၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ (၄)တစ်သီးပုဂ္ဂလများ
လွှတ်တော်ရွေးကောက်ပွဲများ ကျင်းပတော့မည်ဆိုလျှင် နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်လောင်း များပါဝင်ယှဉ်ပြိုင်ကြသကဲ့သို့ တစ်သီးပုဂ္ဂလလွှတ်တော် ကိုယ်စားလှယ်လောင်းများကလည်း ဝင်ရောက်ယှဉ်ပြိုင် ကြစမြဲဖြစ်သည်။ ဤတွင် တစ်သီးပုဂ္ဂလလွှတ်တော် ကိုယ်စားလှယ်လောင်းဆိုသည်မှာ အဘယ်နည်း။ ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်းများ ပါဝင်ယှဉ်ပြိုင်မှု အခြေအနေ မည်သို့ရှိသနည်း လေ့လာမိသည်။ အနှစ်ချုပ်၍ မျှဝေပါရ စေ။
ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်အခွင့်အရေး
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈ (က) အရ ရွေးကောက်ပွဲများတွင် နိုင်ငံသားတိုင်းသည် ဥပဒေ နှင့်အညီ ရွေးကောက်တင်မြှောက်ခွင့်ရှိသကဲ့သို့ မိမိ ကိုယ်တိုင်ကလည်း ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် အခွင့်အရေးရှိသည်။ ဤသည်မှာနိုင်ငံတော်၏ အခြေခံမူ ဖြစ်သည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆၉(က)အရ နိုင်ငံသားတိုင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖြစ်စေ၊ သက်ဆိုင်ရာဥပဒေများနှင့်ဖြစ်စေ မဆန့်ကျင်လျှင် ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တစ်ရပ်ရပ်တွင် ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် အခွင့်အရေးရှိသည်။ ဤသည်မှာ နိုင်ငံသားများ၏ မူလအခွင့်အရေးတစ်ရပ်ဖြစ်သည်။
ထို့ပြင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၅ အရ နိုင်ငံသားတိုင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက် များအရသော်လည်းကောင်း၊ ရွေးကောက် တင်မြှောက်ခြင်း ဆိုင်ရာဥပဒေပါ ပြဋ္ဌာန်းချက်များအရ သော်လည်းကောင်း အရည်အချင်းပျက်ယွင်းသူ မဟုတ်ပါက လွှတ်တော်တစ်ရပ်ရပ်သို့ ရွေးကောက်တင်မြှောက် ခံပိုင်ခွင့်ရှိ သည်။
ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခြင်း
ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် အရည်အချင်းနှင့် ပြည့်စုံသော နိုင်ငံသားများသည် ရွေးကောက်ပွဲများတွင် နည်းလမ်းနှစ်သွယ်ဖြင့် ပါဝင်ယှဉ်ပြိုင်ကြသည်။ ပထမ နည်းလမ်းမှာ နိုင်ငံရေးပါတီတစ်ခုခုကို ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ယင်းသို့ဝင်ရောက် ယှဉ်ပြိုင်ခြင်းကို ပါတီကိုယ်စားပြုလွှတ်တော် ကိုယ်စား လှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဟူ၍ ခေါ်သည်။ ဒုတိယနည်းလမ်းမှာ နိုင်ငံရေးပါတီတစ်ခုခု ကို ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမျိုးမဟုတ်ဘဲ နိုင်ငံသားတစ်ဦးအနေဖြင့် ဝင်ရောက် ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ယင်းသို့ယှဉ်ပြိုင်ခြင်းကို တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်သည်ဟု ခေါ်သည်။
တစ်သီးပုဂ္ဂလအဖြစ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းများ
၂၀၁၀ ပြည့်နှစ်တွင်ကျင်းပခဲ့သည့် အထွေထွေ ရွေးကောက်ပွဲ၌ တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စား လှယ်လောင်းများအဖြစ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် များတွင် ၄၀ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ တစ်ဦးရွေးကောက် တင်မြှောက်ခံရသည်။ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင် ခုနစ်ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ တစ်ဦးရွေးကောက် တင်မြှောက်ခံ ရသည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်အသီးသီး၌ ၃၅ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ လေးဦး ရွေးကောက်တင်မြှောက်ခံရသည်။
