်။

ဧရာဝတီမြစ်သည်မြန်အောင်မြို့၏ အရှေ့ဘက်တွင် မြောက်မှတောင်သို့ စီးဆင်းနေကာ ရခိုင်ရိုးမသည် မြန်အောင်မြို့နယ်၏ အနောက်ဘက်တွင် တည်ရှိသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၆၇ ပေသာ မြင့်သည့် မြန်အောင်မြို့နယ်သည် တောင်ဘက် တွင် အင်္ဂပူမြို့နယ်နှင့် မြောက်ဘက်တွင် ကြံခင်းမြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ ပူအိုက်စွတ်စိုသော ရာသီဥတုရှိ၍ မိုးရွာသွန်းမှုများပြားသည့် မြန်အောင်မြို့နယ်တွင် ဧရာဝတီ မြစ်ရေကြီးမှုကြောင့် ကမ်းပြိုမှုများကို နှစ်စဉ်ကြုံတွေ့ရလေ့ရှိသည်။

မြို့နယ်လူဦးရေ ၂၅၆၉၂ ဦးအနက် ဗမာလူမျိုးများက ၉၄ ဒသမ ၄ ရာခိုင်နှုန်း ဖြစ်ကာ ကရင်လူမျိုးများလည်း အနည်းငယ် နေထိုင်ကြသည်။ လူဦးရေ အများစုသည် ဗုဒ္ဓဘာသာကိုကိုးကွယ်ကြကာ ခရစ်ယာန်၊ ဟိန္ဒူ နှင့် အစ္စလာမ်ဘာသာ ကိုးကွယ်သူများ လည်း အနည်းငယ်ရှိသည်။

မြန်အောင်မြို့နယ်တွင် အထက်တန်းကျောင်းကိုးကျောင်း၊ အလယ်တန်း ကျောင်း ၁၉ ကျောင်း၊ မူလတန်းကျောင်း၂၃၆ ကျောင်း၊ ခုတင် ၅ဝ ဆုံ မြို့နယ် ပြည်သူ့ ဆေးရုံ၊ ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံငါးရုံ၊ ကျေးလက်ကျန်းမာရေး ဌာနကိုးခုတို့ကို ဖွင့်လှစ်ထားသည်။

ကနောင်မြို့သည် မြန်အောင်မြို့မှ တောင်ဘက်ယွန်းယွန်းသို့ ဧရာဝတီ မြစ်အတိုင်း ခုနစ်မိုင်ကွာဝေး၍ အင်းဝခေတ်တွင် မွန်လူမျိုးများ နေထိုင်ခဲ့ သည်။ ကနောင်မြို့ အနီး ဧရာဝတီမြစ်အတွင်း၌ အဝ ခြောက်တောင်နှင့် အနက်အတောင် ၂၀ ကျော်ရှိ သည့် စုပ်ဝဲနှင့် မှုတ်ဝဲကြီးရှိခဲ့ရာ ယင်းဝဲကြီးများကို မွန်ဘာသာဖြင့် ခနောင်းကြီးနှင့် ခနောင်းလေးဟု ခေါ်ဆိုခဲ့ကြသည်။ ခနောင်း ကြီးဝဲအနီးရှိ ဆိပ်ကမ်းသည် တစ်စတစ်စနှင့် စည်ပင်ခဲ့ကာ အရောင်းအဝယ် လှေကြီးများ နားခိုသည့်နေရာ ဖြစ်လာခဲ့သည်။

မြန်မာသက္ကရာဇ် ၉၉၉ ခုနှစ်တွင်ထုတ်ပြန်သည့် သာလွန်မင်း အမိန့်တော် ပြန်တမ်းတွင် ခနောင်းမြို့ကို အရပ်လေးမျက်နှာသို့ နှစ်တိုင်စီတိုးချဲ့၍ နယ်လေး ရပ် သတ်မှတ်ခဲ့ပြီး ညောင်ရမ်းခေတ် မြန်မာသက္ကရာဇ် ၁၀၉၅ ခုနှစ်တွင် ခနောင်းကြီးမြို့ဟု သတ်မှတ်ခဲ့သည်။

