အမေရိကန်တွင် လျင်မြန်စွာကူးစက်ပျံ့နှံ့လာသည့် အိုမီခရွန်မျိုးကွဲ XBB.1.5
နှင်းမိုးအိမ်
ကိုဗစ် -၁၉ ကပ်ရောဂါဖြစ်ပွားနေသည်မှာ သုံးနှစ်အတွင်း ဝင်ရောက်လာပြီဖြစ်သည်။ ထိုအချိန်တွင် ကိုဗစ်- ၁၉ ၏ ဆင့်ကဲဖြစ်စဉ်များကြောင့် ရောဂါပိုးမွှားဗေဒပညာရှင်များကို အခက်တွေ့စေခဲ့သည်။
လျင်မြန်စွာကူးစက်ပျံ့နှံ့လာ
ယခုအသစ်ဖြစ်ပေါ်နေသည့် အိုမီခရွန်မျိုးကွဲသစ် XBB.1.5 မှာ ပြီးခဲ့သည့် သီတင်းပတ်အတွင်း အမေရိကန်ပြည်ထောင်စု၌ လျင်မြန်စွာကူးစက်ပျံ့နှံ့လာခဲ့သည်။ ဇန်နဝါရီ ၆ ရက်အထိ နိုင်ငံအရှေ့မြောက်ဘက်တွင် ကူးစက်မှုအသစ်များထဲ၌ ၇၂ ရာခိုင်နှုန်းမှာ XBB.1.5 ကြောင့်ဖြစ်သည်။ အမေရိကန်တစ်နိုင်ငံလုံးအနှံ့ကြည့်မည်ဆိုလျှင် ကူးစက်မှု ၏ ၂၇ ဒသမ ၆ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။
တစ်ကမ္ဘာလုံးအနှံ့ ပျံ့နှံ့မည်ဟုခန့်မှန်း
အဆိုပါမျိုးကွဲအသစ်မှာ နယူးယောက်ပြည်နယ်တွင် စတင်တွေ့ရှိလာရသည်။ ယခုအချိန်အထိ တွေ့ရှိလာရသောမျိုးကွဲများထဲတွင် XBB.1.5 မှာ ကူးစက်မှုအလျင်မြန်ဆုံးဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ ကိုဗစ် -၁၉ နည်းပညာအဖွဲ့ခေါင်းဆောင် မာရီယာဗန်ခါဟို့ဗာက ပြောသည်။ XBB.1.5 မှာ ကမ္ဘာ့နေရာအတော်များများတွင် တွေ့ရှိရခြင်းမရှိသေးချေ။ သို့သော်လည်း အဆိုပါမျိုးကွဲမှာလျင်လျင် မြန်မြန်ဖြင့် တစ်ကမ္ဘာလုံးအနှံ့ကူးစက်ပျံ့နှံ့သွားလိမ့်မည်ဟု ဘယ်လ်ဂျီယံနိုင်ငံမှဆင့်ကဲဖြစ်စဉ် ဇီဝဗေဒပညာရှင်တွန်ဝမ့်စလီယာက ခန့်မှန်းပြောကြားသည်။
နောက်ထပ်လှိုင်းနှင့်ကြုံတွေ့ဖွယ်ရှိ
နောက်ထပ်ကူးစက်မှုလှိုင်းလုံးနှင့် ကြုံတွေ့ရနိုင်ဖွယ်ရှိသည်ဟု ၎င်းကပြောသည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးမှ အကြံပေးများသည် XBB.1.5 ၏ အန္တရာယ်ဖြစ်နိုင်ခြေများကို အကဲဖြတ်နေကြသည်။ လွန်ခဲ့သောတစ်နှစ်ခန့်က အမေရိကန်တွင် ပထမဆုံးအိုမီခရွန်လှိုင်းနှင့် ကြုံတွေ့ခဲ့ရသလိုမျိုးတူညီမှု ရှိမည်မဟုတ်ဟု မန်ဆာချူးဆက်အထွေထွေရောဂါကုဆေးရုံမှ ကူးစက်ရောဂါဆိုင်ရာ ဆရာဝန် ဂျေကော့လက်မျူက ပြောသည်။
ကူးစက်မှုဆိုးရွားလာနိုင်
