ရန်ကုန်တက္ကသိုလ် ရာပြည့် ဂုဏ်ပြုဆောင်းပါး တစ်ခေတ်တစ်ခါက တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသား အားကစားထူးချွန်သူ အုပ်မှူးဇော် ရန်ကုန်တက္ကသိုလ်ကို ၁၈၇၈ ခုနှစ်တွင် ဗြိတိသျှ-အိန္ဒိယရှိ ကာလကတ္တားတက္ကသိုလ် လက်အောက်ခံ ရန်ကုန်ကောလိပ်အဖြစ် စတင်တည်ထောင်ခဲ့သည်။ ကိုလိုနီ
ခြောက်လှန့်နေသောCOVID-19တစ္ဆေ
ယနေ့အချိန်တွင် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ အားလုံးသည် COVID -19 တစ္ဆေခြောက်လှန့်ခံနေရ သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှစခဲ့သော COVID- 19 ဗိုင်းရပ်စ်သည် အလွန်လျင်မြန်သောနှုန်းဖြင့် ကမ္ဘာ့ နိုင်ငံများသို့ ပျံ့နှံ့နေသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ရောဂါကူးစက် ပြန့်ပွားနိုင်မှု အခြေအနေသည် ကမ္ဘာ့ နိုင်ငံများအားလုံးတွင် အလွန်မြင့်မားသည့်အဆင့်တွင် ရောက်ရှိနေကြောင်း သတ်မှတ်ထားသည်။
ထိုအချိန်တွင် တစ်ဦးချင်း၏ ကိုယ်စီအသိတရား သည် အလွန်အရေးကြီးလာသည်။ ထိုဗိုင်းရပ်စ်၏ သဘောသဘာဝနှင့် ပျံ့နှံ့ပုံအကြောင်း သိနားလည် ထားခြင်းသည် မိမိကိုယ်တိုင် ကူးစက်မခံရအောင်လည်း ကောင်း၊ မိသားစုဝင်များနှင့်မိတ်ဆွေများ ကူးစက် မခံရအောင်လည်းကောင်း၊ ကျန်းမာရေး ဝန်ထမ်းများ၏ ရောဂါတိုက်ဖျက်ရေးတွင် ပါဝင်ကူညီနိုင်ရန်လည်း ကောင်း သေရေးရှင်ရေး အဆုံးအဖြတ်ပေးနေသော အသိတရားဖြစ်လာသည်။
လူပေါင်းသန်း၅၀ခန့်
သေဆုံးခဲ့သောတုပ်ကွေးကပ်ရောဂါ
၁၉၁၈ ခုနှစ်တွင် ပြင်းထန်သော တုပ်ကွေးရောဂါ တစ်မျိုးသည် ကမ္ဘာ့ကပ်ရောဂါအသွင်ဖြင့် ပေါ်ပေါက် လာခဲ့ဖူးသည်။ စပိန်နိုင်ငံမှ စတင်ခဲ့ပြီး လအနည်းငယ် အတွင်း နိုင်ငံများစွာသို့ ပျံ့နှံ့သွားခဲ့သည်။ ကမ္ဘာ့ ရာဇဝင်တွင် အပြင်းထန်ဆုံးနှင့် အသေအပျောက် အများဆုံးကပ်ရောဂါတစ်ခု ဖြစ်ခဲ့သည်။ ဒေါင်ဒေါင်မြည် ကျန်းမာနေသော အသက် ၂၀ မှ ၃၅ နှစ်အရွယ် လူငယ် နှင့်လူလတ်ပိုင်းများသည် နံနက်အိပ်ရာထချိန်တွင် ချောင်းဆိုးလာကြပြီး ညနေအချိန်တွင် သေဆုံးသွား ကြသည်။ ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံခန့်သည် ရောဂါကူးစက်ခံကြရသည်။
