COVID- 19 : Second Wave - နောက်တစ်ချီ ဒီတစ်လုံး မဖုံးစေချင်ပါ
မနက်မိုးလင်း ပြုလုပ်နေကျ နိစ္စပါတ်ကုသိုလ်ပြုလုပ်ပြီး စာကြည့်စားပွဲထိုင် သတင်းစာလှန်၊ ကွန်ပျူတာကိုဖွင့်၊ ဖေ့စ်ဘွတ်ကြည့် လိုက်ရင် တစ်နေ့တစ်မျိုး မရိုးရအောင် ကို ပြည်တွင်းပြည်ပ သတင်းစုံကို တွေ့မြင်သိရှိရပါတယ်။ သတင်းတို့ရဲ့သဘာဝအရ တစ်နေ့ကနဲ့ မနေ့က Hot ဖြစ်တဲ့ သတင်းတွေဟာ ဒီနေ့အဖို့ ခေတ်မမီတော့တဲ့ (ခေတ်ပေါ်စကားအရ ဒိတ်အောက်သွားတဲ့) သတင်းတွေ ဖြစ်တတ်ကြပါတယ်။ ဒါပေမဲ့ ၂၀၂၀ နှစ်ဆန်းကတည်းက အခုဒီနေ့ဒီရက်အထိ နေ့စဉ်လို ပါနေ၊ တွေ့နေပေမယ့် မရိုးသွားဘဲ အခုထိ အထူးစိတ်ဝင်စားစွာ မျှော်လင့်မှု၊ စိုးရိမ်ပူပန်မှုတွေနဲ့ ကြည့်နေကြရတဲ့ အကြောင်းကတော့ ကိုဗစ်-၁၉ သတင်းပါပဲ။
အခု ဘာလိုလိုနဲ့ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဆိုးကြီး ကမ္ဘာ့လူသားတွေကို ဒုက္ခပေးခြိမ်းခြောက်နေခဲ့တာ ရှစ်လ ပြည့်တော့မှာပါ။ ဒီရောဂါဖြစ်စေတဲ့ ရောဂါပိုးဟာ ကိုရိုနာဗိုင်းရပ်စ်ပိုးအုပ်စုထဲကမှ ပိုးအသစ်တစ်မျိုးမို့ သူ့အကြောင်းကို ကမ္ဘာ့နိုင်ငံအနှံ့က သိပ္ပံပညာရှင်တွေက လေ့လာနေကြဆဲပေမယ့် သူ့အကြောင်းကို ရာနှုန်းပြည့် ဘယ်သူမှ မသိကြသေးပါဘူး။
ကောင်းကောင်းထိန်းချုပ်နိုင်
သေချာတာတစ်ခုကတော့ ဒီရောဂါဆိုးကြီးဟာ ကမ္ဘာပေါ်မှာ ဆက်ရှိနေဆဲ ဆက်ပြီးဒုက္ခပေးနေဦးမယ် ဆိုတာပါပဲ။ အင်မတန်ကူးစက်မြန်တဲ့ ဒီရောဂါဟာ (၁) ကမ္ဘာအနှံ့ လူအတော်များများကို ကူးစက်ပြန့်ပွားပြီး လူထုအများစုရဲ့ ခုခံနိုင်စွမ်း (Herd Immunity ) ရှိလာရင်၊ (၂) ဒီကူးစက်ရောဂါကို ဘေးအန္တရာယ်လုံးဝမရှိစေတဲ့ ထိရောက်တဲ့ကာကွယ်ဆေး (Vaccines) ကို ကမ္ဘာပေါ်က လူအတော်များများကို ဆေးပတ်လည်အောင် ထိုးပေး နိုင်ခဲ့ရင်၊ (၃) ဒီရောဂါ ဖြစ်လာ၊ ခံစားလာရတဲ့ လူနာ တွေကို ဘေးထွက်ဆိုးကျိုးမရှိတဲ့ ကုသဆေးဝါးများနဲ့ လုံးဝ ပျောက်ကင်းအောင် နိုင်နိုင်နင်းနင်း ပြုစုကုသ ပေးနိုင်ရင် အဲဒီသုံးမျိုးထဲက တစ်မျိုးမျိုးဖြစ်ပေါ်လာမှ သာ ဒီရောဂါဆိုးကြီးကို ကောင်းကောင်းထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။
အဲဒီသုံးချက်ထဲက ပထမဆုံးအချက်ဖြစ်ဖို့ တန်ဖိုး မဖြတ်နိုင်တဲ့ လူ့အသက်တွေ အများကြီး ရင်းကြရမှာပါ။ ရောဂါရဲ့ ပြင်းထန်မှုနဲ့ အတိမ်အနက်ကို သေသေချာချာ မသိဘဲ အဲဒီအချက်ကို မျှော်မှန်းပြီး ရောဂါဖြစ်စမှာ ဖိဖိစီးစီး ထိန်းသိမ်းကာကွယ်မှုမလုပ်ဘဲ လွှတ်ပေးခဲ့ကြတဲ့ အမေရိကန်၊ အင်္ဂလန်နဲ့ ဥရောပနိုင်ငံအချို့မှာ ရောဂါတွေ ပက်ပက်စက်စက် ပြန့်ပွားပြီး အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ကြရပါတယ်။ နောက်တစ်ချက်က ရောဂါဖြစ် ပြီး ခံစားရပြီးသူတွေမှာလည်း ခုခံနိုင်စွမ်းသတ္တိပြပစ္စည်း (Antibodies)တွေ ဘယ်လောက်ပေါ်ပြီး ဘယ်လောက် ကြာကြာ ရောဂါကာကွယ်မှု(Immunity) ပေးနိုင်မှာလဲ ဆိုတာကို သေသေချာချာ မသိကြသေးသလို နောက်ထပ် ရောဂါပိုး လုံးဝမဝင်အောင်၊ ရောဂါ ထပ်မခံစားရအောင် သေချာပေါက် အကာအကွယ် ပေး၊ မပေး ဆိုတာကိုလည်း မပြောနိုင်သေးပါဘူး။ အခု ဒီရောဂါ စဖြစ်ခဲ့တဲ့ နိုင်ငံတွေမှာ ပထမတစ်ကြိမ်ရောဂါဖြစ်ခဲ့ဖူးသူတွေ ထပ်ပြီး ရောဂါဖြစ် နေကြတာတွေကို တွေ့နေကြရပါတယ်။
ဝါယမစိုက်ထုတ် ကြိုးပမ်းရှာဖွေ
ဒါကြောင့် ကျန်နှစ်ချက်ဖြစ်တဲ့ ကာကွယ်ဆေးနဲ့ ကုသဆေးအတွက် ကမ္ဘာ့နိုင်ငံအတော်များများက ပညာ ရှင်တွေက အထူးဝါယမစိုက်ထုတ်ပြီး စူးစမ်းလေ့လာ ကြိုးပမ်းရှာဖွေနေကြရာမှာ မျှော်လင့်ချက်ရောင်ခြည်လေး တွေ သန်းနေပေမယ့် အန္တရာယ်ကင်းစွာ အသုံးပြုနိုင်မယ့် ကာကွယ်ဆေးနဲ့ကုသဆေးတွေ (ဩဂုတ်လ ၁၀ ရက်နေ့ အထိ သတင်းတွေအရ) ဒီနှစ်ကုန်အထိ ထွက်နိုင်ဖို့ မသေချာသေးသလို ထွက်လာရင်လည်း ကမ္ဘာအနှံ့နိုင်ငံ အားလုံးက လူအများကို ထိုးပေးနိုင်ဖို့၊ ကုပေးနိုင်ဖို့ မျှော်လင့်လို့မရသေးတဲ့အချိန်ပါ။
အဲဒီလို အခြေအနေမှာရှိနေတဲ့ ကိုဗစ်-၁၉ ရောဂါ ဟာ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီလတွေမှာ စဖြစ်ခဲ့တဲ့ နိုင်ငံအချို့ မှာ မေ၊ ဇွန်လလောက်ကစပြီး ရောဂါပြန့်ပွားမှုကို နည်း မျိုးစုံနဲ့ ထိန်းခဲ့ကြလို့ ရောဂါဖြစ်ပွားနှုန်းနဲ့ သေဆုံးမှုနှုန်း တွေ အတိုင်းအတာတစ်ခုအထိ ကျခဲ့ကြပါတယ်။ ဒီရောဂါ ဟာ လူတစ်ဦးမှတစ်ဦးကို အနီးကပ်နေထိုင်ရာက ရောဂါရှိ သူဆီကထွက်တဲ့ အမှုန်အမွှားက နောက်လူတစ်ဦးရဲ့ အသက်ရှူလမ်းကြောင်းကနေဝင်တာဆိုတာ သေသေ ချာချာ သိထားတာကြောင့် နိုင်ငံတွေမှာ တတ်နိုင်သမျှ လူစုလူဝေးရှောင် လူတောထဲမသွားဘဲ အိမ်မှာနေခြင်း၊ မဖြစ်မနေ အပြင်ထွက်ရင် တစ်ဦးနဲ့တစ်ဦး (တစ်မီတာ /ခြောက်ပေ)ခွာ၍နေစေခြင်း၊ မကြာခဏ လက်ကို စနစ်တကျ ဆေးခြင်း၊ တစ်နိုင်ငံနဲ့တစ်နိုင်ငံ၊ တစ်မြို့နဲ့တစ်မြို့၊ ဒေသတစ်ခုနဲ့တစ်ခု ကူးလူးဆက်ဆံမှုမရှိအောင် ကုန်းလမ်း၊ ရေလမ်း၊ လေလမ်း အပါအဝင် အဘက်ဘက်မှာ တားဆီး ပိတ်ပင်မှု အဆင့်ဆင့်ပြုလုပ်ခြင်း၊ ရောဂါရှိသူ၊ ရောဂါ ပိုး ကူးစက်ထားသူတွေနဲ့ ထိတွေ့ထားသူများကို စေ့စေ့ စပ်စပ် ရှာဖွေခြင်း၊ သံသယရှိသူများနဲ့ နိုင်ငံရပ်ခြားမှ ပြန်လည်ဝင်ရောက်လာသူများအားလုံးကို (ကိုယ့်တိုင်းပြည်ရဲ့ မူအရ) နေရာအမျိုးမျိုးမှာ သီးခြားခွဲ၍နေစေခြင်း စတဲ့ ဗျူဟာအမျိုးမျိုးနဲ့ ဆောင်ရွက်ထိန်းသိမ်းပေးခဲ့ကြရာမှာ ဖိဖိစီးစီးလုပ်ခဲ့တဲ့၊ လုပ်နိုင်တဲ့နိုင်ငံတွေမှာ ရလဒ်ကောင်း ခဲ့တာ တွေ့ခဲ့ကြရပါတယ်။
ကြိုးကြိုးစားစား လိုက်နာကျင့်သုံး