ခနောင်းသည် ပုသိမ် ၃၂ မြို့တွင် ကျိုက်သဘော အမည်ဖြင့် ပါဝင်ခဲ့ကာ အလောင်းမင်းတရားဂူထွတ်ကို အောင်ခဲ့ပြီးနောက် ခနောင်းကို ဇေယျာကျွန်းဟု အမည်ပေးခဲ့ကြောင်း ကနောင်သမိုင်းမှတ်တမ်းတွင် ဖော်ပြထားသည်။ မာဃ ပြုစုသည့် ပုသိမ် ရာဇဝင်စာအုပ်အရ ကနောင်သည် ကျိုက်တော်၊ ကျိုက်တော သုံးမြိုင်ဆိုင်နှင့် ကနောင်ဟု အမည်သုံးမျိုးရှိခဲ့သည်။ ဆင်ဖြူရှင် မင်းလက်ထက် မြန်မာသက္ကရာဇ် ၁၁၂၅ ခုနှစ်တွင် ခနောင်ကို အသီဝန်မင်းကအုပ်ချုပ်ခဲ့ချိန်တွင် ကနောင်ဟု အမည်တွင်ခဲ့သည်။ အချို့ကလည်း မွန်အမည် ခနောင်းမှ ခနောင်၊ ကနောင်ဟု ပြောင်းလဲခဲ့ကြောင်း ယူဆကြသည်။

ကနောင်မင်းသားသည် ကနောင်မြို့ကို စားခဲ့ရသော်လည်း ကနောင်သို့မရောက်ရှိခဲ့ကြောင်း ကနောင်သမိုင်းကို ပြုစုခဲ့သူ ဝါဆို ကျောင်းဆရာတော် ဦးစန္ဒောဘာသက မိန့်ကြားခဲ့သည်။ သာယာဝတီမင်းသည် သားတော်မောင်တောင် (နောင်တွင် ကနောင် မင်းသားဖြစ်လာသူ)ကို ငယ်စဉ်ကပင် ကနောင်ကို စားစေခဲ့သည်။ မောင်တောင် အရွယ်ရောက်လာချိန်တွင် ကနောင် ၊ သည် အင်္ဂလိပ်လက်အောက်သို့ရောက်ရှိနေပြီဖြစ်သဖြင့် ကနောင်သို့သွားရောက် ခွင့်မရရှိခဲ့ချေ။

ယခုအချိန်တွင် ကနောင်မြို့ ကိုရပ်ကွက်ငါးခုဖြင့်ဖွဲ့စည်းထားကာ တိုက်နယ် ၊ ဆေးရုံတစ်ရုံနှင့် အစိုးရအထက်တန်းတစ်ကျောင်းကို ဖွင့်လှစ်ထားပြီး မိသားစု ၈၉၁ စု၊ လူဦးရေ ၃၂၅၉ ဦး နေထိုင်လျက်ရှိသည်။

မြန်မာ့တံကဲ

တံကဲသည်သစ်သား(သို့မဟုတ်) အင်္ဂတေကို ခြူးပန်း ခြူးနွယ် ကနုတ်များ ၊ ဖြင့် အလှဆင်ထုလုပ်သည့် မြန်မာ့ရိုးရာ ပန်းပုနှင့် ပန်းတော့ အနုပညာလက်ရာ ဖြစ်ပြီး မြန်မာအဘိဓာန်က ပလ္လင်နောက်မှီဟု အဓိပ္ပာယ်ဖွင့်ဆိုသည်။

မြန်မာ့ဗိသုကာပညာတွင် စုလစ်မွမ်းချွန်ဟုခေါ်သည့် အပြောက်အမွမ်းများ ကို သစ်သား၊ ကျောက်၊ အင်္ဂတေ၊ ရွှေ၊ ငွေ၊ ကြေး၊ သံ၊ သတ္တုစသည်တို့ဖြင့် ရုပ်လုံး၊ ရုပ်ကြွ၊ ရုပ်ခုံးပုံသဏ္ဌာန်အမျိုးမျိုး ထုလုပ်သကဲ့သို့ ဘီလူးပန်းဆွဲ၊ ဂဠုန်၊ ကိန္နရာ၊ သိကြားမင်း၊ ဥဒေါင်း၊ ဆင်ခြင်္သေ့စသည့် အရုပ်များကိုလည်း ပန်းကနုတ်များဖြင့် လက်ရာမြောက်စွာ ပြုလုပ်ကြသည်။ ယင်းအပြောက်အမွမ်းများအနက် သစ်သားတံကဲအနုလက်ရာများကို မြန်မာနိုင်ငံအနှံ့အပြားရှိ စေတီ၊ ပုထိုး၊ ဘုရား၊ ကျောင်း၊ တန်ဆောင်း စသည့်သာသနိက အဆောက်အအုံများတွင် တွေ့ရှိနိုင်သည်။

