Skip to main content

ဖူဂျီတောင်သို့အလည်တစ်ခေါက်

တိုကျိုခရီးစဉ်အတွင်း မဖြစ်မနေသွားရမည့် နေရာတစ်ခုမှာ ဖူဂျီတောင် (Mount Fuji) ဖြစ်ပါတယ်။ ဖူဂျီတောင်မှာ တိုကျိုမှ အတန်ငယ် ကွာလှမ်းသည်ဖြစ်သဖြင့် နေ့ချင်းပြန်သွားမည်ဆိုပါက တစ်နေကုန်မှာ ဖြစ်ပါတယ်။ စာရေးသူရဲ့ တိုကျို ၁၁ ရက် ခရီးစဉ်အချိန်ဇယားကို ပြန်ကြည့်တော့ တိုကျိုမှာ တကယ်နေမှာက ရှစ်ရက်တည်း ဖြစ်ပြီး အစည်းအဝေးတွေက ပထမ ခြောက် ရက် နေ့စဉ်လိုရှိနေတာမို့ နောက်ဆုံး တိုကျို ခုနစ်ရက်မြောက်နေ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ဖူဂျီမီးတောင်ကိုသွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဖူဂျီတောင် (Mount Fuji)

ဖူဂျီမီးတောင်ဟာ တိုကျိုမြို့တော်မှ အနောက်တောင်ဘက် ယေဘုယျ ကီလို မီတာ ၁၀၀ (၆၂ မိုင်) နီးပါးအကွာမှာ တည်ရှိ ပါတယ်။ အမြင့် ၃၇၇၆ မီတာ (၁၂၃၈၈ ပေ) မြင့်မားကာ ဂျပန်နိုင်ငံရဲ့ အမြင့်မားဆုံးတောင် ဖြစ်ပါတယ်။ ဖူဂျီတောင်ဟာ မီးတောင်ဟောင်းတစ်ခုဖြစ်ပေမယ့် ယခုတိုင် အသက်ဝင်နေဆဲ မီးတောင်အဖြစ် သတ်မှတ်ထားပြီး နောက်ဆုံး မီးတောင်ပေါက်ကွဲခဲ့တာ ၁၇၀၇ ခုနှစ်က ဖြစ်တယ်လို့ မှတ်တမ်းများက ဆိုပါတယ်။ ဖူဂျီတောင်ဟာ ရှီဇူအိုကာခရိုင် (Shizuoka Prefecture) နဲ့ တိုကျိုနဲ့နယ်ချင်း ထိစပ်နေတဲ့ ယာမာနာရှိခရိုင် (Yamanashi Prefecture) အကြားမှာ တည်ရှိပြီး ဖူဂျီတောင်ကို ရာသီဥတုကြည်လင်သောနေ့များတွင် တိုကျိုမြို့နှင့် ယိုကိုဟားမားမြို့များမှ မြင်တွေ့နိုင်ပါတယ်။

ဖူဂျီတောင် ဝက်ဘ်ဆိုက်များ အဆိုအရ လက်ရှိဖူဂျီမီးတောင်ဟာ သူ့အရင် မီးတောင် သုံးတောင်ကနေ ဖြစ်တည်လာတာ ဖြစ်ပါ တယ်။ ပထမ Sen-komitake၊ ဒုတိယ Komitake၊ တတိယ Old Fuji (Ko-fuji)၊ နောက်ဆုံး New Fuji (Shin-fuji) ဆိုပြီး ဖြစ်လာပါတယ်။ New Fuji ဆိုတာ လက်ရှိ ဖူဂျီတောင် (Mount Fuji) ကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ လက်ရှိ ဖူဂျီမီးတောင် အရင် မီးတောင်တွေဟာ လွန်ခဲ့တဲ့နှစ် သိန်းချီ ကတည်းက တည်ရှိခဲ့ရာ တစ်ခုပေါက်ကွဲပြီး နောက်တစ်ခုဖြစ်တည်လာခဲ့တယ်လို့ သိရ ပါတယ်။ လက်ရှိ ဖူဂျီမီးတောင်ကို ဖြစ်ထွန်း စေခဲ့တဲ့ Old Fuji ပေါက်ကွဲခဲ့မှုကြီးဟာဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၁ဝဝဝ ခန့်က ဖြစ်ပေါ် ခဲ့တယ်လို့ ခန့်မှန်းကြပါတယ်။