အသက်မသေဘဲ ကျန်ရစ်ခဲ့သူ အမျိုးသမီးတစ်ဦးက သူတွေ့ကြုံခဲ့ရပုံကို ဤသို့ပြန်ပြောပြခဲ့သည်။ “အဲဒီ တုန်းက ကျွန်မတို့မိသားစု အနောက်ဗာဂျီးနီးယား ပြည်နယ် ကျောက်မီးသွေးမိုင်းရဲ့ စခန်းတစ်ခုမှာ နေထိုင် နေကြတာပါ။ ကျွန်မ ရှစ်နှစ်အရွယ်ပဲ ရှိပါသေးတယ်။ အဲဒီနေ့က ကျွန်မ အင်္ကျီမှာ ရွှံ့တွေပေလာလို့ အမေက ရေချိုးပေးပြီး အင်္ကျီလဲပေးပါတယ်။ နောက်တနေ့ ကျွန်မ ဖျားပြီး အိပ်ရာထဲလဲပါတော့တယ်။ ချောင်းမပြတ်ဆိုးပြီး တစ်ကိုယ်လုံးနာကျင်ကိုက်ခဲနေပါတယ်။ အမေကကျွန်မ ကိုပြုစုပေးပါတယ်။ ကျွန်မတို့အတန်းထဲက သူငယ်ချင်း တစ်ယောက် မနေ့ညက ဆုံးသွားပြီလို့ သိလိုက်ရပါတယ်။ လမ်းမပေါ်မှာ သေတ္တာခေါင်းများကို သယ်ယူနေတဲ့ လှည်းတွေရဲ့ အသံကို အဆက်မပြတ်ကြားနေရပါတယ်။ သေတ္တာခေါင်းများ မလုံလောက်လို့ ထင်းရှူးပုံးများကို သုံးနေရတယ်လို့ အမေတို့ပြောနေတာကို ကြားနေ ရပါတယ်။ ကျွန်မ ကြောက်လွန်းလို့ အမေကိုဖက်ပြီး ငိုမိပါတယ်။ အမေက ကျွန်မ ဘာမှမဖြစ်နိုင်ပါဘူးလို့ ပြောနေပါတယ်။ နောက်တစ်နေ့ အမေဖျားပြီး နှစ်ရက် အကြာမှာ ကျွန်မတို့ကို စွန့်ခွာသွားပါတယ်။”
ထိုမျှဒုက္ခပေးနိုင်စွမ်းရှိသော ဗိုင်းရပ်စ်ဆိုသည်မှာ မည်သို့သောသတ္တဝါမျိုးပေနည်း။
ဗိုင်းရပ်စ်ဆိုသောအရာဝတ္ထုကလေးများ
၁၈၉၈ခုနှစ်တွင် ဒတ်ချ်လူမျိုး ရုက္ခဗေဒပညာရှင် မာတင်နပ်စ်(Martinus W Beijerinick) သည် ဆေးရွက် ကြီးပေါ်မှ ဗိုင်းရပ်စ်များကို စတင်တွေ့ရှိခဲ့သည်။ဗိုင်းရပ်စ်များသည် သက်ရှိလည်းမဟုတ်၊ သက်မဲ့ လည်းမဟုတ်သော စပ်ကြားအရာဝတ္ထုများ ဖြစ်ကြ သည်။
သက်ရှိပိုးများကဲ့သို့ အစာစားခြင်း၊ လှုပ်ရှားခြင်း၊ အောက်ဆီဂျင် ရှူသွင်းခြင်း၊ စွမ်းအင်ထုတ်လုပ်ခြင်းများ မပြုလုပ်နိုင်ကြချေ။ သက်ရှိဟုပြောနိုင်သော တစ်ခု တည်းသောဂုဏ်သတ္တိမှာသူ၏မျိုးဆက်ဗီဇကို ထိန်းသိမ်း ထားပြီး ဆက်လက်ပြန့်ပွားအောင် စွမ်းဆောင်နိုင်စွမ်းရှိ ခြင်း ဖြစ်သည်။ အရွယ်အားဖြင့် ဘက်တီးရီးယား တစ်ကောင်ထက် အဆ ၁၀၀ သေးငယ်သော ထိုအရာ ဝတ္ထုကလေးများသည် ဗီဇမော်လီကျူးများကို အတွင်း တွင်ထား၍ အပြင်မှ ပရိုတင်းမော်လီကျူးများ နှင့် ဖုံးအုပ်ထားသော သက်မဲ့အရာဝတ္ထုကလေးများ ဖြစ်ကြသည်။