တံကဲကိုပလ္လင်နှင့်တွဲ၍ ပလ္လင်တံကဲဟု ခေါ်ဆိုပြီး မြန်မာအဘိဓာန်က  ပလ္လင်ကို မြင့်မြတ်သောပုဂ္ဂိုလ်တို့ ထိုင်ရန်ပြုလုပ်ထားသော ခုံမြင့်ဟု အဓိပ္ပာယ် ဖွင့်ဆိုသည်။ ပလ္လင်တံကဲတွင် ခြင်္သေ့၊ ဆင်ပျံ၊ လောကနတ်၊ဒေါင်းမြီးယပ်၊ ဆင်နား၊ တံခါးတိုင်၊ သိကြား၊ ကိန္နရာ၊ သမ္မာဒေဝ၊ ခြူး၊ ကြာ ဦးဆောက်ပန်းဟူသည့် နေရာ ၁၂ ခုထည့်သွင်းပြုလုပ်၍ အများအားဖြင့် ခြင်္သေ့ရုပ်ကို ပလ္လင်အောက်ခုံနေရာတွင် ထားရှိသည်။

သစ်သားတံကဲများအပြင် ဘုရားစေတီတော်များ၏မုခ်ပေါက်များတွင် အုတ်အင်္ဂတေမုခ်ကပ် တံကဲများကို တွေ့ရှိနိုင်သည်။ မုခ်ဟူသည့်ဝေါဟာရသည် ( ပါဠိဝေါဟာရ မုခမှဆင်းသက်လာပြီး အပေါက်ဟု အဓိပ္ပာယ်ရှိသည်။ ဘုရား တန်ဆောင်းများ၏ ဝင်ပေါက် အထက်ပိုင်း မုခ်ခုံးနှင့် မုခ်ဝနေရာများတွင် အင်္ဂတေတံကဲများကို တွေ့ရှိ နိုင်သည်။

ရှေးဟောင်းဘုန်းတော်ကြီးကျောင်းများတွင် မုခ်တံကဲများကို သစ်သားဖြင့် အများဆုံး ပြုလုပ်ကြပြီးပန်းကနုတ်များတွင် သိကြား မင်း၊ နတ်၊ ကျေး၊ ဒေါင်းအစရှိသည့် ရုပ်တုများကို ထည့်သွင်းထုလုပ်ကြသည်။

ဇာတ်တော်၊ နိပါတ်တော်များထဲမှ ဇာတ်ကွက်များကိုပန်းခက်ပန်းနွယ်များဖြင့် သရုပ်ဖော်ထုလုပ်ထားသည့် ပလ္လင်တံကဲများသည် သစ်သားပြားများကို သုံးထပ်၊ ငါးထပ်၊ ရှစ်ထပ် စသည်ဖြင့်အလွှာများ ပြုလုပ်၍ အနုစိတ် ပုံဖော်သည့် မြန်မာ့လက်မှု အနုလက်ရာ များ ဖြစ်ကြသည်။ ယခုအချိန်တွင် ပုဂံ၊ အင်းဝ၊ ညောင်ရမ်းခေတ်လက်ရာ သစ်သားတံကဲများသည် ဆွေးမြည့်ပျက်စီးမှုကြောင့် များစွာမကျန်ရှိတော့ဘဲ ကုန်းဘောင်ခေတ်လက်ရာ သစ်သား တံကဲများကိုသာ အများဆုံး တွေ့ရှိနိုင်ကြပေသည်။

ရုပ်ကြွ၊ ရုပ်ခုံး၊ ရုပ်လုံးများကို ပန်းနွယ်ပန်းခက်များ နှင့်ပေါင်းစပ်ထု လုပ်ထားသည့် သစ်သားတံကဲများသည်ခေတ်ကာလနှင့် နေရာဌာနကိုလိုက်၍ ကွဲပြားခဲ့ကြသည်။ ကုန်းဘောင်ခေတ် မတိုင်မီကပင် သစ်သားနှင့် အင်္ဂတေတံကဲများ ထုလုပ်ခဲ့ကြ သော်လည်း ကုန်းဘောင်ခေတ်လက်ရာတံကဲများသည် အနုစိတ်လက်ရာပိုမိုများပြားကာအနုပညာလက်ရာ အပီပြင်ဆုံး ဖြစ်ကြ သည်။