ထူးထူးခြားခြား တွေ့ရှိခဲ့ကြရတာကတော့ ဒီလို ဆောင်ရွက်ခဲ့ကြရာမှာ နိုင်ငံရဲ့ဘဏ္ဍာရေး တစ်ခုတည်းက အဆုံး အဖြတ်ပေးတာ မဟုတ်တာပါပဲ။ မိမိတို့နိုင်ငံ အပါအဝင် အရှေ့တောင် အာရှမှ ဖွံ့ဖြိုးဆဲနိုင်ငံအချို့မှာ ရောဂါကူးစက် မှုရော သေဆုံးမှုပါ ဖွံ့ဖြိုးတိုးတက်လွန်းတဲ့ နိုင်ငံတွေထက် သိသိသာသာ လျော့နည်းနေတာကို အစပိုင်းမှာ အတော် များများက သိပ်မယုံခဲ့ကြပေမယ့် နောက်ပိုင်းတော့ လက်ခံ အတည်ပြုခဲ့ကြရပါတယ်။ အဓိကအခြေခံအချက်တွေ ကတော့ အပေါ်မှာဖော်ပြခဲ့တဲ့ ထိန်းသိမ်းကာကွယ်မှု ကျင့်စဉ်တွေကို သက်ဆိုင်ရာ အစိုးရနဲ့တာဝန်ရှိသူများက ကြပ်မတ်လမ်းညွှန်ပေးခဲ့ကြသလို ပြည်သူလူထုကလည်း ကြိုးကြိုးစားစား လိုက်နာကျင့်သုံးခဲ့ကြလို့ပါပဲ။ အများက လက်မခံသော်လည်း အခြားယူဆချက်လေးတွေကလည်း စိတ်ဝင်စားစရာတွေပါ။
တစ်ခုက အဲဒီအချိန်၊ အဲဒီနိုင်ငံ အတော်များများမှာ ပူပြင်းလှတဲ့နွေရာသီရဲ့ အပူချိန်ကြောင့် ဆိုတဲ့အချက်ပါ။ တချို့ကလည်း စင်ကာပူနိုင်ငံလည်း ပူတာပဲ၊ ဘာလို့ အဲဒီ နိုင်ငံတွေထက် ပိုဖြစ်ရသလဲလို့ စောဒကတက်ကြပါတယ်။ စင်ကာပူနိုင်ငံမှာလည်း ပူပေမယ့် ဖွံ့ဖြိုးတဲ့နိုင်ငံမို့ ပူနေတဲ့ အပူချိန်အောက် နေထိုင်သွားလာလှုပ်ရှားနေကြတာ မဟုတ်ဘဲ Air –Condition နဲ့ အိမ်တိုင်း၊ အဆောက်အအုံတိုင်း၊ ရုံး၊ ကျောင်း၊ ဌာနတိုင်း၊ နောက်ဆုံး မြေအောက်ရထား လိုင်း၊ ဓာတ်လှေကားနဲ့ ယုတ်စွအဆုံး အိမ်သာထဲအထိ လေအေးပေးစက်တွေနဲ့မို့ပါလို့ ဖြေရှင်းချက်ပေးသူတွေ လည်း ရှိခဲ့ပါတယ်။ ဒီဒေသတွေမှာ ဖြစ်ပွားမှုများတဲ့ ငှက်ဖျားရောဂါကြောင့် လူထုထဲမှာရှိနေတဲ့ ခုခံမှုဓာတ် ကြောင့်ဆိုတာရယ်၊ အာရှသားတွေရဲ့ သွေးထဲရှိ သွေးနီဥ ထဲက အခြား ဟီမိုဂလိုဗင်အမျိုးအစားများ (Other Haemoglobin variant especially Hb –E) ကြောင့်ဆိုတဲ့ အချက်တွေကတော့ သိပ္ပံပညာရှင်တွေ ဆက်လက်လေ့လာ နေဆဲပါပဲ။
မိမိတို့နိုင်ငံအနေနဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ၂၀၁၉ နှစ်ကုန်ပိုင်း စဖြစ်စဉ်ကတော့ အခြားနိုင်ငံများလိုပဲ ပုံမှန် ကာကွယ်မှုတွေလုပ်ခဲ့ကြပေမယ့် မှတ်မှတ်ရရ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၄ ရက် (လွတ်လပ်ရေးနေ့)ကစလို့ အရှိန်အဟုန် မြှင့်ခဲ့ကာ နောက်ပိုင်းမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် ဦးဆောင်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနသာမက အစိုးရအဖွဲ့တစ်ခုလုံးနဲ့ ဝန်ကြီးဌာနပေါင်းစုံရဲ့ စီစဉ်ဆောင်ရွက်လမ်းညွှန်မှု၊ စေတနာရှင် ရဟန်းပြည်သူ လူထုအဖွဲ့အစည်းပေါင်းစုံနဲ့ လူမှုရေးစိတ်ဓာတ်ပြည့်ဝ သူ(ပြည်တွင်းပြည်ပ) လူတစ်ဦးချင်းနဲ့ အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းပါဝင်ကူညီပံ့ပိုးမှု၊ ရှေ့တန်းစစ်မြေပြင်လို့ တင်စား နိုင်တဲ့ ဆေးရုံဆေးခန်း ရောဂါပိုးစမ်းသပ်ရာဌာနများနဲ့ ကျန်းမာရေးဌာနတွေ၊ Quarantine