Skip to main content

DEMU အမြန်ရထားများဖြင့် ခရီးသွားကဏ္ဍ တစ်ခေတ်ဆန်းသစ်

ကေကေ

မြန်မာ့မီးရထားမှ စက်ခေါင်းမောင်း (၂) အထူး ဦးဇော်မင်းသန်း တစ်ယောက်ယူနီဖောင်းအပြည့်အစုံဖြင့် ရထားမောင်းနှင်ရန် အသင့်အနေအထားဖြစ်နေသည်။ သူက မြန်မာ့မီးရထားတွင် လုပ်သက် ၁၀ နှစ်ကျော် တာဝန်အဆင့်ဆင့် ထမ်းဆောင်ခဲ့သည့်အတွက် ရထားမောင်းနှင်မှုသည် ကျွမ်းကျင်ဝန်ထမ်းအဆင့်သို့ ရောက်ရှိနေသူဖြစ်သည်။ ထို့ပြင် မီးရထားနှင့် ပတ်သက်သည့် နည်းပညာများကို ပြည်ပကျွမ်းကျင်ပညာရှင်များထံမှ စာတွေ့၊ လက်တွေ့သင်ယူခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် လူစီးအမြန်ရထားမောင်းနှင်ရန် တာဝန်ပေးခြင်းခံရပြီး ယခုအခါ စက်ခေါင်းမောင်း (၂) အထူးရာထူးဖြင့် ရထားစီးခရီးသွားပြည်သူများကို ခရီးစဉ်အစုန်/အဆန် မောင်းနှင်ပို့ဆောင်ပေးလျက်ရှိသည်။

“ဒီနေ့က DEMU လူစီးအမြန်ရထားနဲ့ ရန်ကုန်-နေပြည်တော်ခရီးစဉ်အတွက် တာဝန်ထမ်းဆောင်ရမှာပါ။ ရထားကြီးမောင်းပြီး ခရီးသည်တွေကို အန္တရာယ်ကင်းစွာနဲ့ လိုရာခရီးပို့ဆောင်ပေးရတဲ့ အလုပ်ကို ဝါသနာအရ ရွေးချယ်လုပ်ဖြစ်တာပါ။ ဒီလိုတာဝန်ထမ်းဆောင်ခွင့်ရဖို့ ကျွန်တော်တို့ တွဲရွှေ့စက်ခေါင်းမောင်းတာဝန်၊ ကုန်ရထား၊ မြို့ပတ်ရထားမောင်း စသည်ဖြင့် အဆင့်ဆင့်တာဝန်ထမ်းဆောင်ပြီးမှ ပြည်သူအများ လိုက်ပါစီးနင်းတဲ့ လူစီးအမြန်ရထားကို မောင်းနှင်ခွင့်ရပါတယ်။ ဒီအတွက် လိုအပ်တဲ့ စွမ်းရည်မြှင့်သင်တန်းတွေ၊ နည်းပညာတွေ အားလုံးကို စာတွေ့၊ လက်တွေ့ သင်ယူလေ့လာရပါတယ်” ဟု ဦးဇော်မင်းသန်းက ပြောပြသည်။

ဦးဇော်မင်းသန်း အလှည့်ကျ တာဝန်ယူမောင်းနှင်ရသည့် Diesel Electric Multiple Unit (DEMU) လူစီးအမြန်ရထားသည် ရန်ကုန် - နေပြည်တော်၊ နေပြည်တော် - ရန်ကုန် မောင်းနှင်ချိန် ငါးနာရီခွဲသာကြာမြင့်သည့် အမြန်ရထားဖြစ်သည်။ အဆိုပါလူစီးရထားများကို ဂျပန်နိုင်ငံနှင့် စပိန်နိုင်ငံတို့မှ ဝယ်ယူရောက်ရှိလာသည့် လေအေးပေးစက်ပါရှိသော  ခေတ်မီ DEMU ရထားတွဲဆိုင်းသစ်များဖြင့် ပြေးဆွဲနေခြင်းဖြစ်သည်။

နေ့စဉ် ရန်ကုန် - နေပြည်တော်ခရီးစဉ်အဖြစ် ရန်ကုန်မှ နံနက် ၆ နာရီတွင် DEMU လူစီးအမြန်အမှတ် (၇) အဆန်ရထားထွက်ရှိပြီး နေပြည်တော်သို့ နံနက် ၁၁ နာရီခွဲတွင် ရောက်ရှိသည်။