ထင်ပေါ်ကျော်ကြားတံကဲတော်များ

အလွှာအထပ်များ ပြုလုပ်ကာ ထုလုပ်ခဲ့သည့် တံကဲတော်များအနက် ပခုက္ကူမြို့ရှိ ရွှေကူတံကဲတော်သည် အလွန်ထင်ရှား၍ သီဟိုဠ်ရှင်ဘုရားရှိ အလွန်လက်ရာမြောက်သည့် မူလတံကဲတော်များသည် မီးလောင်ခံခဲ့ရပြီးနောက် ယခုအချိန်တွင် ဓာတ်ပုံကိုသာ မြင်ကြရသည်။

သီဟိုဠ်ရှင်ဘုရားတွင် ၁၉၆၄ ခုနှစ်အထိ တံကဲတော်နှစ်ခုရှိခဲ့ပြီး အရှေ့ တံကဲတော်သည် မတ်ရပ်ရုပ်ပွားတော်သုံးဆူ၏ မုခ်အဝင် ၌လည်းကောင်း၊ အနောက်တံကဲတော်သည် ရုပ်ပွားတော်သုံးဆူ၏ နောက်ကျောတွင် လည်းကောင်းရှိသည်။ ယင်းတံကဲတော် နှစ်ခုသည် ၁၉၆၄ ခုနှစ် ဧပြီလတွင် သီဟိုဠ်ရှင်ဘုရား ဂန္ဓကုဋိတိုက်၊ တန်ဆောင်းတော်များနှင့်အတူ မီးလောင်ခံခဲ့ ရသဖြင့် တံကဲအသစ်ကို ယနေ့ခေတ်လက်ရာဖြင့် ပြန်လည်ပြုလုပ်ခဲ့သည်။

မူလအရှေ့တံကဲတော်ကို ပန်းပုဆရာဦးကံကြီးနှင့် သားဦးတေတို့က မြန်မာသက္ကရာဇ် ၁၂၇၅ ခုနှစ် ဝါဆိုလပြည့်နေ့တွင် စတင်ထုလုပ်ခဲ့သည်။ တံကဲ အလှူရှင်မှာ ပခုက္ကူမြို့နယ် မဲဇလီပင်ကုန်းရွာမှ ဦးစံနှင့်ဒေါ်ကြူး ဖြစ်ပြီး လက်ခငွေကျပ် ၁၀၀၀ ဖြင့် ဦးကံကြီးနှင့် ဦးတေတို့ထံ အပ်နှံခဲ့သည်။

တံကဲလက်ရာရှင်နှစ်ဦးသည် ယမနေသစ်တုံးသုံးလုံးကို ချိတ်ဆက်၍ ပန်းဆိုင်းတစ်ခုအသွင် ထုလုပ်ခဲ့ရာ အချိန်တစ်နှစ် ကြာမြင့်ခဲ့သည်။ တံကဲပေါ် တွင်ဘုရားရှင်ဓမ္မစကြာ ဟောတော်မူခန်းမှ ပရိနိဗ္ဗာန်ပြုခန်းအထိ ဗုဒ္ဓဝင်ဇာတ် ကွက်များကို မင်း၊ မိဖုရား၊ နတ်၊ သိကြား၊ နတ်သားများ အပါအဝင် ရုပ်လုံး၊ ရုပ်ကြွ၊ ရုပ်ခုံး ၁၀၀၀ နီးပါးဖြင့် ပုံဖော်ထုလုပ်ခဲ့သည်။