ဖူဂျီမီးတောင်မှာ စိုက်ထူထားတဲ့ မြေစိုက်လမ်းညွှန် အချက်အလက်များအရ ဖူဂျီတောင်ကို တက်မယ်ဆိုရင် အဆင့် ၉ ဆင့် (Step/ Station) ပိုင်းခြားသတ်မှတ် ထားပြီး ဘတ်စ်ကားများဟာ အဆင့် ၅ (5th Step) အထိ တက်ရောက်လို့ ရပါတယ်။ အဆင့် ၅ ကနေ အဆင့် ၉ အထိ ခြေကျင် တက်ရောက်ရမှာ ဖြစ်ပါတယ်။ အဲဒီ အဆင့် ၅ ကနေ ဖူဂျီတောင်တက်မယ်ဆိုရင် အတက် ငါးနာရီကနေ ခုနစ်နာရီနီးပါး ကြာမြင့်ပြီး အဆင်း သုံးနာရီကနေ လေးနာရီနီးပါး ကြာမြင့်တယ်လို့ သိရပါတယ်။ ဘတ်စ်ကား များ တက်ရောက်နိုင်တဲ့ အဆင့် ၅ အမြင့်က ၂၃၀၅ မီတာ (၇၅၆၂ ပေ) ဖြစ်ပြီး အဆင့် ၆ (6th Step) က မီတာ ၂၃၉၀ (၇၈၄၁ ပေ)၊ အဆင့် ၇ (7th Step) က မီတာ ၂၇၀၀ (၈၈၅၈ ပေ) ဖြစ်ပြီး အဆင့် ၈ ကို နှစ်ပိုင်း ထပ်ပိုင်းခြားထားကာ ပထမအဆင့် ၈ (8th Step) က မီတာ ၂၉၁၀ (၉၅၄၇ ပေ)နဲ့ ဒုတိယအဆင့် ၈ (Main 8th Step) က မီတာ ၃၃၆၀ (၁၁ဝ၂၄ ပေ)၊ နောက်ဆုံး အဆင့် ၉ (9th Step)က မီတာ ၃၄၀၀ (၁၁၁၅၅ ပေ) မြင့်ပါ တယ်။ တောင်တက်လမ်းတစ်လျှောက် ယာယီ တည်းခိုနေထိုင်ဖို့ တဲတွေ၊ အိမ်သာတွေ၊ အရေးပေါ်ကုသပြုစုတဲ့နေရာတွေ ထားရှိပါ တယ်။ ဖူဂျီတောင်ဟာ အမျိုးသား အမွေအနှစ် ဥယျာဉ် (Fuji-Hakone-Izu National Park) ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ကမ္ဘာ့အမွေအနှစ် ယူနက်စကို အသိအမှတ်ပြုနေရာလည်း ဖြစ်တာကြောင့် လာရောက်ကြသူတွေအနေနဲ့ သဘာဝပတ်ဝန်းကျင် လေးစားလိုက်နာ ထိန်းသိမ်းကြဖို့နဲ့ တောင်ပေါ်မှာရှိတဲ့ အပင်၊ ကျောက်တုံးစတာတွေ အမှတ်တရယူဆောင် ခြင်းများကို တားမြစ်ထားပါတယ်။ ဖူဂျီ တောင်တက်ရန် တရားဝင်ခွင့်ပြုထားသော လများမှာ နှစ်စဉ် ဇူလိုင်လမှ စက်တင်ဘာလ ပထမပတ်အထိဖြစ်ပြီး ခွင့်ပြုကာလ နှစ်စဉ် တောင်တက်သူဦးရေ ၂၀၀ဝဝဝ ကျော် ရှိကြောင်း သိရပါတယ်။

