အကျပ်အတည်းကိုကျော်လွှားခြင်း
In crisis mode ဆောင်းပါးပါ အကျပ်အတည်းအနေအထားအား ရင်ဆိုင်ကျော်လွှားနိုင်မည့် အကြံပြုချက်များကို စာဖတ်သူများလည်း မျှဝေဖတ်ရှုနိုင်ရေးအတွက် ဘာသာပြန်ဆို တင်ဆက်လိုက်ပါသည်။
ဤဆောင်းပါးကို မူလရေးသားသူသည် အသိ အမှတ်ပြု လက်မှတ်ရ အကြံပေးပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် အားလျော်စွာ အလုပ်လက်မဲ့ဖြစ်နေသူများ(သို့မဟုတ်)အလုပ်လက်မဲ့ ဖြစ်တော့မည့်အခြေအနေနှင့် ရင်ဆိုင် နေရသူများက မကြာခဏ ဆက်သွယ်မေးမြန်းမှုများကို ဖြေရှင်းခဲ့ရပါသည်။
မေးမြန်းလာ သူများအနက် ၎င်းတို့၏ အလုပ် အကိုင်ကို အမှန်တကယ် နှစ်သက်ခြင်းမရှိလှဘဲ သက်မွေးဝမ်းကျောင်းမှု အလုပ်တစ်ခုအဖြစ်သာ သတ်မှတ်ထားသူများလည်း ပါဝင်ပါသည်။
မကြာမီ အလုပ်လက်မဲ့ဖြစ်မည့် အခြေအနေနှင့် ကြုံတွေ့နေသူများက ရှေ့ဆက်၍ မည်သို့လုပ်ကိုင် ဆောင်ရွက်ရမည်ကို ဝေခွဲမရဖြစ်နေတတ်ကြပါသည်။ အချို့က အခြေအနေကို အသိအမှတ်ပြုလက်ခံလိုခြင်း မရှိကြသလို အမျက်ဒေါသထွက်သူများ၊ စိတ်အားငယ် သူများလည်း ရှိတတ်ကြပါသည်။ အချို့မှာ လုပ်ငန်း အသိုက်အဝန်းနှင့် ပတ်ဝန်းကျင်၏ အသိအမှတ်ပြုခံရမှု ဆုံးရှုံးသွားသကဲ့သို့ခံစားကြပြီး အချို့မှာလည်း တန်ဖိုးမဲ့ သွားသကဲ့သို့ ခံစားတတ်ကြပါသည်။
ယင်းသို့ဖြစ်ပါက အဆိုပါ အခြေအနေမျိုးမှ ကျော်လွှားနိုင်ရေးအတွက် အောက်ပါအချက်အချို့ကို အကြံပြုဖော်ပြလိုပါသည်-
(၁) အကျပ်အတည်းအား အသိအမှတ်ပြုခြင်း
လက်ရှိလုပ်ကိုင်နေသည့် အလုပ်အား လက်လွှတ် ဆုံးရှုံးရမည့်ကိစ္စမှာ နှစ်သက်မြတ်နိုးသူတစ်ဦးကို ဆုံးရှုံး ရသည့်အလား စိတ်ပိုင်းဆိုင်ရာ ရှုပ်ထွေးမှု၊ မတည်ငြိမ်မှု တို့ကို ဖြစ်စေနိုင်ပါသည်။ ဆုံးရှုံးမှုနှင့်ပတ်သက်၍ အဆင့် အမျိုးမျိုးကို ဖြတ်သန်းကောင်း ဖြတ်သန်းရမည်ဖြစ်ပါ သည်။ ပထမဦးဆုံးအဆင့်မှာ ယင်းအခြေအနေကို အသိ အမှတ်မပြုလိုခြင်း၊ ထို့နောက်တွင် အမျက်ဒေါသထွက် ခြင်း၊ စိတ်အားငယ်ခြင်းတို့ဖြစ်လာပြီး နောက်ဆုံးအဆင့် မှာတော့ အခြေအနေမှန်ကို လက်ခံလာရခြင်းတို့ဖြစ် သည်။
