Skip to main content

ရှေ့နေနှင့် အမိတက္ကသိုလ်

နိဒါန်း

ဆရာ

ဗျာ

ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ

ရှေ့နေနှင့် အမိတက္ကသိုလ်ပါတဲ့

ဘာကိုဆိုလိုပါသလဲဆရာ

ကျွန်တော်တို့ခေတ်က အမိတက္ကသိုလ်အကြောင်း သတိတရရေးချင်တာပါဗျာ။

ပြီးတော့ ဆရာကြီး မောင်ခင်မင်(ဓနုဖြူ)ရေးတဲ့ အမိတက္ကသိုလ်၏ရင်ခွင်မှာ စာအုပ်အကြောင်းလည်း ထပ်ဆင့်တင်ပြချင်လို့ပါ

စိတ်ဝင်စားပါတယ်ဆရာ

ဒါဖြင့်……. ဖတ်ကြည့်ကြစို့- ”

အမိတက္ကသိုလ်

အမိတက္ကသိုလ်ဆိုသည်မှာ ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ်ဖြစ်ပါသည်။ လွန်ခဲ့သော ၁၉၆၇-၁၉၆၈ တက္ကသိုလ်စာသင်နှစ်က ဖြစ်ပါသည်။ ကျွန်တော်သည် ထိုစဉ်က ဥပဒေပညာအဓိက သင်ယူခွင့်ရခဲ့သော တက္ကသိုလ်ပထမနှစ် ကျောင်းသားတစ်ဦးဖြစ်ခဲ့

ပါသည်။ မန္တလေး အ.ထ.က(၂)(နေရှင်နယ်ကျောင်း) က ၁၀ တန်းအောင်ပြီး ရန်ကုန်သို့ပြောင်းလာခြင်း ဖြစ်ပါ သည်။ အမိတက္ကသိုလ်၏ရင်ခွင်မှာ စတင်ခိုဝင်ခွင့်ရခဲ့ပါပြီ။

အင်းဝဆောင်

အင်းဝဆောင်ကို ဘယ်တော့မှ ကျွန်တော်မမေ့နိုင်ပါ။ ရန်ကုန်လိုမြို့ကြီးမှာ အခြေတကျ၊ အေးအေးချမ်းချမ်းတက္ကသိုလ်ပညာဆည်းပူးဖို့ တက္ကသိုလ်နယ်မြေထဲက အင်းဝဆောင်မှာ ဥပဒေကျောင်းသားတစ်ဦးအဖြစ်(၄)နှစ်တာကာလ နေခွင့်ရခဲ့တာပါ။ အမိတက္ကသိုလ်၏ရင်ခွင် ထဲမှာ ထွေးပိုက်မှုခံခဲ့ရသော သားလှတစ်ဦးပမာ ရင်ခုန် ကြည်နူးစရာ လျှောက်လှမ်းခွင့်ရသူအဖြစ် မော်ကွန်း စာပန်းချီခြယ်သနိုင်ခဲ့ပါပြီ။

အဆောင်မှူး

ထိုစဉ်က အင်းဝဆောင် အဆောင်မှူးမှာ ဆရာဦးကိုယု (စာရေးဆရာမောင်သစ်) ဖြစ်ပါသည်။ ဆရာက ဥပဒေ ပညာဌာနမှာ လက်ထောက်ကထိကတစ်ဦးလည်း ဖြစ်ခဲ့ ပါသည်။ စာရေးဆရာလည်းဖြစ်၊ နိုင်ငံရေးကို စိတ်ပါဝင်စား သူလည်းဖြစ်သော ဆရာဦးကိုယု၏ ကြီးကြပ်မှုအောက် တွင် ကျွန်တော်တို့လွတ်လပ်ပျော်ရွှင်ခဲ့ကြပါသည်။ စာပေ အနုပညာ အသိကြွယ်ခဲ့ကြပါသည်။ လက်ထောက် အဆောင်မှူး ဆရာဦးခင်မောင်သိန်းသည်လည်း ဥပဒေ ပညာဌာနမှ နည်းပြဆရာတစ်ဦး ဖြစ်နေပြန်ပါသည်။ အင်းဝဆောင်တစ်ဆောင်လုံး ဥပဒေပညာအဓိက ကျောင်းသားများသာ စုပေါင်းထားရှိပါသည်။ အင်းဝ ဆောင် အဆောင်သာယာရေးကော်မတီတွင် ကျွန်တော်က စာကြည့်တိုက်ကို တာဝန်ယူခဲ့ရပါသည်။ စာပေနှင့်