သို့သော်လည်း XBB.1.5 ကူးစက်မှုမှာ ဆိုးရွားနိုင်ကြောင်း ၎င်းကသတိပေးထားသည်။ လူများသည် အဆောက်အအုံအတွင်းပိုင်းတွင် လူစုလူဝေးများပြုလုပ်ကြခြင်းနှင့် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံမှုမခံယူကြခြင်းတို့ကြောင့် ကူးစက်မှုပို၍ ဆိုးရွားနိုင်သည်ဟု ၎င်းက သတိပေးထားခြင်းဖြစ်သည်။
ကာကွယ်ပေးနိုင်
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အစိုးရသည် XBB.1.5 ကူးစက်မှုကိုစောင့်ကြည့်နေပြီး ပြည်သူများအနေဖြင့်လည်း ရောဂါကာကွယ်ရေးနည်းလမ်းများကို လုပ်ဆောင်ထားကြရန်တိုက်တွန်းကြောင်း အိမ်ဖြူတော် ကိုဗစ် -၁၉ တိုက်ဖျက်ရေးညှိနှိုင်းရေးမှူး ဒေါက်တာ အက်ရှိကေဂျာကပြောသည်။ ကြိုတင်လေ့လာထားမှုများအရ နှစ်ခါထပ်ဆောင်းကာကွယ် ဆေးထိုးထားသူများသည် XBB နှင့် ၎င်းကဆင်းသက်လာမည့်မျိုးကွဲများကို ကာကွယ်ပေးနိုင်ကြောင်း အကြံပြုထားသည်။
ပို၍လျင်မြန်လာ
အမေရိကန်တွင်မူ ဇန်နဝါရီလပထမပတ်အတွင်း နောက်ထပ်ကူးစက်ခံရသည့် ကိုဗစ် - ၁၉ ကူးစက်မှုများ၏ ၂၇ ဒသမ ၆ ရာခိုင်နှုန်းမှာ XBB.1.5 မျိုးကွဲဟု အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစင်တာက ဇန်နဝါရီ ၆ ရက်တွင်ပြောသည်။ ဒီဇင်ဘာလနှောင်းပိုင်းမှစတင်ကာ အခြားသော အိုမီခရွန်မျိုးကွဲ ကူးစက်မှုများမှာလျော့ကျလာသော်လည်း XBB.1.5 ကူးစက်မှုမှာ လွန်ခဲ့သည့်လကနှင့်နှိုင်းယှဉ်လျှင် ခန့်မှန်းခြေအားဖြင့် ၂ ဒသမ ၃ ရာခိုင်နှုန်းတိုးလာခဲ့သည်။ အိုမီခရွန်မျိုးကွဲကူးစက်မှုမှာ ပို၍လျင်မြန်လာနိုင်ကြောင်း အိမ်ဖြူတော် ကိုဗစ်-၁၉ တိုက်ဖျက်ရေးညှိနှိုင်းရေးမှူး ဒေါက်တာ အက်ရှိကေဂျာက ဇန်နဝါရီ ၄ ရက်တွင် ပြောသည်။
လူစုလူဝေးရှောင်ရှားရန် တောင်းဆို
အမေရိကန် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ကို ကာကွယ်နိုင်ရန် အခြေခံလုပ်ဆောင်မှုစနစ်များဖြစ်သည့် ပါးစပ်နှာခေါင်းစည်းတပ်ဆင်ခြင်း၊ ကိုဗစ်-၁၉ အပိုဆောင်းကာကွယ်ဆေးထိုးနှံခြင်းများနှင့် အဆောက်အအုံအတွင်း လူစုလူဝေးပြုလုပ်ခြင်းတို့ကို ရှောင်ရှားကြရန် ၎င်းကတောင်းဆိုခဲ့သည်။