center တွေ၊ နိုင်ငံရဲ့ အဝင်အထွက်ဂိတ်ပေါက်တွေမှာ မညည်းမညူ ကျရာတာဝန် ကို(တချို့ဆိုရင် လိုတာထက်တောင်ပိုပြီး) ထမ်းဆောင်ခဲ့ကြ တဲ့ အလွှာအသီးသီးက ကျန်းမာရေးဝန်ထမ်းတွေနဲ့ သက်ဆိုင်ရာ ဌာနဆိုင်ရာ ဝန်ထမ်းအဆင့်ဆင့်တွေ၊ သက်ဆိုင်ရာက ညွှန်ကြားထားတဲ့ ရှောင်ရန်၊ ဆောင်ရန် အချက်တွေကို အထူးဂရုစိုက် လိုက်နာကျင့်သုံးခဲ့တဲ့ တာဝန်သိ နိုင်ငံသားတစ်ဦးချင်း၊ တစ်ယောက်ချင်းကြောင့် ကိုဗစ်-၁၉ စဖြစ်ခါစက မိမိတို့ မြန်မာနိုင်ငံဟာ အထိနာပြီး လူတွေသိန်းချီပြီး ရောဂါပိုးကူးစက်ကာ ထောင်နဲ့သောင်းနဲ့ ချီပြီး အသက်ဆုံးနိုင်တယ်လို့ ခန့်မှန်းထားသူတွေရဲ့ ခန့်မှန်း ချက်တွေ တက်တက်စင်အောင် လွဲခဲ့ရပြီး ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၁၅ ရက် စနေနေ့နံနက်စောစောအထိ ရောဂါပိုးတွေ့ရှိ သူ ၃၇၄ ဦးနဲ့ သေဆုံးသူ ခြောက်ဦးသာရှိခဲ့တာဟာ နိုင်ငံ့ ခေါင်းဆောင်ရဲ့ မှန်ကန်တဲ့ဦးဆောင်ဦးရွက်ပြုမှု၊ ဌာနဆိုင်ရာ အားလုံးရဲ့ စနစ်တကျ စီမံခန့်ခွဲညွှန်ကြားမှုနဲ့ ပြည်သူ တစ်ရပ်လုံးရဲ့ စည်းကမ်းတကျ လိုက်နာဆောင်ရွက်မှုတို့ ကြောင့်ဆိုတာ သိသာထင်ရှားလှပါတယ်။ စဖြစ်ခါစက မြန်မာနိုင်ငံမှာဆက်နေရင် အန္တရာယ်ရှိနိုင်တယ်ဆိုပြီး အနောက်တိုင်းနိုင်ငံကြီးအချို့က သူတို့ရဲ့ သံရုံးအကြီးအကဲ နဲ့ ဝန်ထမ်းတွေကို မြန်မာနိုင်ထဲက အမြန်ထွက်ကြဖို့ နှိုးဆော်တိုက်တွန်း လုပ်ဆောင်ခဲ့ကြပြီး တကယ့်မြေပြင် အခြေအနေတွေမှာ သူတို့ မိခင်နိုင်ငံတွေမှာ ရောဂါဖြစ်တာ ရော သေဆုံးတာပါ ကြောက်ခမန်းလိလိ ကြုံတွေ့နေကြရ တဲ့အဖြစ်ပါ။
အသက်တွေ စွန့်လွှတ်ဆုံးရှုံးခဲ့ရ
မိမိအနေနဲ့ ကိုယ့်ငါးချဉ်ကိုယ်ချဉ်တယ် အပြောခံပြီး မြန်မာပြည်သူလူထုရဲ့ ဂုဏ်ယူဖွယ် အချို့ကိစ္စလေးတွေ ပြောပြချင်ပါတယ်။ ကျန်းမာရေးဝန်ထမ်း အဆင့်ဆင့်ရဲ့ တာဝန်ယူ ပေးဆပ်မှု တွေကိုဖော်ပြရင် ဆရာဝန် ဆရာမပဲ ကိုယ့်တာဝန် ကိုယ်လုပ်တာ လုပ်ရမှာပေါ့လို့ ဝေဖန်သူတွေ ရှိနိုင်ပါတယ်။ အခုဖြစ်တာ ပုံမှန်ကာလ ကျန်းမာရေး စောင့်ရှောက်မှု မဟုတ်ပါဘူး။ ကြောက်စရာကောင်းလှတဲ့ မိမိရောမိမိ မိသားစုပါ ကူးလည်းကူးနိုင်၊ သေလည်း သေနိုင် တဲ့ ကမ္ဘာ့ကပ်ရောဂါကြီးပါ။ တချို့နိုင်ငံတွေမှာ ဆရာဝန် ဆရာမတွေက ဆေးရုံဆေးခန်းတွေ ထားခဲ့ပြီး ပစ်ပြေးကြ တဲ့ သတင်းတွေကြားခဲ့မြင်ခဲ့ကြရပါတယ် ။ အားလုံးသိကြ၊ မှတ်မိကြမှာပါ။ အဲဒီဖြစ်ခါစအချိန်မှာ Safety Medical Equipments တွေဖြစ်တဲ့ ပါးစပ်နှာခေါင်း စည်း (Surgical Mask ) ကအစ အဆင့်မြင့် PPE, N-95, KN-95 Mask အကာအကွယ်ပစ္စည်းတွေ လုံလုံလောက် လောက်မရှိခဲ့တဲ့ အခြေအနေပါ။ မိမိတို့တစ်နိုင်ငံတည်း ကြုံတွေ့ခဲ့ရတာ တော့ မဟုတ်ပါဘူး။ ကမ္ဘာတစ်ဝန်း ကြုံတွေ့ခဲ့ကြရတဲ့ အခက်အခဲပါ။ အဲဒါကြောင့်လည်း ယူကေလို၊ အမေရိကန် လိုနိုင်ငံမှာ ဆရာဝန် ဆရာမ ဆေးဝန်ထမ်းတွေ ရောဂါ ကူးစက်ရုံမက အသက်တွေပါ စွန့်လွှတ် ဆုံးရှုံးခဲ့ကြရပါ တယ်။ အဲဒီလိုအခြေအနေမှာ “တာဝန်မို့လို့”ဆိုတာထက် ရောဂါကူးသွားနိုင်မှန်း၊ သေသွားနိုင်မှန်းသိသိကြီးနဲ့ တာဝန် ထက်ပိုပြီး စေတနာထား လုပ်ကိုင်ခဲ့ကြတဲ့ ကျန်းမာရေး ဝန်ထမ်းတွေဆိုတာတော့ သိစေချင်ပါတယ်။ တချို့ဆို ကုသရေးတာဝန်မဟုတ်ပေမယ့် မိမိဆန္ဒနဲ့ မိမိ Volunteer လုပ်ပြီး လူနာတွေ ပြုစုစောင့်ရှောက်တဲ့ဌာနတွေ၊ တချို့ဆို နယ်စွန်နယ်ဖျားအထိ တာဝန်ယူခဲ့ကြတာပါ။
စိတ်ထဲတွေးပြီး ခံစားကြည့်
အဲဒီ ကိုဗစ်-၁၉ ရောဂါအတွက် ရောဂါပိုးရှိတဲ့ လူနာ တွေ၊ သံသယလူနာတွေကို အချိန်ပေးကုသသူတွေနဲ့ပဲ နေ့ရက်နာရီတွေအကုန်ပေးထားရင်း အစားထိုးမရနိုင်တဲ့ မိမိရဲ့ မိခင်၊ ဖခင်၊ ဇနီး၊ ခင်ပွန်း မကျန်းမမာဖြစ်တာ မပြုစုနိုင်၊ နောက်ဆုံးအချိန်တောင် ဘေးမှာမရှိနိုင်ဘဲ အသက်ပေးလိုက်ရ၊ ဆုံးရှုံးလိုက်ရတဲ့အဖြစ်တွေကို နာမည်တွေအကုန် အတိအကျနဲ့ကို တင်ပြပြောပြနိုင်ပါ တယ်။ ရောဂါပိုးရှိသူတွေကိုပြုစုကုသရင်း ရောဂါကူးစက် သွားခဲ့တဲ့၊ ကူးစက်နိုင်ဖွယ်ဖြစ်ခဲ့တဲ့ ကျန်းမာရေးဝန်ထမ်း တွေ၊ သံသယရှိသူတွေကို ပြုစုကုသလိုက်ရလို့ ကူးစက် နေပြီလားလို့ တထိတ်ထိတ်နဲ့ နေနေခဲ့ကြရတဲ့ ကျန်းမာ ရေး ဝန်ထမ်းတွေရဲ့နေရာ၊ သူတို့လေးတွေရဲ့မိသားစုတွေ နေရာကို တကယ်မဟုတ်ဘဲ ခဏလောက်လေး စိတ်ထဲမှာ တွေးပြီးခံစားကြည့်ကြရင် ကိုယ်ချင်းစာတတ်၊ နားလည် ပေးတတ်၊ အသိအမှတ်ပြု ပေးတတ်ကြမှာပါ။
ဒုတိယဖော်ပြချင်တာကတော့ ရဟန်းရှင်လူပြည်သူ တစ်ရပ်လုံးရဲ့ ကြီးမားမြင့်မြတ်လှတဲ့ စေတနာ၊ မေတ္တာနဲ့ လူမှုရေးစိတ်ဓာတ်ပါ။ မြန်မာလူမျိုးတို့ရဲ့ Charity Spirit အများအပေါ် စေတနာထားလှူဒါန်းပံ့ပိုးလိုမှု စိတ်ဓာတ် က ကမ္ဘာပေါ်မှာ ထိပ်ဆုံးက ရပ်တည်နေတာ ကြာလှပါပြီ။ အဲဒီအကျင့်ကောင်းဓလေ့ကောင်းကိုလည်း ကိုဗစ်-၁၉ ကာလမှာ ဝမ်းမြောက် ဂုဏ်ယူ ရလောက်အောင် တွေ့ခဲ့ရ ပါတယ်။ အဓိကလိုအပ်ခဲ့တဲ့ Safety Medical Equipments အကာအကွယ်ပစ္စည်းတွေ၊ ကုသမှုမှာ လိုအပ်တဲ့ အသက်ရှူအားကူစက် (Ventilator) အပါအဝင် စက်ကိရိယာအမျိုးမျိုးတွေ၊ ရောဂါကိုတိတိကျကျနဲ့ လူများများကို ရှာဖွေစမ်းသပ်နိုင်မယ့် Cobas 6000 Analyzer လို တန်ဖိုးကြီးလှတဲ့ အဆင့်မြင့်ဓာတ်ခွဲခန်း ဆိုင်ရာ စက်တွေ၊ စမ်းသပ်ပစ္စည်းနဲ့ ဆက်စပ်ပစ္စည်းတွေ အပါအဝင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းသိမ်း၊ ကုသဖို့ လိုအပ်တဲ့အရာတွေအားလုံးကို ငွေရောပစ္စည်းများပါ ဌာနဆိုင်ရာတွေကို လှူကြသူ၊ လိုအပ်တဲ့နေရာတွေ တိုက်ရိုက်လှူကြသူ၊ လှူနိုင်သူတွေကို ဆက်သွယ် ဆောင်ရွက်ပေးကြသူ အားလုံးကိုသာမက ကျန်းမာရေး ဝန်ဆောင်မှု(ဆေးကုသမှု