ဥပဒေ ဆက်စပ်ဒွန်တွဲမှုကို ဂရုပြုနိုင်ခဲ့သောအခြေအနေဖန်တီးပေးခဲ့ပါသည်။

ဥပဒေပါမောက္ခ ဦးလှအောင်

ကျွန်တော်တို့ခေတ်က ဥပဒေပါမောက္ခမှာ ဆရာကြီး ဦးလှအောင်(နောင်၊ နိုင်ငံတော်ရှေ့နေချုပ်) ဖြစ်ပါသည်။ ဆရာကြီးနှင့်တကွ ဥပဒေပညာပို့ချသော ဆရာ၊ ဆရာမ များအကြောင်း သီးခြား ရေးသားတင်ပြဦးမည်။

တက္ကသိုလ်များစာကြည့်တိုက်

တက္ကသိုလ်များစာကြည့်တိုက်မှာ အင်းဝဆောင်နှင့် မဝေးပါ။ အဆောင်ကလှမ်းကြည့်လျှင်ပင် မြင်နေရပါသည်။ ပြီးတော့ နေ့စဉ်နေ့တိုင်း တက္ကသိုလ်စာကြည့်တိုက်ရှေ့က ဖြတ်သွားဖြတ်လာ သွားရသည်။ စာအုပ်မျိုးစုံဖတ်နိုင်သော အခွင့်အရေးကြုံခဲ့ပါပြီ။ စာကြည့်တိုက်ရှေ့မှာ အပန်းဖြေ ရိပ်သာ (R.C) ရှိသည်။ R.C ကိုဖြတ်ကျော်၍ ဆက်လျှောက် လျှင် ဥပဒေပညာဌာန စာသင်ခန်းများကို ရောက်ပါပြီ။ ဥပဒေပထမနှစ်ကျောင်းသားမို့ မြန်မာစာ၊ ဘောဂဗေဒ စသည့် ဆက်နွှယ်သောဘာသာရပ်များ ကျွန်တော်ပူးတွဲ သင်ယူခဲ့ရပြန်ပါသည်။

မြန်မာစာဆရာ

ကျွန်တော့်ဘဝတွင် မမေ့နိုင်သောကျေးဇူးရှင် မြန်မာစာ ဆရာမှာ ဦးခင်အေး (ဒေါက်တာခင်အေး)၊ ကလောင် အမည် မောင်ခင်မင်(ဓနုဖြူ) ဖြစ်ပါသည်။ ၁၉၆၇-၆၈ ပညာသင်နှစ်၊ ဥပဒေပညာ ပထမနှစ်ကျောင်းသားဘဝမှာ စတင်ဆုံတွေ့ခဲ့ရသော မြန်မာစာပြ ဆရာဖြစ်ပါသည်။ ပြီးတော့ ယနေ့တိုင် စာပေပါရဂူတစ်ဦးအဖြစ် လေးစား

စံထားနေရသူလည်း ဖြစ်နေပါပြီ။

အမိတက္ကသိုလ်၏ရင်ခွင်မှာ

ဆရာမောင်ခင်မင် (ဓနုဖြူ)ရေးသားသော “အမိ တက္ကသိုလ်၏ရင်ခွင်မှာစာအုပ်ကို ရာပြည့်စာအုပ်တိုက် က ပထမအကြိမ်အဖြစ် ၂၀၁၇ စက်တင်ဘာလတွင် ထုတ်ဝေပါသည်။ တက္ကသိုလ်ဆရာတစ်ယောက်၏ အမှတ်တရများ ရေးသားထားပါသည်။