၂၀၁၂ ခုနှစ်တွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၃၇ နေရာ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ခြောက်နေရာ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် နှစ်နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲကျင်းပရာ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ခုနစ်ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ မည်သည့်လွှတ်တော် မဲဆန္ဒနယ် တွင်မျှ ရွေးကောက် တင်မြှောက်ခံရခြင်းမရှိခဲ့ပါ
၂၀၁၅ ခုနှစ်တွင်ကျင်းပသော အထွေထွေရွေးကောက်ပွဲ၌ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများ အဖြစ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ၉၀ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ တစ်ဦး ရွေးကောက်တင်မြှောက်ခံရသည်။ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင် ၄၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ နှစ်ဦး ရွေးကောက်တင်မြှောက် ခံရသည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ် တော်အသီးသီးတွင် ၁၇၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ နှစ်ဦး ရွေးကောက်တင်မြှောက်ခံရသည်။
၂၀၁၇ခုနှစ်တွင်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ကိုးနေရာ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် သုံးနေရာ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ခုနစ် နေရာတို့အတွက် ကြားဖြတ်ရွေးကောက်ပွဲကျင်းပရာ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ခုနစ်ဦး ဝင်ရောက်ယှဉ်ပြိုင်ရာ မည်သည့်လွှတ်တော်မဲဆန္ဒနယ် တွင်မျှ ရွေးကောက် တင်မြှောက်ခံရခြင်းမရှိပါ။
၂၀၁၈ ခုနှစ်တွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် လေး နေရာ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် တစ်နေရာ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ရှစ်နေရာတို့အတွက် ကြားဖြတ်ရွေးကောက်ပွဲကျင်းပရာ တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်း ခုနစ်ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ တစ်ဦး ရွေးကောက်တင်မြှောက် ခံရသည်။
အခွင့်အရေးနှင့် တာဝန်များ
လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့်အခါ ရွေးကောက်ပွဲအာမခံငွေ ပေးသွင်းရသည်။ သတ်မှတ် ထားသည့် အမည်စာရင်း တင်သွင်းလွှာတွင် ဖြည့်သွင်း၍ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲသို့ တင်ပြရသည်။
ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းလွှာ စိစစ်မှုခံယူရသည်။ ရွေးကောက်ပွဲ ကိုယ်စားလှယ် တစ်ဦးနှင့် မဲရုံကိုယ်စားလှယ်နှစ်ဦး ခန့်ထားရသည်။ သတ်မှတ်သည့်ကာလ မဲဆွယ်စည်းရုံးရသည်။ သတ်မှတ် ထားသည့် ရွေးကောက်ပွဲအသုံးစရိတ်ငွေကို သုံးစွဲရသည်။ မဲရုံများအတွင်းသို့ ဝင်ရောက်၍ ဆန္ဒမဲပေးခြင်း၊ ဆန္ဒမဲ ရေတွက်ခြင်းကို ကြည့်ရှုရသည်။ ရွေးကောက်ပွဲပြီးလျှင် ရွေးကောက်ပွဲ ကုန်ကျစရိတ်ငွေစာရင်းကို သတ်မှတ် သည့်အတိုင်း တင်သွင်းရသည်။ ရွေးကောက်ပွဲရလဒ် အပေါ်မကျေနပ်က သတ်မှတ်သည့်အတိုင်း ကန့်ကွက်လွှာ တင်သွင်းနိုင်သည်။ ဤသည်တို့မှာ လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦး၏ ရွေးကောက်ပွဲဆိုင်ရာ အခွင့်အရေးနှင့်တာဝန်များမှ အနှစ်ချုပ်ဖြစ်သည်။