ရောဂါရှာဖွေမှု) ပေးနေသူတွေ၊ တချို့ဆို အိမ်တောင် မပြန်နိုင်၊ မပြန်ဖြစ်ကြတာမို့ သူတို့ စားသောက်ဖို့ နံနက်စာ၊ နေ့လယ်စာ၊ ညစာ အချိန်မီ ပေးပို့လှူဒါန်းကြသူတွေ အားလုံးကို မှတ်တမ်းတင်ဂုဏ်ပြု ကြရမှာပါ။ ကိုဗစ်-၁၉ ဖြစ်ခါစက ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနရှေ့မှာ မူလတန်းကလေးတစ်ယောက်ရဲ့ လက်ရေးနဲ့ “ဦးဦး၊ ဒေါ်ဒေါ်တို့ Fighting နော် အားရှိအောင် စားဖို့ပါ” ဆိုပြီး ကလေးလက်ရေးလေးနဲ့ ထားသွားခဲ့တဲ့ မုန့်ထုပ်လေး ကိုမြင်ရတာဟာ မျက်ရည်ကျရ၊ ကြက်သီး ထရလောက်တဲ့ ကြည်နူးဝမ်းသာမှုပါပဲ။
ကျေးဇူးတရားကို မှတ်တမ်းတင်
ဒီ ကိုဗစ်-၁၉ ရောဂါကို ထိန်းသိမ်းရာမှာ ရောဂါ မပြန့်အောင်လုပ်ခဲ့တဲ့အထဲက “ခွဲခြားနေထိုင်စေခြင်း” “Quarantine” ဟာလည်း အတော်အရေးပါတဲ့နေရာမှာ ပါခဲ့တာပါ။ အဲဒီလုပ်ငန်းစဉ်အတွက် နေရာတွေပေး (တချို့ဆို အကျွေးအမွေးပါ တာဝန်ယူလိုက်သေး) ခဲ့ကြတဲ့ ဆရာတော်ကြီးများရဲ့ ဘုန်းတော်ကြီးကျောင်းတွေ၊ တရားစခန်းတွေ၊ အဖွဲ့အစည်း တွေရဲ့ အဆောက်အအုံ တွေ၊ ဟိုတယ်တွေကို ရက်ရက်ရောရော အသုံးပြုခွင့်ပေးခဲ့ သူတွေရော၊ အဲဒီစခန်းတွေမှာ ကျန်းမာရေး၊ စားသောက် ရေး၊ ဖျော်ဖြေရေး၊ ဆက်သွယ်ရေး တာဝန် အသီးသီးကို ကိုယ်ရောစိတ်ပါ နှစ်မြှုပ်လုပ်ကိုင်ခဲ့ကြတဲ့ ဝန်ထမ်းများနဲ့ ကျောင်းသူ ကျောင်းသား များ၊ အဖွဲ့အစည်းပေါင်းစုံနဲ့ လုပ်အားပေး Volunteer များရဲ့ ကျေးဇူးတရားများကို လည်း မှတ်တမ်းတင်ထိုက်ပါတယ်။
မိမိတို့နိုင်ငံရဲ့ လုပ်ဆောင်ချက်တွေထဲမှာ ဝမ်းမြောက် ဂုဏ်ယူစရာတွေ အများကြီးထဲက တချို့ကို ထပ်ပြီး မှတ်တမ်းတင်ပါရစေ။ ရောဂါဖြစ်ခါစ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ သွားလာ နေကြတဲ့အချိန် ရောဂါစခဲ့တဲ့ တရုတ် နိုင်ငံက ခရီးသည်ရာကျော်ပါတဲ့ လေယာဉ်ပျံ မန္တလေး လေဆိပ်ကို ရောက်လာတုန်းက ခရီးသည်တွေကို လုံးဝ ဆင်းခွင့်မပေးခဲ့တာ၊ ဆင်းရင်လည်း “Quarantine” ဝင်ရ မယ်လို့ ပြတ်ပြတ်သားသား ဆုံးဖြတ်ဆောင်ရွက်ခဲ့တာ လေးကိုပါ။ နောက်တစ်ချက်ကတော့ တရုတ်နိုင်ငံ ဝူဟန် မှာ ပိတ်မိပြီး ဒုက္ခပေါင်းစုံကြုံတွေ့နေရတဲ့ မြန်မာ ကျောင်းသား ကျောင်းသူလေးတွေကို ကယ်ဆယ်ရေး လေယာဉ် (Relief Flight)လွှတ်ပြီး ပြန်ခေါ်ခဲ့ကာ မန္တလေး မှာ လိုလေသေးမရှိအောင် ထားပေးခဲ့တာဟာ နိုင်ငံတော်နဲ့ သက်ဆိုင်ရာ ဆောင်ရွက်သူတွေရဲ့ မွန်မြတ်လှတဲ့ ဆောင်ရွက်မှုပါ။
မိမိတို့တစ်နိုင်ငံပဲရှိ