ရဲဘော်ဟန်ညွန့်(ဥပဒေ)နှင့် မိတ်ဆွေများ

အမိတက္ကသိုလ်၏ရင်ခွင်မှာစာအုပ်၊ စာ-၂၆ တွင် “သူတို့အထဲက ကျောင်းသားတစ်ယောက်နှင့် စာပေ အကြောင်း မကြာခဏပြောဖြစ်သည်။ သူက စာလည်းရေးကြောင်း သိရသည်။ သတင်းစာမှာ သူ့ဆောင်းပါးတွေ မကြာခဏတွေ့သည်။ အခြားသူမဟုတ်ပါ။ ငယ်စဉ်က ရဲဘော်ဟန်ညွန့် (ဥပဒေ) ကလောင်အမည်ဖြင့် စာရေး သော ဥပဒေပညာရှင် ဦးဟန်ညွန့်ဖြစ်သည်။ ဥပဒေ ဝန်ထမ်းအဖြစ် ရာထူးအဆင့်ဆင့်ရပြီး ယခုအငြိမ်းစားယူပြီးချိန်တွင်လည်း ဥပဒေရေးရာဆောင်းပါးများကို အဆက်မပြတ် ရေးသားနေဆဲဖြစ်သည်ဟု ဆရာ မောင်ခင်မင်(ဓနုဖြူ)က ကျွန်တော့်အကြောင်း ရေးထား ပေသည်။

ထို့ပြင် ကျွန်တော်တို့နှင့်ခေတ်ပြိုင် အေးသန်း (သစ်တော)၊ ဟိန်းလတ်၊ အောင်ပြည့်၊ မောင်မင်းယာ၊ မြင့်သိင်္ဂီမော်၊ စောမဉ္ဇူ(ဖျာပုံ)၊ ငြိမ်းကျော်တို့အကြောင်းများ ပါ ဆရာရေးထားသည်။ အမိတက္ကသိုလ်၏ ငယ်ပေါင်း သူငယ်ချင်းမိတ်ဆွေအပေါင်းကို ပြန်ပြောင်းလွမ်းဆွတ်မိ ပါသည်။ သိမ်းဆည်းထားသော ဓာတ်ပုံဟောင်းလေးကို ကျွန်တော်ပြန်ကြည့်တော့ ပညာရေးတက္ကသိုလ်က ပျဉ်းမနားမောင်နီသင်း၊ မြစိန်မိုး၊ အောင်ကြည်ညွန့်တို့အဖွဲ့၊ စက်မှုတက္ကသိုလ်က မောင်စိန်ဝင်း (ပုတီးကုန်း)၊ မြန်မာစာ က မောင်ကောင်းမြင့်၊ ညိုညိုယဉ်(ဒိုက်ဦး)၊ အညာတမာ၊ အောင်စိုးဦး စသည့် စာပေချစ်သူ သူငယ်ချင်းတစ်စု။ ပြန်တွေးတိုင်း ဝါသနာတူ၊ ရင်းနှီးသံယောဇဉ်ကြီးသူ၊ အမိတက္ကသိုလ်သားသမီးများမို့ ကျွန်တော်တို့ လွမ်းရ သည်။ များစွာသော၊ အခြားသောသူငယ်ချင်းတွေလည်း

ကျန်သေးသည်။ အချို့ ကွယ်လွန်ရှာပြီ။ အချို့ ဘယ်ဆီ ဘယ်ဝယ် . . . ။

မာတိကာ

ဆရာ မောင်ခင်မင်(ဓနုဖြူ)၏ အမိတက္ကသိုလ်၏ရင်ခွင် မှာ စာအုပ်တွင် အမိတက္ကသိုလ်၏ရင်ခွင်သို့ (၃) ကြိမ် ရောက်ခဲ့ကြောင်း၊ ပထမအကြိမ် (၁၉၆၅-၁၉၆၈)၊ ဒုတိယ အကြိမ် (၁၉၈၁-၁၉၉၃)၊ တတိယအကြိမ် (၁၉၉၉-၂၀၀၆) ဖြစ်ကြောင်း ရေးထားသည်။ ပထမအကြိမ်ကဏ္ဍ တွင် ဆောင်းပါး (၁၈)ပုဒ်၊ ဒုတိယအကြိမ်ကဏ္ဍတွင် ဆောင်းပါးပုဒ်ရေ (၄၀)၊ တတိယအကြိမ်ကဏ္ဍတွင် ဆောင်းပါးပုဒ်ရေ (၃၂)ပုဒ် ပါဝင်သည်။ အမိတက္ကသိုလ် ကြီး၏ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်ဖြစ်ကြောင်း၊ မြန်မာစာဌာနသည် မိခင်ဌာနဖြစ်ကြောင်း အမိတက္ကသိုလ် ကျေးဇူးဂုဏ်ကို အလေးအမြတ်ထားကာ အမိတက္ကသိုလ် ဟူ၍ နှလုံးသွင်းလျက် ဆရာ၏အတွေ့အကြုံများကို ရေးသားခဲ့ခြင်းဖြစ်ပါသည်။