ထိုအရာဝတ္ထုလေးများက မိမိမျိုးဆက်ကို ဆက်လက် ပြန့်ပွားအောင် စွမ်းဆောင်နိုင်ပုံမှာ အံ့မခန်းဖြစ်သည်။ ဗိုင်းရပ်စ်များသည် သူတို့၏ ပရိုတင်းအခွံဖြင့် တွယ်ကပ် နိုင်သော သက်ရှိဆဲလ်များကို ရွေးချယ်၍ တွယ်ကပ် ကြသည်။ ထို့ကြောင့် အချို့ဗိုင်းရပ်စ်များသည် အသည်း ဆဲလ်များကိုသာ တွယ်ကပ်ကြပြီးအချို့မှာ ခုခံအားစနစ် အတွက် အဓိကဖြစ်သော သွေးဖြူဥများကို တွယ်ကပ် ကြသည်။ တွယ်ကပ်မိသည်နှင့် ဆဲလ်မျက်နှာပြင်ကို ဖောက်ထွင်း၍ ဆဲလ်အတွင်းသို့ ဝင်ရောက်သွားတော့သည်။
အတွင်းသို့ရောက်သည်နှင့် ဆဲလ်သည် ဗိုင်းရပ်စ်၏ ခိုင်းစေရာကို နာခံရတော့သည်။ ဗိုင်းရပ်စ်များကို ထုတ်လုပ် ပေးရတော့သည်။ ဗိုင်းရပ်စ်များထွက်ပေါ်လာသောအခါ ဆဲလ်သည်ပျက်စီးသွားပြီး ထွက်ပေါ်လာသောဗိုင်းရပ်စ် များသည်လည်း အခြားဆဲလ်များဆီသို့ ထပ်ဆင့်ပြန့်ပွား သွားကြသည်။ ရောဂါဖြစ်ပွားခြင်းကို စတင်လိုက်ခြင်း ဖြစ်သည်။
ဗိုင်းရပ်စ်များသည် ဆဲလ်အတွင်းသို့ ဝင်ရောက်၍ ဖျက်ဆီးခြင်းဖြစ်ကာ ဖြစ်ပေါ်လာလျှင်ကုသရန် အလွန် ခက်ခဲသော ရောဂါဖြစ်သည်။ မဖြစ်ရန် ကြိုတင်ကာကွယ် ခြင်းကိုသာ အဓိကအားကိုးကြရသည်။
COVID-19၏အဖျက်စွမ်းအား
၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့ တရုတ် ပြည်သူ့သမ္မတနိုင်ငံ ဝူဟန်ပြည်နယ် ဂျင်ရှင်တန် (Jinyintan) ဆေးရုံ၌ အဆုတ်ရောင်ဝေဒနာရှင်တစ်ဦး၏ ဓာတ်ခွဲနမူနာ လည်ချောင်းဆဲလ်များအတွင်း၌ ဗိုင်းရပ်စ် အသစ်တစ်မျိုးကို စတင်တွေ့ရှိခဲ့သည်။ ကွယ်လွန်သွားသော အသက် ၅၀ နှစ်အရွယ် ထိုလူနာကို ရင်ခွဲစစ်ဆေးကြည့် သောအခါ အဆုတ်နှစ်ဖက်စလုံးဆိုးရွားစွာ ပျက်စီးနေ သည်ကို တွေ့ရှိရသည်။ ထိုဗိုင်းရပ်စ်ကို COVID -19 ဟု အမည်ပေးခဲ့ကြသည်။
COVID -19 သည် တိရစ္ဆာန်များတွင်တွေ့ရလေ့ရှိသော ဗိုင်းရပ်စ်မျိုးဖြစ်ကာ လင်းနို့များသည် ထိုဗိုင်းရပ်စ်ကို သယ်ဆောင်ထားသော သတ္တဝါများဖြစ်သည်ဟု ယူဆကြ သည်။