ကိုယ်တွေ့ ဖူဂျီတောင်

ဖူဂျီတောင်ဆီ အလည်အပတ် သွားမယ် ဆိုရင် ဖူဂျီတောင်နဲ့ အနီးဆုံးဘူတာရုံရှိရာဆီ ဘတ်စ်ကားနဲ့၊ ရထားနဲ့ သွားလို့ရပါတယ်။ အဲဒီဘူတာရုံအနီး ဘတ်စ်ကားဂိတ်၊ ဘတ်စ်ကား စုရပ်နေရာများမှ ဘတ်စ်ကား များနဲ့ ဖူဂျီတောင်ရဲ့ ဘတ်စ်ကားများ တက်ရောက်ခွင့် အမြင့်ဆုံးသတ်မှတ်ထားတဲ့ တောင်ပေါ် အဆင့် ၅ အထိ သွားကြရပါတယ်။ အဲဒီ အဆင့် ၅ ကနေပြီးမှ ဖူဂျီတောင်ကြီး အပေါ်ပိုင်းကို အနီးကပ်ကြည့်ကြပါတယ်။ တောင်ပေါ်အထိ တက်ရောက်ခွင့်ပြုတဲ့ ကာလ ဆိုရင်တော့ အဲဒီ ၅ ဆင့်ကနေ တောင်ပေါ် ၉ ဆင့်အထိ ခြေကျင် တောင်တက်လို့ ရပါတယ်။ တောင်ပေါ်ကို ပြေးဆွဲတဲ့ ဘတ်စ်ကားတွေ သတ်မှတ်ချိန်နဲ့ ထွက်တာဆိုတော့ တိုကျိုနဲ့ ဖူဂျီက အဝေးကြီး မဟုတ်လှပေမယ့် သွားမယ် ဆိုရင် တစ်နေကုန်ပါတယ်။ မနက်သွား၊ ညနေ ပြန်ရောက်ပေါ့။ စာရေးသူက ဘတ်စ်ကားနဲ့ သွားဖို့ဆုံးဖြတ်ပြီး စာရေးသူတည်းခိုတဲ့ အဆာကူဆာဘူတာရုံ (Asakusa Station) ကနေ တိုကျိုဘူတာရုံကို မြေအောက်ရထား နဲ့သွား၊ နောက် တိုကျိုဘူတာရုံမှာ Yaesu South Entrance ဆိုတာကိုရှာ၊ နောက် အဲဒီ Yaesu South Entrance ကနေထွက်ပြီး အပြင်ဘက်က ဘတ်စ်ကားလက်မှတ် အရောင်းကောင်တာမှာ JR Expressway Bus လက်မှတ်ဝယ် (အသွား ယန်း ၂ဝဝဝ၊ အပြန် ယန်း ၂ဝဝဝ ကျပါတယ်)၊ ကောင်တာအရှေ့ ဘတ်စ်ကားမှတ်တိုင်အမှတ် - ၉ မှာ တိုကျို ဘူတာကနေ ဖူဂျီမီးတောင်အနီးက ကာဝါ ဂူချီကိုဘူတာရုံ (Kawaguchiko Station) ဆီ တိုက်ရိုက်သွားမယ့် ဘတ်စ်ကားကို စောင့်၊ မနက် ၉ နာရီမှာ တိုကျိုဘူတာရုံကနေ ဘတ်စ်ကားစထွက်၊ ကာဝါဂူချီကိုဘူတာရုံကို မနက် ၁၁ နာရီလောက်မှာရောက်၊ ကာဝါဂူချီကို ဘူတာရုံက Sightseeing Bus Ticket Counter မှာ အဲဒီကနေ ဖူဂျီတောင် အဆင့် ၅ ကိုသွားမယ့် ဘတ်စ်ကားလက်မှတ်ဝယ် (တောင်တက်၊ တောင်ဆင်း၊ အသွား၊ အပြန် ယန်း ၂၃၀၀ ကျပါတယ်) ပါတယ်။