သီဟိုဠ်ရှင် အနောက်တံကဲတော်ကိုလည်း ပန်းပုဆရာဦးကံကြီးနှင့် သားဦးတေတို့ကပင် ထုလုပ်ခဲ့ပြီး အလှူရှင်မှာ ပခုက္ကူမြို့ ပန်းတောရပ် ပိုး တန်းလမ်းမှ ဒေါ်အိမ်မင်း ဖြစ်သည်။ အနောက်တံကဲ ထုလုပ်ခသည် ကျပ် ၃၀၀၀ ဖြစ်ပြီး သုံးနှစ်ကြာ ထုလုပ်ခဲ့ရကာ မြန်မာသက္ကရာဇ် ၁၂၇၁ ခုနှစ် တပေါင်းလပြည့်တွင် ပြီးစီးခဲ့သည်။ တံကဲတော်ကို ယမနေသစ်တုံးတစ်တုံးတွင် ပန်းရှစ်ထပ် ပြုလုပ်၍ ဗုဒ္ဓဝင်တောထွက်ခန်းနှင့် ဝိဓူရဇာတ်တော်မှ ဇာတ်ဝင် ခန်း ၂၅ ခန်းကို လက်ဝဲဘက်တွင် ၁၅ ခန်း၊ လက်ယာဘက်တွင် ၁၀ ခန်း ထုလုပ်ခဲ့သည်။

ပခုက္ကူမြို့သို့ ရောက်ရှိလာသည့် ပြည်တွင်းပြည်ပ ခရီးသွားများ စိတ်ဝင်စားကြသည့် ကမ္ဘာကျော်တံကဲတော်ကြီးကို ရွှေကူ မြတ်စွာဘုရား၊ ဂန္ဓကုဋိ တိုက်အတွင်း အရှေ့ဘက်တွင် မှန်သေတ္တာဖြင့် ထိန်းသိမ်းပြသထားသည်။ ဉာဏ်တော်ငါးပေ နှစ်လက်မမြင့်သော ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော်၏ ကျောဘက်ရှိ တံကဲတော်သည် အလျားငါးပေ ၁၀ လက်မ၊ အမြင့် ၁၂ ပေ ၁၀ လက်မနှင့်ထုရှစ်လက်မရှိသော ယမနေသားတံကဲကြီး ဖြစ်သည်။ တံကဲတော် ကို အထပ် ရှစ်ထပ်ပြုလုပ်၍ ပန်းပုရုပ်၁၃၆ ရုပ်နှင့် တိရစ္ဆာန် ၁၈ ရုပ် ထည့်သွင်း ထုလုပ်ထားသဖြင့် အလွန်လက်ရာ မြောက်လှပေသည်။

ရွှေကူတံကဲ၏ လက်ရာရှင်သည် ဦးကံကြီးတို့ သားအဖပင်ဖြစ်ပြီး သက္ကရာဇ် ၁၂၆၉ ခုနှစ် တပေါင်းလပြည့်ကျော် ၃ ရက်နေ့တွင် လက်ခ ငွေဒင်္ဂါးပြား ၄၀၀၀ ဖြင့် လက်ခံကာ ထု၈လက်မ ပန်းရှစ်ထပ်တံကဲတော်ကို သစ်တုံးငါးလုံးဖြင့် လေးနှစ်ကျော် ထုလုပ်ခဲ့ရကြောင်း တံကဲတော် အနီးတွင် မှတ်တမ်းစာ ရေးသားထားသည်။

တံကဲအလှူရှင်မှာ ပခုက္ကူမြို့ ဈေးဟောင်းကျောင်း တော်ရာလမ်း တိုက်နံပါတ်(၅၇၅) နေ ဦးဟင်းငါးနှင့် ဇနီးဒေါ်ဇီးဇံ၊ သမီးမယ်သစ်၊ မယ်မြစ်တို့ ဖြစ်ကြသည်။ ။

ရွှေကူတံကဲတော်၏ ဝဲဘက်ပန်းကနုတ်ပေါ်တွင် ခြေဦးကံကြီး၊မောင်တေဟုလည်းကောင်းနှင့် ညာဘက်ပန်းကနုတ်ပေါ်တွင် မဆီးဆံ၊ ကိုဟင်းငါး၊ မမယ်သင်ကောင်းမှုဟု လည်းကောင်း ထွင်းထုထားသည်။

ပန်းပုပညာရှင်နှစ်ဦးသည် ရွှေကူတံကဲပေါ်တွင် ဒေဝါ ရောဟဏဇာတ်၊ နေမိဇာတ်၊ သာဓိဏဇာတ်နှင့် ဗိမ္မိသာရ ဇာတ်များမှ ဇာတ်ဝင်ခန်း ၁၂ ခန်းကို ထွင်းထုခဲ့သည်။