COVID -19 သည် လူတစ်ဦးမှတစ်ဦး ကူးစက်နိုင်စွမ်း ရှိပြီး အဓိကကူးစက်ရာလမ်းကြောင်းမှာ ချောင်းဆိုး နှာချေရာမှ ထွက်လာသော တံတွေး၊ သလိပ်အမှုန်အမွှား များ၊ ထိုအမှုန်အမွှားများတွယ်ကပ်နေသော အသုံးအဆောင် ပစ္စည်းများနှင့် အရာဝတ္ထုများဖြစ်ကြသည်။ အချို့လူနာ များ၏ မစင်တွင် ဗိုင်းရပ်စ်များ တွေ့ရှိရသော်လည်း အစားအသောက်မှ ကူးစက်နိုင်စွမ်း ရှိ မရှိ သေချာစွာမသိရ သေးချေ။ မိသားစုဝင်များအတွင်း ကူးစက်ခံရမှုသည် အများဆုံးဖြစ်သည်။ တစ်ဆင့်ထပ်မံကူးစက်ခံရနိုင်ချေရှိ သည့် ဦးရေ (Basic Production Number: Ro) သည် ၄ ရှိနေသဖြင့် ရောဂါရှိနေသူတစ်ဦးသည် လူလေးဦးကို ထပ်မံ ကူးစက်နိုင်စွမ်းရှိနေသည်။
ထိုဗိုင်းရပ်စ်သည် အသက်ရှူလမ်းကြောင်းမှ ဝင်ရောက် လာပြီး အဆုတ်နှင့်လေရှူပြွန်ဆဲလ်များကို ရွေးချယ်တွယ် ကပ်ကြသည်။ တွယ်ကပ်မိသည်နှင့် အဆုတ်နှင့်လေရှူပြွန် ဆဲလ်များကို လျင်မြန်စွာ ပျက်စီးစေပြီး ၁၄ ရက်အတွင်း ရောဂါလက္ခဏာများ ပေါ်ပေါက်လာသည်။ ကိုယ်အပူချိန် မြင့်လာခြင်း ၈၇ ဒသမ ၉ ရာခိုင်နှုန်း၊ ချောင်းခြောက်ဆိုးလာ ခြင်း ၆၇ ဒသမ ၇ ရာခိုင်နှုန်း၊ နုံးခွေခြင်း ၃၈ ဒသမ ၁ ရာခိုင် နှုန်း ၊ သလိပ်ထွက်ခြင်း ၃၃ ဒသမ ၄ ရာခိုင်နှုန်း၊ အသက်ရှူ မဝခြင်း ၁၈ ဒသမ ၆ ရာခိုင်နှုန်း၊ လည်ချောင်းနာခြင်း ၁၃ ဒသမ ၉ ရာခိုင်နှုန်း၊ ခေါင်းကိုက်ခြင်း ၁၃ ဒသမ ၆ ရာခိုင်နှုန်း၊ အဆစ်အမျက်နှင့် ကိုယ်လက်ကိုက်ခဲခြင်း ၁၄ ဒသမ ၈ ရာခိုင်နှုန်း၊ ချမ်းတုန် ခြင်း ၁၁ဒသမ ၄ ရာခိုင်နှုန်း၊ ပျို့အန် ခြင်း ၅ ဒသမ ၀ ရာခိုင်နှုန်း၊ နှာရည်ယိုခြင်း ၄ ဒသမ ၈ ၊ ဝမ်းလျှောခြင်း ၃ ဒသမ ၇ ရာခိုင်နှုန်း၊ ချောင်းဆိုးသွေးပါခြင်း ၀ ဒသမ ၉ ရာခိုင်နှုန်းနှင့် မျက်စိနာခြင်း ၀ ဒသမ ၈ ရာခိုင်နှုန်းတို့သည် ရောဂါလက္ခဏာများ ဖြစ်ကြသည်။
အသေအပျောက်နှုန်းသည် အသက် ၈၀ နှစ် အထက် တွင် ၂၁ ဒသမ ၉ ရာခိုင်နှုန်းရှိပြီး ရောဂါအခံတစ်ခုခု (သွေးတိုး၊ ဆီးချို၊ ကင်ဆာ) ရှိနေလျှင်လည်း အသေ အပျောက်နှုန်း ပိုမိုမြင့်မားနေသည်ကို တွေ့ရှိရသည်။
ထိုဗိုင်းရပ်စ်၏ အန္တရာယ်ကို မည်သို့ကာကွယ်ကြ မည်နည်း။
အရေးကြီးလာပြီဖြစ်သောကိုယ်စီအသိတရား
ဉာဏ်မျက်စိကိုဖွင့်၍ အသိတရားဖြင့် ရင်ဆိုင်လျှင် COVID -19 တစ္ဆေကို ကြောက်စရာမလိုချေ။