ဘတ်စ်ကားက တောင်အောက်ကနေ တောင်ပေါ် ၅ ဆင့်ကို မိနစ် ၅၀ လောက် တက်ရ ပါတယ်။ တောင်ပေါ်တက်လမ်းတစ်လျှောက် မှာလည်း သစ်ပင်၊ သစ်ရိုင်း အများအပြားကို တွေ့ပါတယ်။ ဆောင်းကာလမို့ အပင်တွေက အရိုးအပြိုင်းပြိုင်းနဲ့ ဖြစ်နေပါတယ်။ ဖူဂျီတောင် အဆင့် ၅ မှာ တစ်နာရီလောက်နေပြီး ဘတ်စ် ကားက တောင်အောက် ပြန်ဆင်းပါတယ်။ ဒီလိုအချိန်တွေက ဘာမှကြာလှတယ် မဟုတ် ပေမယ့် တောင်ပေါ်တက်ဖို့ ဘတ်စ်ကား စောင့်ရ တဲ့အချိန်၊ တိုကျိုပြန်မယ့် ဘတ်စ်ကား စောင့်ရ တဲ့ အချိန်တွေပေါင်းလိုက်ရင် တစ်နေကုန်ပါ တယ်။ လူစုပြီး ကိုယ့်ဘတ်စ်ကားနဲ့ကိုယ်လာတဲ့ သူတွေကတော့ သတ်မှတ်ချိန်အတွင်း နေချင် သလောက် နေလို့ရမယ်ထင်ပါတယ်။

စာရေးသူ သွားတဲ့အချိန်က ဂျပန်မှာ ဆောင်းကာလ ဒီဇင်ဘာလပါ။ တောင်ပေါ်မှာ အင်မတန်အေးပါတယ်။ တောင်တက်လမ်း မှာလည်း နှင်းခဲတွေ၊ ဘတ်စ်ကားရပ်တဲ့ အဆင့် ၅ မှာလည်း နေရာအနှံ့ နှင်းခဲတွေ ရှိနေပါတယ်။ အဲဒီ အဆင့် ၅ ကနေ ဖူဂျီတောင်ကြီးကို လှမ်းကြည့်မယ်ဆိုရင် တောင်ထိပ်ပိုင်းကို အတော်နီးနီးလေးမြင်တွေ့ရပြီး ပြေးတက် ရင်တောင် သိပ်မကြာခင် တောင်ထိပ်နား ရောက်သွားမလား တွေးထင်စရာ ဖြစ်ပါတယ်။ စာရေးသူရောက်တဲ့နေ့အတွက် (ဆောင်းတွင်း ကာလတစ်ခုလုံး ဖြစ်ပါလိမ့်မယ်) ဒီဘူတာရုံ ဘတ်စ်ကားဂိတ်ကနေ တောင်ပေါ်တက်တဲ့ ဘတ်စ်ကားက တစ်နေ့ကို လေးကြိမ်ပဲ ရှိပါတယ်။ အခြားစုရပ်နေရာတွေကနေလာတဲ့ ဘတ်စ်ကားတွေလည်း ရှိပါတယ်။ တောင်ပေါ် မှာ တစ်နာရီဆိုတဲ့အချိန်က ကောင်းကောင်း လုံလောက်ပါတယ်။ အပေါ်အထိ ဆက်တက်တာ မဟုတ်လို့ တောင်အဆင့် ၅ ကနေ နေရာ ပတ်လည် တောင်ကြီးကို ကြည့်၊ ဓာတ်ပုံတွေ ရိုက်ကြ၊ နောက် အနားမှာ နတ်ကွန်း (Komitake Shrine) တစ်ခု ရှိတယ်၊ အဲဒီနတ်ကွန်းထဲ ဝင်လေ့လာ၊ နတ်ကွန်းအနီးမှာ အဆောက်အဦ နှစ်လုံးရှိပြီး အဲဒီမှာ နားနေခန်း၊ အိမ်သာ၊ အမှတ်တရပစ္စည်းရောင်းတဲ့ ဆိုင်၊ ကော်ဖီဆိုင် စသဖြင့် ရှိပါတယ်။ အပေါ်ထပ်မှာ စားသောက် ဆိုင်ရှိတယ်။ စားသောက်ဆိုင်မှာ အမဲသားနဲ့ ထမင်း (Beef bowl) စားခဲ့ပြီး ယန်း ၁၃၀၀ ပေးရပါတယ်။ အမဲသားနဲ့ ထမင်းစားရင်း မြန်မာနိုင်ငံမှာသာဆိုရင် တောင်ပေါ်မှာ အမဲသား၊ ဝက်သား မစားရဘူးဆိုလားပဲ ဆိုပြီး အတွေးဝင်မိပါတယ်။