ဦးကံကြီးသည် မိမိ၏ ပညာ၊ စေတနာ၊ သဒ္ဓါ အားလုံးတို့ကို ရွှေကူကြီး တံကဲတော်တွင် မြှုပ်နှံကာ ပညာကုန် ထုလုပ်ခဲ့ပြီးနောက် အသုံးပြုခဲ့သည့် စူး၊ ဆောက်၊ တန်ဆာပလာကိရိယာအားလုံးကို ဧရာဝတီမြစ်ထဲသို့ စွန့်ပစ်ခဲ့ သည်ဟု ဆိုကြသည်။

ပခုက္ကူမြို့မှ အရှေ့ဘက်သုံးမိုင်အကွာတွင် တည်ရှိသည့် ရွှေတန့်တစ် ဘုရား၏ ဂန္ဓကုဋိတိုက်တွင် သရက္ခန် ရုပ်ပွားတော်တစ်ဆူကို ဆင် ၁၄ကောင် ခံထားသည့် ပလ္လင်ပေါ်တွင် ပူဇော်ထားရှိသည်။ ဆင်ခံသရက္ခန်ရုပ်ပွားတော် ခြောက်ဆူအနက် ရွှေတန့်တစ် သရက္ခန်သည် တစ်ဆူအပါအဝင်ဖြစ်ပြီး တံကဲတော်သည် အမြင့် ၁၃ ပေ ၃ လက်မ၊ အနံ ၁၀ ပေ ရှိသည်။ ။

ရွှေတန့်တစ်တံကဲတော်တွင် ကနုတ်ပန်းနွယ်၊ ကြာနွယ် ကြာရိုးများကို အခွေအလိပ်အတွန့်များဖြင့် အလှဆင်ထားသည်။ တံကဲအလှူရှင်များမှာ ရွှေတန့်တစ်ကျေးရွာမှ ဦးတိုး၊ ဒေါ်အို၊ သား ဦးဖေ၊ ဒေါ်ချိုင့်၊ မြေးကိုငွေဇုံနှင့် မမြတို့ ဖြစ်ကြသည်။ တံကဲတော်ကို ရွှေတန့်တစ်ရွာမှ ဦးချမ်းသာနှင့် ပခုက္ကူမြို့မှ  ဆရာအေးတို့က ခရစ်နှစ် ၁၈၉၅ ခုနှစ်မှ ၁၈၉၈ ခုနှစ် အထိသုံးနှစ်၊ နှစ်လနှင့်  ၁၀ ရက်ကြာ ထုလုပ်ခဲ့ကြသည်။ ထုလုပ်ခမှာ ငွေဒင်္ဂါး ၁၅၀၀ ကျပ် ဖြစ်သည်။

တံကဲတော်ကို ကျွန်းသစ်နှင့် ယမနေသစ်တုံး ၁၃ လုံးကို ပေါင်းစပ်၍ ဝိဓူရ ဇာတ်တော်လာ ဇာတ်ဝင်ခန်း ၁၃ ခန်းကို ထုလုပ်ထားရာ အချို့နေရာတွင် ပန်းရှစ်ထပ်၊ အချို့ နေရာတွင် ပန်းသုံးထပ်ရှိသည်။

ကနောင်တံကဲတော်

ကနောင်မြို့ ရိုက်စုရပ်ကွက် ဘုရားကြီးကျောင်းတိုက်အတွင်းရှိ မဟာ လောကမုနိန်ကြေးသွန်းမြတ်စွာ ဘုရားကြီးသည် ဉာဏ်တော် ၉ တောင် ၂ မိုက် ရှိ၍ မြန်မာ သက္ကရာဇ် ၁၂၆၂ ခုနှစ် တန်ခူးလဆုတ် ၃ ရက် (၁၉၀၀ ပြည့် နှစ် ဧပြီလ ၁၆ ရက်) တနင်္လာနေ့တွင် သွန်းလုပ်ပြီးစီးခဲ့သည်။ ကြေးသွန်းဘုရားကြီး ၏ မတည်အလှူရှင်သည် ကနောင်မြို့မြောက်ရပ်မှ ဦးရွှေကျမ်းနှင့် ဒေါ်လုံမတို့ဖြစ်၍ ပြည်မြို့ အင်ကြင်းမြောင်တောရဆရာတော် ဦးအားဘာသ က ဦးစီး၍ မန္တလေးမြို့မှ ကြေးသွန်းပညာရှင်များက ဘုရားကြီးကျောင်းတိုက် အတွင်း၌ သွန်းလုပ်ခဲ့ရာ ယခင်က ဘုရားဝင်းအတွင်း၌ ကြေးသွန်းဖိုများနှင့် ကြေးစများ ကျန်ရှိခဲ့သည်။