အကဲဖြတ်လေ့လာလျက်ရှိသော အမေရိကန်ပြည်ထောင်စုတွင် ဇန်နဝါရီ ၄ ရက်မှစတင်ကာတစ်ရက်လျှင် ဆေးရုံတက်ရသည့်လူနာဦးရေမှာ ၆၅၀၀ တိုးလျက်ရှိသည်။ သို့သော်လည်းပြီးခဲ့သည့် နှစ်အောက်တိုဘာလမှစတင်ကာ ကိုဗစ်-၁၉ ကြောင့်တစ်ရက်အတွင်း သေဆုံးသူဦးရေမှာ ၄၀၀ အောက်ကျဆင်းလျက်ရှိသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက နည်းပညာပိုင်းဆိုင်ရာအုပ်စုသည် ဗိုင်းရပ်စ်၏ဆင့်ကဲဖြစ်စဉ်နှင့် မျိုးကွဲအသစ်များကို အကဲဖြတ်လေ့လာလျက်ရှိသည်။
ကာကွယ်ဆေးထိုးရန် သတိပေးထား
အဆိုပါ အုပ်စုသည် ဓာတ်ခွဲခန်းလေ့လာမှုများနှင့်လူထုများကြားမှ ရရှိသည့်အချက်အလက်များကို အသုံးပြုကာ XBB နှင့် XBB. 1.5 တို့၏ ဆင့်ကဲဖြစ်စဉ်များကို အနီးကပ်စောင့်ကြည့်လျက်ရှိသည်။ လာမည့်ရက်ပိုင်းအတွင်း အစီရင်ခံစာကိုထုတ်ဝေနိုင်မည်ဟု ခန့်မှန်းထားသည်။ ပြည်သူများအနေဖြင့်လည်း ထပ်ဆောင်းကာကွယ်ဆေးထိုးထားကြရန် အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ထပ်မံသတိပေးထားသည်။
နှစ်စဉ်လုပ်ဆောင်ရန် ရည်မှန်းထား
အမေရိကန်တွင် လူဦးရေ ၇၀ ရာခိုင်နှုန်းသာ ကိုဗစ်-၁၉ ကာကွယ်ဆေးနှစ်ကြိမ် ထိုးရသေးသည်။ အသက်ငါးနှစ်အထက် ထပ်ဆောင်းကာကွယ်ဆေးထိုးပြီးသည့်အရေအတွက်မှာ ၁၅ ဒသမ ၄ ရာခိုင်နှုန်းသာရှိသည်။ အသက် ၆၅ နှစ်နှင့်အထက်များမှာ ကိုဗစ်-၁၉ ကူးစက်မှုတွင် အန္တရာယ်ရှိသည့်အသက်အုပ်စုဖြစ်ပြီး ယင်းအသက်အုပ်စုမှာကာကွယ်ဆေးထိုးထားသည့် ရာခိုင်နှုန်းမြင့်မားသည်။ အသက် ၆၅ နှစ်နှင့်အထက် ထပ်ဆောင်းကာကွယ်ဆေးထိုးထားသည့်ဦးရေမှာ ၃၈ ဒသမ ၁ ရာခိုင်နှုန်းရှိသည်။ အမေရိကန်အစိုးရသည်လည်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးကြရန် နှစ်စဉ်စည်းရုံးမှုကိုလုပ်ဆောင်ရန် ရည်မှန်းထားသည်။
ဆွေးနွေးခဲ့
အမေရိကန်နိုင်ငံသားများအနေဖြင့်လည်း ကာကွယ်ဆေးထိုးထားပါက မိမိကိုယ်ကို ကာကွယ်နိုင်မည်ဖြစ်သည်။ ကာကွယ်ဆေးမထိုးထားလျှင်မူ မိမိကိုယ်တိုင်သာမက အခြားသူများကိုပါ မလိုလားအပ်သည့်အန္တရာယ်ဖြစ်လာစေနိုင်သည်ဟု ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် အမေရိကန်သမ္မတကဆွေးနွေးခဲ့သည်။ ။
ကိုးကား-သည်နယူးယောက်တိုင်းမ်