အဲဒီလိုခေါင်းဆောင်ကောင်းရဲ့ မှန်ကန်တဲ့ ဦးဆောင်မှု အောက်မှာဖော်ပြခဲ့တဲ့ နည်းဗျူဟာတွေနဲ့ ရောဂါကို ထိန်းနိုင်၊ လျော့နည်းနိုင်ခဲ့သော်လည်း တစ်ဖက်မှာ စီးပွားရေး၊ လူမှုရေး၊ ဆက်သွယ်ရေး၊ ပညာရေး၊ ဘာသာ ရေး၊ ဆက်ဆံပေါင်းသင်းရေးကဏ္ဍအသီးသီးမှာ အနည်းနဲ့ အများ နှေးကွေးကြန့်ကြာယုတ်လျော့မှုတွေ နိုင်ငံတိုင်းမှာ လိုပဲ တွေ့ကြုံခံစားကြရပါတယ်။ ဒီလို ကန့်သတ်တားဆီးမှု ပိတ်ပင်မှုတွေကို အကြာကြီးဆက်လုပ်လို့ လက်တွေ့မှာ ဘယ်လိုမှ မဖြစ်နိုင်တာကို နိုင်ငံတိုင်းရဲ့ တာဝန်ရှိအုပ်ချုပ် သူတွေက တိုင်းသူပြည်သား လူအများနည်းတူ သိရှိကြတာမို့ ရောဂါအရှိန်တန့်နေတဲ့(Flattening the Curve)နိုင်ငံ တွေမှာ အဆင့်ဆင့် ဖြေလျှော့မှုကို တစ်ဆင့်ပြီးတစ်ဆင့် မေလ၊ ဇွန်လလောက်ကတည်းက လုပ်ခဲ့ကြရာမှာ မိမိတို့ နိုင်ငံလည်း ပါခဲ့ပါတယ်။ ကိုယ့်နိုင်ငံအခြေအနေနဲ့ကိုယ် စဉ်းစားချင့်ချိန် ညှိနှိုင်းဆုံးဖြတ် ဆောင်ရွက်ခဲ့ကြရတာပါ။ မိမိတို့နိုင်ငံမှာလည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အနေနဲ့ နေ့စဉ်လိုပဲ(တစ်ခါတလေ တစ်နေ့တည်း သုံးလေးခါ) ဒီ ကိုဗစ်-၁၉ ရဲ့ အဓိက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေး၊ ဆုံးဖြတ်မှုတွေလုပ်နေသလို တာဝန်ရှိသူများနဲ့ရော ပြည်သူ ထဲက လူထုလူတန်းစားအဖွဲ့အစည်းပေါင်းစုံထဲက လူတွေ နဲ့ပါ တစ်ပတ် နှစ်ခါ၊ သုံးခါ Video Conferencing နဲ့ ပြည်သူ့ အသံကိုနားထောင်၊ မြေပြင်အခြေအနေကို သိအောင် လုပ်ခဲ့တာမျိုးက မိမိတို့ တစ်နိုင်ငံတည်းမှာပဲ ရှိမယ်ထင်ပါ တယ်။
စနစ်တကျ တစ်ဆင့်ချင်းဆောင်ရွက်
တစ်ဖက်ကလည်း ထိခိုက်ယုတ်လျော့မှုတွေ လျှော့ချ နိုင်အောင် ဖြေလျှော့မှုတွေကိုလည်း စနစ်တကျတစ်ဆင့်ချင်း ဆောင်ရွက်နေတာ တွေ့ကြရမှာပါ။ သွားလာမှုကန့်သတ် ထားတဲ့ မြို့တွေ၊ မြို့နယ်တွေကို ရောဂါပိုးတွေ့ရှိ ပျံ့နှံ့မှု၊ ထိန်းချုပ်နိုင်မှုအပေါ်မူတည်ပြီး တဖြည်းဖြည်း ဖြေလျှော့ ပေးခဲ့ခြင်း၊ စက်ရုံ၊ အလုပ်ရုံတွေကို သတ်မှတ်ထားတဲ့ လိုက်နာရမယ့်စည်းကမ်းများ၊ ဆောင်ရွက်ချက်များ ပြည့်မီ အောင် ဖြည့်ဆည်းစေကာ ပြန်လည်ဖွင့်လှစ်ခွင့်ပေးခြင်း၊ စားသောက်ဆိုင်များ၊ အခြားအသေးစားလုပ်ငန်းများ ကိုလည်း အလားတူ စိစစ်ဖွင့်လှစ်စေခြင်း၊ အထက်တန်း ကျောင်းများကိုလည်း အလားတူ စည်းကမ်းများ၊ လိုအပ် ချက်များချပေးကာ ပြည့်မီသည့်ကျောင်းတွေကို ဇူလိုင်လ ၂၁ ရက်မှစ၍ ဖွင့်ခွင့်ပေးခဲ့ခြင်း၊ ထပ်မံဖြည့်ဆည်းနိုင်သည့် ကျောင်းများကိုလည်း ဆက်လက်ဖွင့်စေခြင်း၊ လူစုလူဝေး ငါးယောက်ထက်ပိုမစုရ အမိန့်ကို ပထမ ၁၅ ယောက်၊ နောက်တစ်ကြိမ် အယောက် ၃၀ အထိ တစ်ဆင့်ချင်းခွင့်ပြု ပေးခဲ့ခြင်း၊ မြန်မာနေရှင်နယ်လိဂ် ဘောလုံးပွဲများကိုလည်း အားကစားသမားများနှင့် တာဝန်ရှိသူများကို ပိုးစစ်ဆေး ပြီး စည်းမျဉ်းစည်းကမ်းများချကာ အခြားနိုင်ငံများကဲ့သို့ ပွဲကြည့်ပရိသတ်မပါဘဲကျင်းပရန် စီစဉ်နေခြင်း စသည်ဖြင့် ဘက်ပေါင်းစုံမှ စနစ်တကျ မနေမနားဆောင်ရွက်လျက် ရှိနေပါတယ်။
အမိနိုင်ငံတော်ရဲ့စေတနာ