မူလဆောင်းပါးရှင် အကြံပေးပုဂ္ဂိုလ်အနေဖြင့် အလုပ်လက်မဲ့ အသက်(၄၅)နှစ်အရွယ် အမျိုးသား တစ်ဦးနှင့် ကြုံတွေ့ခဲ့ရာတွင် အဆိုပါအမျိုးသားသည် ဝင်ငွေကောင်းမွန်သည့်အလုပ်၌ ၁၅ နှစ်ကြာလုပ်ကိုင် ခဲ့ပြီးနောက် အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်ဆို သည့်အချက်ကို ကနဦး၌ အသိအမှတ်ပြုလိုခြင်း မရှိကြောင်း တွေ့ရှိရပါသည်။
၎င်းက ယင်းအခြေအနေမှာ “တဒင်္ဂအနေအထား” သာဖြစ်ပြီး ယင်းအခြေအနေမှ မကြာမီကျော်လွှားနိုင်မည် ဖြစ်ကြောင်း၊ အမှန်စင်စစ် ယခုလိုအခြေအနေမှာ အထက် အကြီးအကဲ၏ မပြည့်ဝမှုကြောင့်သာဖြစ်ကြောင်း ဝေဖန် ခဲ့ပြီး အဆိုပါအကြီးအကဲအနေဖြင့် မကြာမီမှာပင် ၎င်းအား ကုမ္ပဏီသို့ပြန်လည်လာရောက် လုပ်ကိုင်ရေး အတွက် တောင်းပန်လိမ့်မည်ဟု ယုံကြည်လျက်ရှိနေကြောင်း တွေ့ရှိရပါသည်။ ၎င်းက “လက်ရှိအချိန်တွင် အားလပ်ရက် ရှည်ကို ခံစား၍ စိုးရိမ်ပူပန်ရန် လိုမည်ဆိုက နောင်တစ်ချိန် မှသာ ပူပန်တော့မည်”ဟု ပြောကြားခဲ့ပါသည်။
အချိန် နှစ်လခန့်ကြာပြီးနောက် ၎င်းအား အကြီးအကဲ ဖြစ်သူက ဆက်သွယ်လာရန် အခြေအနေမရှိတော့ကြောင်း သဘောပေါက်စပြုလာချိန်တွင် ၎င်းအနေဖြင့် ပြင်းပြင်း ထန်ထန်ခံစားခဲ့ရပါသည်။ ၎င်းအနေဖြင့် အကြီးအကဲကို ပြစ်တင်ရှုတ်ချပြီး ကြုံတွေ့ရသူတိုင်းကို ၎င်းအနေဖြင့် လုပ်ငန်းခွင်အတွင်း ကျင့်ဝတ်နှင့် မညီညွတ်သည့် အလေ့အထများကြောင့် အလုပ်မှနုတ်ထွက်ခဲ့ရခြင်းဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။
၎င်းအနေဖြင့် ဆောင်းပါးရှင် အကြံပေးပုဂ္ဂိုလ်ထံ ပထမဦးဆုံးအကြိမ် လာရောက်တွေ့ဆုံတိုင်ပင်ချိန်တွင် အလွန်အမင်း စိတ်ဓာတ်ကျဆင်းလျက်ရှိပြီး ကုမ္ပဏီရှိ ဝန်ထမ်းများအနက်တွင် ၎င်းတစ်ဦးသာ မည်သည့် အကြောင်းကြောင့် အလုပ်မှထုတ်ပယ်ခံရသည်ကို ကောင်းစွာသဘောပေါက်ခြင်းမရှိကြောင်း တွေ့ရှိရပါသည်။ ၎င်းအနေဖြင့် နေရာတကာတွင် ပွင့်လင်းလွန်းခြင်းကြောင့် လား၊ လုပ်ငန်းခွင်အတွင်း ဖြစ်ပေါ်တိုးတက်မှုအခြေအနေနှင့် လိုက်လျောညီထွေမရှိခြင်းကြောင့်လား၊ ၎င်း၏လုပ်ဆောင် ချက်တစ်ခုခု၌ အားနည်းချက်ကြောင့်လားဆိုသည်ကို ဝေခွဲမရဖြစ်လျက်ရှိပါသည်။
ဆောင်းပါးရှင်က ၎င်းအား အကြံပြုသည်မှာ ရှေ့သို့ ဆက်လှမ်းနိုင်ရေးအတွက် ပထမဦးဆုံးခြေလှမ်းအဖြစ် ၎င်းအနေဖြင့် သက်မွေးဝမ်းကျောင်းပိုင်းဆိုင်ရာ အကျပ် အတည်းနှင့် အမှန်တကယ်ရင်ဆိုင်နေရသည်ကို သဘော ပေါက် လက်ခံရေးပင်ဖြစ်သည်။ ၎င်းသည် အသက်(၄၅)နှစ်အရွယ်ရှိပြီး အလုပ်အကိုင်တစ်ခု လက်ဝယ်ရှိရန် လိုအပ် နေပါသည်။ အလုပ်ရှင်များက လုပ်ငန်း၌ လစ်လပ်နေသည့် နေရာများတွင် ပိုမိုငယ်ရွယ်သူများကိုသာ ဦးစားပေးခန့်ထားလိုသည်ကိုလည်းကောင်းစွာသဘောပေါက်လာသည်။