ပုသိမ်ကောလိပ်၊ (ရန်ကုန်)ပညာရေးတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်နှင့် ဂျပန်နိုင်ငံ အိုဆာကာ နိုင်ငံခြားဘာသာသင်တက္ကသိုလ်တို့၌ အမှုထမ်းခဲ့သော အတွေ့အကြုံ များကိုလည်း ဆက်စပ်ရေးသားထားပါသည်။ ဇာတ်လိုက် မောင်ရေအေးကို ပွဲထုတ်၍ တတိယလူ၏အတွေ့အကြုံ များကို နှစ် ၁၀၀ ပြည့်တော့မည်ဖြစ်သော အမိတက္ကသိုလ် နှင့် ၇၅ နှစ်ပြည့်မြောက်ပြီးဖြစ်သော မိခင်မြန်မာစာဌာန တို့၏ သရုပ်သကန်ကို ကိုယ်စားပြုရေးသားထားခြင်း လည်း ဖြစ်ပါသည်။

အမိတက္ကသိုလ်၏ ရွှေရတုပွဲမှာ၁၉၇၀ ပြည့်နှစ်သည် အမိရန်ကုန်တက္ကသိုလ်၏ နှစ် ၅၀ ပြည့် ရွှေရတုကာလဖြစ်သည်။ ၁၉၇၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ရွှေရတုပွဲအခမ်းအနား စတင် ကျင်းပသည်။ စာတမ်းဖတ်ပွဲကို ဝိဇ္ဇာခန်းမမှာ ကျင်းပ သည်။ ဆရာဦးဝန်က မြန်မာစကား၊ ဆရာဦးသိန်းဟန်က မြန်မာစကားပြေ၊ ဦးဝင်းမွန်နှင့် ဦးဇော်မြင့်တို့က မြန်မာ ကဗျာ၊ ဆရာဦးမောင်မောင်ကြီးက မြန်မာပြဇာတ်၊ ဦးကျော်အောင်၊ ဦးကျော်ဆွေ၊ ဦးမောင်မောင်ညွန့်တို့က မြန်မာဝတ္ထုတို၊ ဦးဟုန်ဝမ်နှင့် ဦးရေအေးတို့က မြန်မာ ဝတ္ထုရှည်၊ ဦးဖိုးကျော်မြင့်က မြန်မာသတင်းစာ၊ ဦးခင်မောင်ထွန်းက မြန်မာမဂ္ဂဇင်းစာတမ်းများ ဖတ်ကြ သည်။ ထိုစာတမ်းများကို “မြန်မာမှု အပိုင်း ၁အဖြစ် စုစည်းထုတ်ဝေထားသည့်အတွက် မောင်ရေအေး လက်လှမ်းမီခြင်း ဖြစ်သည်။ အခြားစာတမ်းများလည်း အများအပြားရှိပါသည်။(စာ-၆၂) ဟု ဆရာက မှတ်တမ်း တင်သည်။

အမိတက္ကသိုလ် စိန်ရတုပွဲမှာ ဘွဲ့ဝတ်စုံဆင်ယင်

၁၉၉၅ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဘွဲ့နှင်းသဘင် ခန်းမ၌ကျင်းပသော ရန်ကုန်တက္ကသိုလ် စိန်ရတုသဘင် ဖွင့်ပွဲအခမ်းအနားသို့ မောင်ရေအေးလည်း တက်ရသည်။ ဘွဲ့ဝတ်စုံဆင်ယင်ပြီး တက်ရသည့်အတွက် စိတ်ထဲမှာ တစ်မျိုးထူးခြားနေသည်ဟု စာ ၁၉၂ တွင် ရေးသားထားပါ သည်။ သမိုင်းဝင် အမှတ်တရများပါခင်ဗျား။