ထို့အတူ နေ့စဉ် နေပြည်တော် - ရန်ကုန် ခရီးစဉ်အဖြစ် နေပြည်တော်မှ မွန်းတည့် ၁၂ နာရီတွင် DEMU လူစီးအမြန် အမှတ် (၈) အစုန်ရထားထွက်ရှိပြီး ရန်ကုန်သို့ ညနေ ၅ နာရီခွဲတွင် ရောက်ရှိသည်။

“စီးပွားရေးလုပ်ငန်းအတွက် နေပြည်တော်နဲ့ ရန်ကုန်ဆိုတာ အိမ်ဦးနဲ့ ကြမ်းပြင်လိုသွားရလာရပါ တယ်။ အရင်က ကားနဲ့ သွားပါတယ်။ အခုနောက်ပိုင်းတော့ ဒီအမြန်ရထားနဲ့ပဲ သွားဖြစ်ပါတယ်။ ကျွန်မက ပျဉ်းမနားမှာ နေတာပါ။ ပျဉ်းမနားဘူတာကနေ ရထားစီးလိုက်တယ်။ ရထားပေါ်မှာ သန့်စင်ခန်းပါတဲ့အတွက် အပေါ့အပါးကိစ္စအတွက် မပူရဘူး။ လုံခြုံတယ်၊ အဲကွန်းစနစ်ပါတော့ အေးအေးလူလူစီးရတယ်။ အချိန်မှန်ထွက်တယ်၊ အချိန်မှန်ရောက်တယ်။ ပြီးတော့ ရန်ကုန်ရောက်ရင် ရန်ကုန်ဘူတာကြီးက မြို့လယ်အချက်အချာမှာရှိနေတော့ အလုပ်ကိစ္စအတွက် အဆင်ပြေပြေသွားလာရုံပဲ။ ဘူတာရှေ့မှာတင် YBS စီးလို့ရတယ်။ Taxi စီးချင်လည်း အဆင်ပြေတယ်။ ဒီလိုအမြန်ရထားထွက်တာ ခရီးသည်တွေအတွက် တော်တော်အဆင်ပြေတယ်” ဟု ပျဉ်းမနားမြို့မှ ခရီးသည်တစ်ဦးက ပြောပြသည်။

ရန်ကုန်ဘူတာကြီးသို့ ရောက်ရှိသည့် ခရီးသည်များ ရန်ကုန်မြို့တွင်း အဆင်ပြေလွယ်ကူစွာ သွားလာနိုင်ရန် မြန်မာ့မီးရထားသည် YBS ယာဉ်လိုင်းနှင့် ချိတ်ဆက်ကာယာဉ်လိုင်းအမှတ် ၇၈၊ ၉၃၊ ၉၄၊ ၁၁၈ တို့ကို နေ့စဉ်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

မြန်မာ့မီးရထားအနေဖြင့် ခရီးသည်နှင့် ကုန်စည်များကို လုံခြုံချောမွေ့စွာဖြင့် သယ်ယူပို့ဆောင်ပေးရင်း နိုင်ငံတော်၏ ဘက်စုံ၊ ကဏ္ဍစုံမှ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုရန် အဓိကရည်မှန်းချက်ထား လုပ်ဆောင်လျက်ရှိသည်။

ထို့အတူ နိုင်ငံတော်အကြီးအကဲက ရထားပို့ဆောင်ရေးကဏ္ဍနှင့် စပ်လျဉ်း၍ နိုင်ငံ၏ အဓိကမီးရထားလမ်းပိုင်းများတွင် တစ်နာရီလျှင် ကီလိုမီတာ ၈၀ အထိ မြန်နှုန်းမြှင့်တင်မောင်းနှင်နိုင်ရန် ဆောင်ရွက်သွားနိုင်ရေးကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၇ ရက်က ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထား မြို့ပတ်ဒီဇယ်စက်ခေါင်းရုံ  (အင်းစိန်) သို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ်  လမ်းညွှန်မှာကြားထားသည်။

ထို့ကြောင့် မြန်မာ့မီးရထားအနေဖြင့် အချို့လမ်းပိုင်းအကွေ့နေရာများတွင် အမြန်နှုန်းကန့်သတ်ချက်များ ကိုက်ညီမှုရှိစေရေး၊ လမ်းပိုင်းအလိုက် သုတေသနပြုဆောင်ရွက်ခြင်း၊ ဒီဇယ်လျှပ်စစ်သုံးစက်ခေါင်း (DEMU – Diesel Electric Multiple Unit) များ၊ ရထားတွဲများကို ပြည်တွင်း၌ တည်ဆောက်ထုတ်လုပ်သုံးစွဲနိုင်ရေး ဆောင်ရွက်ခြင်း၊ ရထားလမ်းများ စနစ်တကျဖြင့်  ကောင်းမွန်ချောမွေ့စေရေး  အမြဲမပြတ်ဆောင်ရွက်ခြင်းတို့ကို ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိသည်။