စာရေးသူ ရောက်ရောက်ချင်း ဆောင်းပါး အတွက် အချက်အလက်ရအောင် အနီးအနား က မြေစိုက်ဆိုင်းဘုတ်တွေ ဓာတ်ပုံလိုက်ရိုက် တော့ အနီးက ဆိုင်းဘုတ်တစ်ခုမှာ ဖူဂျီတောင် တည်ရှိနေတဲ့ ယာမာနာရှိခရိုင်နဲ့ ရှီဇူအိုကာခရိုင် အုပ်ချုပ်ရေးမှူးများက ၁၈ နိုဝင်ဘာ ၁၉၉၈ ရက်စွဲဖြင့် ကြေညာထုတ်ပြန်ထားသော ဖူဂျီတောင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေးနှင့်ပတ်သက်သော ကြေညာ စာတမ်း (The Mt. Fuji Charter) အား ဂျပန် ဘာသာ၊ အင်္ဂလိပ်ဘာသာ နှစ်ဘာသာဖြင့် ရေးသားစိုက်ထူထားပါတယ်။ အနီးအနား လျှောက်ရင်း မျက်စိတစ်ဆုံး ရေခဲနေတဲ့ တောင်တက်လမ်းလေး တစ်ခု (Yoshida Trial- Asending Route) တွေ့ပါတယ်။ အဲဒီနေရာက ဒီအဆင့် ၅ ကနေ နောက်ဆုံးအဆင့် ၉ အထိ စတက်တဲ့ တောင်တက်လမ်းအစ ဖြစ်ပါတယ်။ လမ်းကို သစ်သားတန်းလေးတစ်ခုနဲ့ ပိတ်ထား ပါတယ်။ ဆက်မသွားရဘူးပေါ့။ အနား မှာလည်း ဘယ်သူမှမရှိပါဘူး။