ရှေးဦးစွာ မိမိကိုယ်ကို ကာကွယ်တတ်ရန်လိုအပ်သည်။ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ဖြစ်စေ၊ ရောဂါပိုးများ တွယ်ကပ်နေသော အရာဝတ္ထုများမှတစ်ဆင့်ဖြစ်စေ ကူးစက်နိုင်သည်ကို သိနားလည်ထားခြင်းသည် အဓိကကျ သော အသိတရားဖြစ်သည်။ လူထူထပ်သော နေရာများကို ရှောင်ကြဉ်ရမည်ဖြစ်ပြီး မဖြစ်မနေသွားရမည်ဆိုပါက နှာခေါင်းစည်းကို အသုံးပြုရမည်ဖြစ်သည်။ လက်ကို စင်ကြယ်အောင် မကြာခဏဆေးကြောခြင်း၊ အရက်ပြန် ၇၀ ရာခိုင်နှုန်းပါဝင်သော ပိုးသန့်စင်ဆေးရည်ဖြင့် သန့်စင် ခြင်းတို့သည် အမြဲပြုလုပ်နေရမည့် ကာကွယ်နည်းများ ဖြစ်သည်။ အာဟာရပြည့်ဝစွာ စားသောက်ခြင်း၊ ကောင်းစွာ အိပ်စက်အနားယူခြင်း၊ နေ့စဉ်ပုံမှန် ကိုယ်လက်လှုပ်ရှားမှုရှိခြင်း၊ ဘုရားရှိခိုးမေတ္တာပို့ခြင်းတို့ဖြင့် ကိုယ်ခံစွမ်းအားကို ပြည့်ဝနေစေရမည် ဖြစ်သည်။ COVID -19 အကြောင်း နောက်ဆုံးသတင်းများကိုလည်း နားစွင့်နေရမည်ဖြစ်သည်။
မိမိထံမှ သူတစ်ပါးဆီသို့ မကူးစက်ရန်လည်း ကာကွယ်နိုင်ရမည်ဖြစ်သည်။ ရောဂါလက္ခဏာများကို သိရှိထား၍ သံသယရှိလျှင် ခရီးသွားခြင်း၊ လူထူထပ် သည့်နေရာများအား သွားခြင်းတို့ကို ရှောင်ကြဉ်ရမည် ဖြစ်သည်။ ခွဲစိတ်ခန်းသုံးပါးစပ်နှင့် နှာခေါင်းစည်းကို သုံးပြီး နှာခေါင်းနှင့်ပါးစပ်ကို လုံခြုံစွာ ဖုံးအုပ်ထားရမည် ဖြစ်သည်။ အသုံးပြုပြီးသော နှာခေါင်းစည်းများကိုလည်း လုံခြုံစွာစွန့်ပစ်ရမည်ဖြစ်သည်။ နှာခေါင်းစည်း မရှိသေးခင် ရုတ်တရက် နှာချေ ချောင်းဆိုးလျှင် လက်မောင်း၊ တံတောင်ကွေးတို့နှင့်ဖုံးအုပ်ထားရမည်ဖြစ်ပြီး လက်ဖဝါး၊ လက်ကိုင်ပဝါ၊ အဝတ်စများကို အသုံးမပြုသင့်ချေ။ တံတွေးသလိပ်ထွေးလိုပါလျှင် ပလတ်စတစ်အိတ်ထဲသို့ သေချာစွာထွေးပြီး လုံအောင်ပိတ်၍ စွန့်ပစ်ရမည် ဖြစ်သည်။
ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို အင်နှင့်အား နှင့် ဆောင်ရွက်နေသော ကျန်းမာရေးဝန်ထမ်းများကို ကူညီရန်မှာ နိုင်ငံသားတိုင်း၏ မဖြစ်မနေတာဝန်တစ်ရပ် ဖြစ်လာသည်။ ရောဂါသံသယရှိသူများကို ဖော်ထုတ် ရာ တွင် ကျန်းမာရေးဝန်ထမ်းများကို ကူညီရမည်ဖြစ်သည်။ မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိသားစုဝင်များ အတွင်း၌ သော်လည်းကောင်း၊ မိတ်ဆွေများအတွင်း၌ သော်လည်းကောင်း သံသယရှိသောသူ တစ်စုံတစ်ယောက် တွေ့ရှိခဲ့လျှင် ချက်ချင်းသတင်းပို့ခြင်းသည် ရောဂါပြန့်ပွား ခြင်းကို ထိန်းချုပ်နိုင်ရန် အလွန်အရေးကြီးသော ကိစ္စ တစ်ရပ်ဖြစ်သည်။ သီးခြားခွဲထားခြင်း (isolation)၊ စောင့်ကြပ်ကြည့်ရှုခြင်း (quarantine)၊ တို့သည် အခိုက်အတံ့အားဖြင့် ကသိကအောက်ဖြစ်စေသော် လည်း မိမိကိုယ်တိုင်နှင့် အခြားသူများ၏ အသက်ကို ကယ်တင်နေခြင်းဖြစ်သည်ဟု သိနားလည်ကာ ထိုအသိ ကိုလည်း မျှဝေပေးကြရမည်ဖြစ်သည်။ ပွဲလမ်းသဘင်နှင့် လူစုလူဝေးများကို ပိတ်ပင်တားမြစ်ထားခြင်းသည် လုပ်ချင်သည်ထက် လုပ်သင့်သည်ကို ပြုလုပ်ခြင်း ဖြစ်သည်ဟု နားလည်သဘောပေါက်သင့်သည်။
တစ္ဆေနိုင်ဂါထာ
သက္ကရာဇ် ၁၉၁၈ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း၌ ကျရောက်နေသော တုပ်ကွေးရောဂါကို American Public Health Association (APHA) က တိုက်ဖျက် နေစဉ် San Diego မြို့ လူထုအကြားတွင် ခေတ်စားခဲ့သော ကဗျာကလေးတစ်ပုဒ်ရှိခဲ့ဖူးသည်။ထိုကဗျာကလေးမှာ
Obey the Laws
And wear the Gauze
Protectyour Jaws
From septic Paws
စာရေးသူသည် အောက်လမ်းဆရာတစ်ယောက် မဟုတ်သော်လည်း COVID -19 တစ္ဆေကိုနိုင်သော ဂါထာ တစ်ပုဒ်ကိုစီရင်ထားသည်။
လျင်စွာဂရုပြု
လူစုရှောင်ကွင်း
သန့်ရှင်းလက်များ
နှာခံတွင်းနှင့်ကိုင်တွယ်ခြင်းများ
သတိထား
ထိုဂါထာကို နံနက်ညတစ်နေ့ သုံးကြိမ်ရွတ်လိုက်နာ မည်ဆိုလျှင် COVID - 19 တစ္ဆေ၏အန္တရာယ်မှ ကင်းဝေး မည်ဖြစ်ကြောင်းတင်ပြလိုက်ရပါသည်။
ဉာဏ်မျက်စိအမြင် ကျယ်ပြန့်စွာဖွင့်၍ COVID -19 အန္တရာယ်ကို ကျန်းမာရေးဝန်ထမ်းများနှင့် အတူတကွ ပူးပေါင်းကာကွယ်ကြပါစို့။
ပါမောက္ခ ဒေါက်တာ မောင်
ရည်ညွှန်း
Report of the WHO-China Joint Mission on Coro- navirus Disease 2019(COVID-19); 16-24 February 2020
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ရေးထိန်းချုပ်ရေး လမ်းညွှန်ချက်များ။