နောက်ထပ် မှတ်တမ်းတင်ရမယ့် ဆောင်ရွက်မှုက လည်း ကမ္ဘာ့နိုင်ငံအတော်များများမှာ လုပ်တာမတွေ့ရတဲ့ ကိစ္စပါ။ မြန်မာနိုင်ငံသားတွေထဲက ကမ္ဘာ့နိုင်ငံ အနှံ့ အပြားကို ကျောင်းတက်ဖို့၊ အလုပ်လုပ်ဖို့၊ ဆေးကုဖို့၊ ဘုရားဖူးဖို့ဆိုတဲ့ အကြောင်းအမျိုးမျိုးတွေနဲ့ ရောက်နေကြ ရာက ဒီ ကိုဗစ်-၁၉ ရောဂါဖြစ်လာလို့ အဲဒီနိုင်ငံတွေမှာ ပိတ်မိနေကြတဲ့သူတွေကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် ဦးဆောင်ပြီး မိမိတို့နိုင်ငံရဲ့ လိုအပ်တဲ့ ဌာန ပေါင်းစုံက တာဝန်ရှိသူတွေနဲ့ သက်ဆိုင်ရာနိုင်ငံများ၊ လေကြောင်းလိုင်းများနဲ့ညှိနှိုင်းကာ ကယ်ဆယ်ရေး လေယာဉ်(Relief Flight)တွေနဲ့ ပြန်လည်ခေါ်ဆောင် ခြင်းကို အဆက်မပြတ်လုပ်နေခြင်းဟာ နိုင်ငံတော်ရဲ့ သားသမီး နိုင်ငံသားတွေအပေါ်ထားရှိတဲ့ အမိနိုင်ငံတော် ရဲ့ စေတနာနဲ့ ဆောင်ရွက်ချက်ပါပဲ။
တချို့နိုင်ငံတွေမှာ ပြည်ပမှ နိုင်ငံတွင်း ဝင်ရောက် လာသူတွေကို သီးခြားခွဲပြီး နေထိုင်စေခြင်း လုပ်ဆောင် ရာမှာ မိမိအိမ်မှာပဲနေစေခြင်း(Home Quarantine) လုပ်ကြသလို Quarantine Period အချိန်ကာလကိုလည်း ၁၄ ရက်/ နှစ်ပတ်သာ လုပ်ကြတဲ့နိုင်ငံတွေ ရှိပါတယ်။ မိမိတို့နိုင်ငံက ပြည်ပမှ ပြန်လည်ရောက်ရှိလာတဲ့ နိုင်ငံ သားများအပါအဝင် ပြည်ပမှ ဝင်ရောက်လာသူအားလုံးကို သတ်မှတ်ထားတဲ့ Quarantine Center တွေမှာ ၂၁ ရက်/ သုံးပတ်နေစေပါတယ်။ Community Facility Quaran-tine တွေမှာဆို ငွေကုန်ကြေးကျမရှိတာဟာ အလှူရှင်တွေ နဲ့ လုပ်အားပေး Volunteer တွေရဲ့ မွန်မြတ်တဲ့စေတနာတွေ ကြောင့်ပါ။
အံ့ဩချီးမွမ်းကြရတဲ့လုပ်ဆောင်မှု
ပထမပိုင်းမှာ အားလုံးကို မလုပ်ပေးနိုင်ခဲ့ပေမယ့် အခု နောက်ပိုင်း Quarantine ဝင်ရတဲ့လူ အားလုံးကို နှစ်ကြိမ် တိတိ ရောဂါပိုး ရှိ/ မရှိ အခမဲ့စမ်းသပ်ပေးတာကလည်း သူများနိုင်ငံတွေ အံ့ဩချီးမွမ်းနေကြရတဲ့ လုပ်ဆောင်မှု ပါပဲ။ Quarantine သုံးပတ်ပြည့် ပိုးစစ်တာ နှစ်ကြိမ်လုံး ကင်းစင်သူတွေကို နောက်ထပ်တစ်ပတ် အိမ်မှာ ထပ်ပြီး (Home Quarantine)အနေနဲ့ နေကြစေခြင်းကို မိမိတို့ နိုင်ငံမှာ စနစ်တကျ ကျင့်သုံးလျက်ရှိတာပါ။
လက်ရှိအချိန်မှာ ကိုဗစ်-၁၉ အတွက် ကာကွယ် ထိန်းသိမ်းကုသမှုတွေနဲ့ ဖြေလျှော့မှုတွေကို ကမ္ဘာ့နိုင်ငံ အနှံ့အပြားမှာ ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ် ကိုယ့်နည်း ကိုယ့်ဟန်နဲ့ လုပ်နေကြပေမယ့် ဒီကိုဗစ်-၁၉ရောဂါဆိုးရဲ့ မှန်းဆလို့မရသေးတဲ့ အချက်တွေကြောင့် ကြိုတင်ခန့်မှန်း ထားကြသလိုပဲ နိုင်ငံအတော်များများမှာ ရောဂါပြန်ပြီး ကူးစက်တာတွေ၊ ရောဂါကြောင့် သေဆုံးကြတဲ့သတင်း တွေ နေ့စဉ်နဲ့အမျှ တွေ့မြင်ကြားသိနေကြရပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
ပါမောက္ခသိန်း
ဆေးတက္ကသိုလ်(၁)ရန်ကုန်
(၁၅-၈-၂၀၂၀)