ထို့ပြင် ရထားစီးခရီးသွားပြည်သူများအတွက် လျှပ်စစ်ရထားများ ပြေးဆွဲနိုင်ရေးသည် မလွဲမသွေပြောင်းလဲရမည့် လုပ်ငန်းရပ်တစ်ခုဖြစ်သည့်အတွက် လျှပ်စစ်ရထားများ ပြေးဆွဲရေးစီမံကိန်းအကောင်အထည်ဖော်နိုင်ရန် လုပ်ငန်းပိုင်းဆိုင်ရာ သုတေသနပြုလုပ်ငန်းများကို မြန်မာ့မီးရထားက စီမံဆောင်ရွက်လျက်ရှိသည်။

“မြန်မာ့မီးရထားအနေနဲ့ ရထားစီးပြည်သူတွေ ကို အကောင်းဆုံး ခရီးသွားဝန်ဆောင်မှုတွေ ပေးချင် ပါတယ်။ ဒါကြောင့် နိုင်ငံတကာအဆင့်မီ ရထားတွေဖြစ်အောင် ပြောင်းလဲဆောင်ရွက်လျက်ရှိပါတယ်။ ဒီအတွက် နိုင်ငံ့ဘဏ္ဍာငွေတွေ အများကြီးသုံးစွဲရပါတယ်။ ဒါကြောင့် DEMU လူစီးအမြန်ရထားတွေ အသုံးပြုတဲ့ ပြည်သူတွေအနေနဲ့ စနစ်တကျရှိဖို့၊ စည်းကမ်းရှိဖို့ လိုအပ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ ဌာနအနေနဲ့ အွန်လိုင်းကနေ ရထားစီးပြည်သူတွေ ရထားလက်မှတ်တွေ ဝယ်ယူနိုင်ဖို့ စီစဉ်လုပ်ဆောင်နေပါတယ်။ ဒါကတော့ ဆောင်ရွက်ဆဲဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး မြန်မာ့မီးရထားမှ  မန်နေဂျာ (သွားလာရေး/တိုင်း) ဦးယဉ်မင်းဦးက ပြောသည်။

ယခုအခါ စပိန်နိုင်ငံမှ ဝယ်ယူထားသည့် ခေတ်မီလေအေးပေးစက်ပါ Diesel Electric Multiple Unit (DEMU) ရထားတွဲဆိုင်းများဖြင့် ရန်ကုန် - ပဲခူး -ရန်ကုန်ခရီးစဉ်နှင့် ရန်ကုန်မြို့ပတ် ရထားခရီးစဉ်တို့ကိုလည်းကောင်း၊ ဂျပန်နိုင်ငံနှင့် စပိန်နိုင်ငံတို့မှ ဝယ်ယူထားသည့် ခေတ်မီလေအေးပေးစက်ပါ DEMU ရထားတွဲဆိုင်းများဖြင့် နေပြည်တော်-ရန်ကုန် - နေပြည်တော် ခရီးစဉ်ကိုလည်းကောင်း မြန်မာ့မီးရထားက ပြေးဆွဲပေးလျက်ရှိသည်။

“နိုင်ငံတော်ကတော့ ပြည်သူတွေကို နိုင်ငံတကာ အဆင့်မီရထားတွေ သုံးနိုင်အောင် ဆောင်ရွက်ပေးတယ်။ ပြည်သူတွေကလည်း ဒီလိုအဆင့်မီမီ အသုံး ပြုချင်ကြတယ်။ ဒါပေမယ့် တချို့ အသုံးပြုတဲ့သူတွေက လိုအပ်ချက်တွေရှိနေတယ်။ ရထားပေါ်မှာ အများမမြင်ဘူး၊ မသိဘူးအထင်နဲ့ လွယ်လွယ်ကူကူ အမှိုက်ပစ်တာ၊ ကွမ်းတံတွေး ထွေးတာမျိုးတွေ၊ အဲကွန်းစနစ်နဲ့ အေးအေးချမ်းချမ်း သေသေသပ်သပ်စီးရမှာကို ထိုင်ခုံတွေကို ခြေထောက်တင်၊ ခြေထောက်နဲ့ ကန်ပြီး ပျက်စီးအောင် လုပ်တာမျိုး ရှိနေသေးတယ်။ ရထားတာဝန်ကျ ဝန်ထမ်းတွေကတော့ အသိပေး၊ သတိပေးပါတယ်။ ဒီလိုတာဝန်ရှိတဲ့သူက သတိပေးမှ ဆင်ခြင်တာမျိုးမဟုတ်ဘဲ အသိနဲ့ သတိနဲ့ နိုင်ငံကြီးသား ပီသကြရမှာပါ” ဟု ရထားစီးပြည်သူတစ်ဦးက ပြောသည်။