ကြေးဆင်းတုတော်ကြီးကို ကြေးပိဿာချိန် ၄၀၀၀ ဖြင့် သွန်းလုပ်ခဲ့ရာ တန်ဖိုးငွေဒင်္ဂါး ၆၀၀၀ နှင့် ဘင်ပိဿာ ချိန် ၁၀၀၀၊ တန်ဖိုး ငွေဒင်္ဂါးကျပ်၂၀၀၀ ကုန်ကျခဲ့သည်။ ဘုရားကြီး မျက်နှာတော်ကို သွန်းလောင်းချိန်တွင် ရွှေငွေ ရတနာများကို ထည့်သွင်းခဲ့ပြီး ကြေးသွန်းလုပ်အားခ ကျပ် ၂၂၅ဝ ဖြစ်သည်။ ဘုရားကြီးကျောင်းတိုက်အတွင်း သွန်းလုပ်ခဲ့သည့် ဆင်းတုတော်ကြီးကို ပလ္လင်ပေါ်သို့ ပင့်ဆောင်ခကျပ် ၃၀ဝ ကျသင့်ခဲ့သဖြင့် စုစုပေါင်းငွေဒင်္ဂါး ၁၀၅၅ဝ ကုန်ကျခဲ့ပေသည်။

ယမနေသားဖြင့် ပြုလုပ်ထားသည့် တံကဲတော်ကြီး သည် အမြင့် ၁၈ ပေ ၈ လက်မ၊ အကျယ် ၁၅ ပေ ၃ လက်မနှင့် အထူ ၆ လက်မရှိကာ အထပ် လေးထပ်တွင် ဗုဒ္ဓဝင်ဇာတ်ကွက်များကိုထုလုပ်ထားသည်။ ကနောင်တံကဲတော် ကြီးကို တံကဲလက်မှု ပညာရှင် ဦးကံကြီးနှင့် သားဦးတေတို့က သုံးနှစ်ကြာ ထုလုပ်ခဲ့ကာ လက်ခငွေဒင်္ဂါး ၃၀၀၀ ကျပ် ကုန်ကျခဲ့သည်။ တံကဲတော်၏ အရှေ့ဘက်ခြမ်းတွင် ဘုရားလောင်းသိဒ္ဓတ္ထမင်းသား ကြာချီလှပ်ခန်းကို ထုလုပ် ထားကာ အနောက်ဘက်ခြမ်းတွင် ဝိဓူရဇာတ်တော်လာ ဇာတ်ကွက်အချို့ကို ထုလုပ်ခဲ့သည်။ တံကဲတော်၏ထိပ်ပိုင်းတွင် မဟာဇနကဇာတ်တော်ကို ထွင်းထု ထားသည့် ကနောင်တံကဲတော်သည် အလွန်လက်ရာမြောက်သည့် မြန်မာမှု လက်ရာတစ်ခု ဖြစ်ပေသည်။ ။

သစ်သားတံကဲများသည် သစ်ကိုထုလုပ်ထားသဖြင့် နှစ်ကာလရှည်ကြာစွာ တည်တံ့စေရန် အမိုးအကာအောက်တွင် ထားရှိကြ သည်။ သို့သော် ရာသီဥတု အန္တရာယ်၊ အင်းဆက်ပိုးများ၏ အန္တရာယ်နှင့်မီးလောင်ခြင်းစသည့် လူများ၏ ပယောဂအန္တရာယ်များ ကြောင့် တံကဲတော်များကို အန္တရာယ်မျိုးစုံမှ ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ကြခြင်းဖြင့် ကနောင်မြို့၊ မဟာမုနိန်မြတ်စွာ ဘုရားကြီး တံကဲတော်အပါအဝင် မြန်မာ့အနုလက်ရာ သစ်သားတံကဲ အမွေအနှစ်များကို နောင်မျိုးဆက်များသို့ လက်ဆင့်ကမ်း နိုင်ကြမည် ဖြစ်ပေသည်။

 

မောင်သာ(ရှေးဟောင်းသုတေသန)