ခြိမ့်ခြိမ့်သဲသဲ မြန်မာစာဌာန နှစ် ၆၀ ပြည့်ပွဲ

မြန်မာစာဌာန နှစ် ၆၀ ပွဲကျင်းပရန် ဆရာ၊ ဆရာမများ၊ ကျောင်းသားဟောင်းများနှင့် တစ်နှစ်လောက်ကြိုတင်ပြီး တိုင်ပင်ဆွေးနွေးသည်။ ဦးဦးဖျားဖျား၊ တိုင်ပင်ဆွေးနွေး ဖြစ်သော ကျောင်းသားဟောင်းများမှာ ဦးစိုးညွန့် (တော်ဝင်နှင်းဆီ)၊ ဦးအောင်စိုးဦး(ရုပ်ရှင်ဒါရိုက်တာ)၊ ဗိုလ်မှူးကြီး မြင့်အုန်း(ဖိုးရန်နိုင်၊ ကျောက်ကြီး)၊ ဗိုလ်မှူး ခင်စိုး၊ ဒုတိယဗိုလ်မှူးကြီး ရဲမြင့်လှိုင်၊ ဗိုလ်မှူးကြီး တင်ရှိန်၊ ဦးကျော်ဇေယျ၊ ဦးစိန်လှိုင် (သူရဇော်)၊ ဦးအေးချို (မဟာ ဝိဇ္ဇာ)၊ ဦးကြည်ထွဏ်း(ထန်လှိုင်) စသည့် ပုဂ္ဂိုလ်များ ဖြစ်သည်။ အမျိုးသမီးတွေထဲမှာ အဝေးသင်တက္ကသိုလ် တွဲဖက်ပါမောက္ခ ဒေါ်ခင်ဆွေမြင့်၊ ဒေါ်သက်သက်ဆွေ (မသက်ဆွေ)၊ ဒေါ်သန္တာခင်(စာရေးဆရာ ဒါရိုက်တာ) စသည့်ပုဂ္ဂိုလ်များ စိတ်ဝင်စားကြသည်။ နောက်တော့ တစ်နွယ်ငင် တစ်စင်ပါ အင်အားတွေတိုးလာသည်။

(စာ-၂၁၇) ဟု ဖတ်ရသည်။ မြန်မာစာချစ်သူများပါ တကား . . .။

မြဲမြံစွာ

သိမ့်မွေ့စွာ သို့သော် မြဲမြံစွာဟူသော ခေါင်းစဉ်ဖြင့် ရေးထားသော မောင်ရေအေး၏ မာနအကြောင်း၊ မထိုက် တန်ဘဲ လျှော့စျေး၊ ပေါ့စျေးပေးရသော အဖြစ်မျိုးကို ကြားရတိုင်း စိတ်မသက်မသာဖြစ်ရသော၊ သနားလို့ဟူ သော အကြောင်းပြချက်ဖြင့် အခွင့်အရေးပေးခဲ့ရသည်ကို မောင်ရေအေး ခံစားရပုံအကြောင်းများ ဖတ်ရသည်။ ထို အခါ ပါမောက္ခချုပ်ဆရာကြီး ဦးကောင်းညွန့် မိန့်ကြားလေ့ ရှိသော စကားတစ်ခွန်းကို သတိရမိကြောင်း “ သိမ့်မွေ့စွာ သို့သော် မြဲမြံစွာ ဆောင်ရွက်ပါဆိုသော စကားဖြစ် ကြောင်း စာ-၂၆၀ တွင် ထင်ထင်ရှားရှား တစ်သက်တာ လိုက်နာမှတ်သားဖွယ် ဖတ်ရသည်။

နိဂုံး

(၁) ရန်ကုန်တက္ကသိုလ် ရာပြည့်အကြိုအဖြစ်ဆရာ၏ အမှတ်တရများကိုဖတ်ပြီး ကျွန်တော်တို့ ကျောင်းသား ဘဝအတွေ့အကြုံများကိုလည်း ပြန်ပြောင်းသတိရ လွမ်းဆွတ်မိပါသည် ဆရာ။ ပြီးတော့ ဆရာ လေ့ကျင့် သင်ကြားပေးခဲ့သော မြန်မာမှုအစုစု၏အမွေအနှစ်များ ကိုလည်း ဘဝတစ်ကွေ့ ကြုံတွေ့ခံစားနေရပါပြီဆရာ။

(၂) ဘဝတစ်လျှောက်လုံး မြဲမြံစွာ ဆောင်ရွက်မည့် ဆရာကြီး မောင်ခင်မင်(ဓနုဖြူ)အား တပည့်များကိုယ်စား ကျွန်တော်က ရန်ကုန်တက္ကသိုလ် ရာပြည့်အကြိုအဖြစ် ဤဆောင်းပါးဖြင့် ဂါရဝဂုဏ်ပြုလျက် ရိုသေစွာကန်တော့ လိုက်ပါသည် . . . ။ ။

ဦးဟန်ညွန့် (ဥပဒေ)