လက်မှတ်နှုန်းထားအနေဖြင့် ရန်ကုန်- နေပြည်တော်၊ နေပြည်တော်- ရန်ကုန်ခရီးစဉ်အတွက် DEMU ရထားတွင် ပထမတန်း ငွေကျပ် ၁၉၀၀၀၊ အထက်တန်းငွေကျပ် ၂၈၀၀၀ ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

ရထားစီးခရီးသွားပြည်သူများအနေဖြင့် ရန်ကုန်-နေပြည်တော်ခရီးစဉ် လိုက်ပါပြီး နေပြည်တော်မှတစ်ဆင့် မန္တလေးအထိ သွားရောက်လိုပါက မန္တလေး- နေပြည်တော် ခရီးစဉ်အမှတ် (၂၈) အစုန်နှင့် နေပြည်တော် - မန္တလေး ခရီးစဉ်အမှတ် (၂၇) အဆန် လူစီးရထားများကို လေအိတ်ရထားတွဲဆိုင်းဖြင့် ချိတ်ဆက်ပြေးဆွဲလျက်ရှိသည်။

အမှတ် (၂၇) အဆန် လေအိတ်ရထားသည် နေ့စဉ်မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ဘူတာမှ စတင် ထွက်ခွာပြီး မန္တလေးဘူတာသို့ ညနေ ၅ နာရီတွင် ဆိုက်ရောက်သည်။

ထို့အတူ အမှတ် (၂၈) အစုန် လေအိတ်ရထား သည် နံနက် ၆ နာရီတွင် မန္တလေးဘူတာမှ စတင်ထွက်ခွာပြီး နံနက် ၁၁ နာရီတွင် နေပြည်တော်ဘူတာသို့ ဆိုက်ရောက်ကာ နေ့စဉ်မွန်းတည့် ၁၂ နာရီတွင် ပုံမှန်ထွက်ရှိသည့် အမှတ် (၈) DEMU ရထားဖြင့် ရန်ကုန်သို့ ခရီးဆက်နိုင်မည်ဖြစ်သည်။

အဆိုပါ မန္တလေး - နေပြည်တော်၊ နေပြည်တော်- မန္တလေးခရီးစဉ်အတွက် လေအိတ်ရထားတွင် ရိုးရိုးတန်းငွေကျပ် ၇၀၀၀၊ အထက်တန်း ငွေကျပ် ၁၁၀၀၀ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ခရီးသွားပြည်သူများအနေဖြင့် ရန်ကုန်- မန္တလေးနှင့် မန္တလေး - ရန်ကုန် ခရီးစဉ်အစအဆုံး လက်မှတ်ဝယ်ယူနိုင်ပြီး ပထမတန်း / ရိုးရိုးတန်း ငွေကျပ် ၂၆၀၀၀၊ အထက်တန်းငွေကျပ် ၃၉၀၀၀ ဖြစ်သည်။ ခရီးစဉ်အတွက် ရထားလက်မှတ်များကို မြန်မာ့မီးရထားက သုံးရက်ကြိုတင်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

DEMU ရထားများသည် ပြည်သူများလိုလားသည့် အချိန်မှန်ထွက်၊ အချိန်မှန်ရောက်သော ရထားများဖြစ်သည်။ ထို့အတူ မြန်ဆန်သော၊ သန့်ရှင်းသော၊ လုံခြုံမှုရှိသော၊ စနစ်ကျသော၊ ခေတ်မီသော ရထားများလည်း ဖြစ်သည်။ ထို့ကြောင့် မြန်မာ့မီးရထား၏ အဆင့်မြှင့်တင်ထားသော ရထားပို့ဆောင်ရေးစနစ်နှင့်အတူ ရထားစီးပြည်သူများ အားလုံးကလည်း ရထားလမ်းနှင့် ဆက်စပ်ပစ္စည်းများ ရေရှည်တည်တံ့အသုံးပြုပြေးဆွဲနိုင်စေရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်သွားကြရမည်ဖြစ်သည်။ ။