နိုင်ငံရေးပါတီတစ်ခုကို ကိုယ်စားပြု၍ ဝင်ရောက် ယှဉ်ပြိုင်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သည့် လွှတ်တော် ကိုယ်စာလှယ် လောင်းများ၏ ရွေးကောက်ပွဲဆိုင်ရာ အခွင့်အရေးနှင့် တာဝန်များမှာ အတူတူပင်ဖြစ်သည်။ ထူးခြားချက်မှာ နိုင်ငံရေးပါတီတစ်ခုကို ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်သည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများအတွက် အစိုးရပိုင်ရုပ်မြင်သံကြားမှ မဲဆွယ် စည်းရုံးဟောပြောခွင့်ကို ထိုပါတီများ၏ ခေါင်းဆောင် များက ရရှိကြသော်လည်း တစ်သီးပုဂ္ဂလလွှတ်တော် ကိုယ်စားလှယ်လောင်းများအတွက် ယင်းကဲ့သို့သော အခွင့်အရေးများ မရရှိပါ။
ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ ဆန္ဒပြုရမည့် ဆန္ဒမဲလက်မှတ်ပေါ်၌ပါရှိသည့် လွှတ်တော်ကိုယ်စား လှယ်လောင်းတစ်ဦး၏ လိုဂို အမှတ်တံဆိပ်သည် ပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်း ဖြစ်လျှင် ယင်းပါတီက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်စဉ်တင်ပြထားသည့် လိုဂို အမှတ်တံဆိပ် အတိုင်းဖြစ်သည်။ တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်လျှင် ဆန္ဒမဲလက်မှတ်ပေါ်တွင် ၎င်း အသုံးပြုမည့် လိုဂို အမှတ်တံဆိပ်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ သတ်မှတ် ထားသည့်အတိုင်း ကြိုတင်တင်ပြ၍ အတည်ပြုချက် ယူရသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ရွေးကောက်တင်မြှောက်ခံရသည့် ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များကို နိုင်ငံရေးပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုလွှာထုတ်ပေးသကဲ့သို့ ရွေးကောက်တင်မြှောက် ခံရသည့် တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်များ ကိုလည်း တစ်သီး ပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ် အဖြစ် အသိအမှတ်ပြုလွှာထုတ်ပေးသည်။
ရွေးကောက်ပွဲနှင့်အတူ
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရန် ရည်မှန်းထားကြသည့် တစ်သီးပုဂ္ဂလများ သည် မိမိတို့ဆောင်ရွက်ရန်ရှိသည်များကို ကြိုတင် ပြင်ဆင်ကြရမည်။ မည်သည့်လွှတ်တော်မဲဆန္ဒနယ်တွင် ပါဝင်ယှဉ်ပြိုင်ရမည်၊ မည်သည့်မြို့နယ်၊ မည်သည့်ဒေသမှ ဝင်ရောက်ယှဉ်ပြိုင်ရမည်တို့ကို စိစစ်ရွေးချယ်ရပါမည်။ မည်သူ့ကို မိမိ၏ ရွေးကောက်ပွဲကိုယ်စားလှယ်အဖြစ် ထားမည်၊ မည်သူတို့အား မဲရုံးကိုယ်စားလှယ်၊ အကူ ကိုယ်စားလှယ်များအဖြစ် ခန့်ထားမည်ကို လျာထားရ ပါမည်။ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ ညွှန်ကြားချက်များ၊ လမ်းညွှန်မှုများကို ဖတ်ရှုလေ့လာ အသိပညာပေးခြင်းများ ပြုလုပ်ရပါမည်။ မဲဆန္ဒရှင် ပြည်သူများနှင့်လည်း ထိတွေ့စည်းရုံးရန်ရှိပါသည်။ ဤမျှ များပြားသော လုပ်ငန်းများကို ကြိုတင်ဆောင်ရွက်မှုများ ပြုလုပ်ကြရမည်ဖြစ်သဖြင့် အချိန်နှင့်အမျှ အလေးထား ဂရုပြု၍ သတိမူကြရပါမည်။
ဤသို့ဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် တစ်သီးပုဂ္ဂလလွှတ်တော် ကိုယ်စားလှယ်လောင်းများသည် မင်္ဂလာရှိသော ၂၀၂၀ ပြည့်နှစ်ကို ရွေးကောက်ပွဲလုပ်ငန်းများ စီမံဆောင်ရွက်ရင်း ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့်အတူ ဖြတ်ကျော် ရမည် ဖြစ်ကြောင်းပါ။
* လွှတ်တော်မဲဆန္ဒနယ်များ အားလုံးတွင် ရွေးကောက်ပွဲများကို ချောမောအောင်မြင်စွာ ကျင်းပနိုင်ပါစေ၊
* တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်းများပါဝင်ယှဉ်ပြိုင်နိုင်ကြပါစေ၊
* အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်း များ ပါဝင်နိုင်ကြပါစေ။
၂၀၂၀ ပြည့်နှစ်အတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို ကျင်းပတော့မည်ဖြစ်ရာ အဆိုပါရွေးကောက်ပွဲကြီးနှင့် ပတ်သက်၍ ရွေးကောက်ပွဲဆိုင်ရာ အကြောင်းအရာများကို ပြည်သူများ သိရှိလေ့လာနိုင်ရန် ဖော်ပြပေးသွားပါမည်။ ဆောင်းပါးတွင်ပါရှိသည့် အကြောင်း အရာများသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။
မောင်စာဂ