၎င်းအနေဖြင့် လုပ်ငန်းပိုင်း၊ သက်မွေးဝမ်းကျောင်း ပိုင်းဆိုင်ရာ အကျပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်း သဘောပေါက် လက်ခံလိုသည်နှင့် မည်သို့တုံ့ပြန်သွားရ မည်ကို ရွေးချယ်ဆောင်ရွက်သွားနိုင်မည်ဖြစ်သည်။
(၂) ဖြစ်နိုင်ခြေ အလားအလာများကို ရှာဖွေခြင်းအကျပ်အတည်းကို တရုတ်ဝေါဟာရဖြင့် ဖော်ပြသည့် အခါ စာလုံးနှစ်လုံးပါဝင်ပြီး တစ်ခုမှာ “အန္တရာယ်”ဖြစ်၍ ကျန်စာလုံးတစ်ခုမှာ “အခွင့်အလမ်း”ဆိုသည့် အဓိပ္ပာယ်ရရှိ ကြောင်း ဖတ်ရှုမှတ်သားဖူးသည်။ အကျပ်အတည်းတစ်ရပ် နှင့် ကြုံတွေ့ရမှုက ကျွန်ုပ်တို့အား အန္တရာယ်နှင့်သာမက ဘဝတွင် ပိုမိုကြီးမားကောင်းမွန်သည့်အရာများသို့ ဦးဆောင်သွားမည့် အခွင့်အလမ်းများလည်း ရှိနေတတ် သည်ကို သတိပေးလိုက်ခြင်းပင် ဖြစ်သည်။ ထွက်ပေါ်လာ မည့်ရလဒ်မှာ မိမိတို့၏ ရွေးချယ်မှုနှင့် ဆုံးဖြတ်ဆောင်ရွက် ချက်တို့အပေါ် မူတည်သည်။ သို့ဖြစ်၍ မထင်မှတ်ဘဲ ဖြစ်ပေါ်လာသည့် သက်မွေးဝမ်းကျောင်းပိုင်းဆိုင်ရာ အကျပ် အတည်းက မိမိတို့ကို ဘဝ၌ အမှန်တကယ် လိုလား တောင့်တသည့်အရာများအား ရှင်းလင်းစွာ ရှုမြင်နိုင်ရန် ပေးအပ်လာသည့် အခွင့်အလမ်းတစ်ခုလည်း ဖြစ်နိုင်ပါ သည်။ ယင်းသို့ဖြစ်ပါက ဘဝ၌ အမှန်တကယ် ခံစားရရှိ သင့် သည့် အရာများအတွက် ရှေ့သို့ဆက်လှမ်း ရန် ဆုံးဖြတ်ဆောင်ရွက်သွားသင့်ပါသည်။
(၃)သင်တို့၏ရည်မှန်းချက်နှင့် လိုလားတောင့်တ မှုများကို ပြန်လည်ဖော်ထုတ်သတ်မှတ်ရေး
မိမိတို့၏ နေ့စဉ်လှုပ်ရှားဆောင်ရွက်ချက်များမှ ခေတ္တခဏ အချိန်ယူရပ်တန့်၍ ဘဝတွင် အမှန်တကယ် လိုလားတောင့်တမှုများ၊ ရည်မှန်းချက်များအပေါ် ပြန်လည်သုံးသပ်မိသူအရေအတွက် မည်မျှများစွာရှိသည် ကို တိကျစွာသိရှိရန် ခက်ခဲမည်ဖြစ်သည်။ ယင်းကဲ့သို့ ပြန်လည်သုံးသပ်မိသူများရှိသည့်တိုင် အရေအတွက်မှာ လည်း များစွာမရှိနိုင်ဟု ယုံကြည်မိသည်။