တစ်ယောက် တည်း ခရီးသွားသူမို့ အရဲစွန့်ပြီး အတန်း ကိုကျော် ရှေ့ဆက်သွားရင်ရတဲ့သဘောပါ။ ကိုယ့်အန္တရာယ် ကိုယ်ကြည့်ရှောင်ပေါ့။ ရှေ့ဆက်သွား စူးစမ်းချင်တဲ့စိတ်ကို မနည်း ထိန်းပြီး ဘတ်စ်ကားရပ်တဲ့နေရာဘက်ဆီ နောက်ပြန်လှည့်လာခဲ့ပါတယ်။
ဖူဂျီတောင်ပေါ်မှာရှိစဉ် စာရေးသူ အတွေးတွေက ဖူဂျီတောင်ဆီ ပထမဆုံး ရောက်ခဲ့တဲ့ လွန်ခဲ့တဲ့ ၁၅ နှစ် ၆ နိုဝင်ဘာလ ၂၀၀၄ ဆီ ပြန်ရောက်သွားပါတယ်။ အဲဒီတုန်းက နဂိုယာမြို့မှာ ကျောင်း တက်ရင်း ကျောင်းသား ၁၀၀ ကျော်လောက် နဲ့ ဘတ်စ်ကား သုံးစီးနဲ့ နဂိုယာမြို့ကနေ ဖူဂျီတောင်အဆင့် ၅ အထိ သွားခဲ့ကြတာပါ။ အဲဒီတုန်းက နိုဝင်ဘာလဆိုပေမယ့် အပေါ်ကို တက်လို့ရပါတယ်။ အတူတွဲတဲ့ သူငယ်ချင်း နှစ်ယောက်က ပင်ပန်းတယ်၊ မတက်ချင်ဘူး ဆိုလို့ စာရေးသူတစ်ယောက်တည်း တောင် အဆင့် ၅ ကနေ တောင်အဆင့် ၆ အထိ တက်ခဲ့တာ မှတ်မိနေပါတယ်။ မှတ်မိတယ် ဆိုတာ စာရေးသူ အဲဒီတုန်းက နေ့စဉ် ဒိုင်ယာရီရေးခဲ့လို့ပါ။ ဒိုင်ယာရီမှာ အဲဒီနေ့ မွန်းလွဲ ၂ နာရီမှာ ၅ ဆင့်ကနေ စတက်တာ ၆ ဆင့်ကို မွန်းလွဲ ၂ နာရီ မိနစ် ၄၀ လောက်မှာ ရောက်သွားတယ်၊ တောင်တက် လမ်းမှာ ဂိုဒေါင် တစ်လုံး၊ အိမ် တစ်အိမ်နဲ့ ပီပါအခွံ အချို့တွေ့ခဲ့တယ်၊ အခေါင်းအပေါက် အပြည့်နဲ့ ချော်ရည်ချော်ခဲ အစအနလို အနီရောင်၊ မီးခိုးရောင် ကျောက်ခဲတုံးလေး တွေလည်း အများကြီးတွေ့ခဲ့တယ်၊ ၆ ဆင့်ကို ကျော်ပြီး ဆက်တက်တော့ ရှေ့ကပြန်ဆင်း လာတဲ့ လူကြီးတစ်ယောက်နဲ့ အမျိုးသမီး တစ်ယောက်က ရှေ့ဆက်မတက်ဖို့၊ အပြန် မှာ မှောင်ရင် ပြဿနာရှိမယ့်အကြောင်း ပြောတယ်ဆိုပြီး ရေးမှတ်ထားခဲ့ပါတယ်။

တရားဝင် ဖူဂျီတောင်တက် ဝက်ဘ်ဆိုက် အဆိုအရ ဖူဂျီတောင် အဆင့် ၅ မှ ဖူဂျီတောင် ထိပ်သို့ အတက်၊ အဆင်းလုပ်ဖို့ နေရာ လေး နေရာ၊ လမ်းကြောင်း လေးခုရှိပြီး တောင်တက်၊ တောင်ဆင်း လမ်းကြောင်းတစ်လျှောက် လမ်းညွှန်ဆိုင်းဘုတ်များကို အရောင်များဖြင့် သတ်မှတ်ခွဲခြား ဖော်ပြထားပါတယ်။ အဲဒီ နေရာ၊ လမ်းကြောင်းနဲ့ အရောင်တွေက Yoshida Trail Head (Fuji-Subaru Line 5th Station) (Yellow Color)၊ Subashiri Trail Head (Subashiri Trail 5th Station) (Red Color)၊ Gotemba Trail Head (Gotemba Trail New 5th Station) (Green Color) နဲ့ Fujinomiya Trail Head (Fujinomiya Trail 5th Station) (Blue Color) တို့ ဖြစ်ပါတယ်။ အဲဒီ လေးနေရာ အနက်ကမှ စာရေးသူတို့ ရောက်နေတဲ့ နေရာက ယာမာနာရှိခရိုင်ထဲမှာပါတဲ့ ဖူဂျီတောင် မြောက်ဘက် တောင်ထိပ်ဆီ တက်တဲ့ Yoshida Trail Head (Fuji- Subaru Line 5th Station) ဖြစ်ပြီး အဲဒီ လမ်းကြောင်းဟာ ဖူဂျီတောင် တောင်တက်သမားအများဆုံးအသုံးပြုတဲ့လမ်းကြောင်း ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီတောင်တက်၊ တောင်ဆင်းလမ်းကြောင်းများနဲ့ ပတ်သက်ပြီး အသေးစိတ်လေ့လာလိုပါက http://www.fujisan-climb.jp/en/trails/index.html မှာ သွားရောက်ဖတ်ရှု လေ့လာ နိုင်ပါတယ်။ ။

အောင်အောင် IR