လူတို့သည် ငယ်ရွယ်စဉ် မူလတန်းမှစ၍ တက္ကသိုလ် သို့ တက်ရောက်သည့် အချိန်အထိလည်းကောင်း၊ အလုပ် အကိုင် ရှာဖွေလုပ်ကိုင်သည့်အချိန်တွင်လည်းကောင်း၊ ဘဝ၌ မည်သည့်အရာအား အမှန်တကယ် လိုလား သည်ကို ကောင်းစွာသဘောပေါက်ကြခြင်းမရှိဘဲ အခက်အခဲအနည်းဆုံး၊ တစ်နည်းအားဖြင့် မိမိတို့အတွက် အဆင်အပြေဆုံး၊ သက်သောင့်သက်သာ အရှိဆုံး လမ်းကြောင်းပေါ်၌သာ လျှောက်လှမ်းလိုတတ်ကြပါ သည်။ သို့ဖြစ်၍ မိမိတို့ လိုလားတောင့်တသည့် ရည်မှန်း ချက်အတွက် ပြောင်းလဲကြိုးပမ်းရန် ဆန္ဒဖြစ်ပေါ်လာချိန် တွင် အချိန်နှောင်းခဲ့ပြီဖြစ်ကြောင်း တွေ့ရှိရတတ်ပါ သည်။
သို့ဖြစ်၍ မိမိတို့ ပုံမှန်လျှောက်လှမ်းနေသည့် ပုံစံမှ ခေတ္တခဏရပ်တန့်၍ ဘဝ၏ရည်မှန်းချက်များ အလွန် အမင်း လိုလားတောင့်တချက်များအပေါ် ပြန်လည် ဆန်းစစ်နိုင်ရေးအတွက် အောက်ပါမေးခွန်းများအပေါ် သုံးသပ်ကြည့်သင့်ပါသည်-
- မိမိတို့၏ဘဝ၊ မိမိတို့၏ လုပ်ဆောင်ချက်များနှင့် မည်သို့ ဦးတည်လျှောက်လှမ်းနေသည်ဆိုသည့် အချက်တို့အပေါ် ကျေနပ်အားရမှု ရှိ-မရှိ ၊
- အချိန်နှင့်ငွေကြေးအတွက်သာ စိုးရိမ်ပူပန်ရန် မလိုပါက မည်သို့သောအရာများကို နေ့စဉ် လုပ်ကိုင်လိုသနည်း၊
- ဘဝတွင် မည်သည့်အရာများကို အမှန်တကယ် လိုလားတောင့်တပြီး မည်သည့်အရာများကို လိုလားနှစ်သက်မှုမရှိသနည်း၊ မည်သည့် အကြောင်းရင်းအတွက် အခြေတကျရပ်တည် ရန် ကြိုးပမ်းနေခြင်း ဖြစ်သနည်း၊
- ယခုအချိန်အထိ ဘဝတွင်ရွေးချယ်ခဲ့မှုများကို အကောင်အထည်ဖော်နိုင်ခြင်း ရှိ-မရှိ၊ ကျေနပ် အားရမှု ရှိ-မရှိ၊ ကျေနပ်အားရမှု မရှိသဖြင့် အကယ်၍ ပြောင်းလဲဆောင်ရွက်ခွင့်ရှိမည်ဆိုပါက မည်သို့ပြောင်းလဲ လုပ်ဆောင်သွား မည်နည်း။
မိမိတို့ဘဝ၌ သက်မွေးဝမ်းကျောင်းပိုင်း၊ လုပ်ငန်း ပိုင်းဆိုင်ရာ အကျပ်အတည်းနှင့် ရင်ဆိုင်ရခြင်း ရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ ယခုဆောင်းပါးကို ဖတ်ရှုမိပါက နေ့စဉ်လုပ်ကိုင် လှုပ်ရှားဆောင်ရွက်မှုများမှ ခေတ္တခဏ အချိန်ယူပြီး မိမိတို့ဘဝတွင် အမှန်တကယ် လိုလား တောင့်တချက်၊ ရည်မှန်းချက်များအပေါ် ပြန်လည် သုံးသပ်ရန် နှိုးဆော်ချက်တစ်ခုအဖြစ် မှတ်ယူနိုင်ပါ သည်။
ကောင်းမွန်
Ref:
JessicaSee.“In a crisis mode. ” The Star 20 April. 2011:1 Klassifieds
Maung Koung Mon.“အကျပ်အတည်းအား ကျော်လွှား ရေး”. အပြင်စီးမဂ္ဂဇင်း.August 2011/2