Skip to main content

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှသည် စွမ်းဆောင်ရည်မြင့်မားသော အစိုးရအဖွဲ့ဆီသို့ . . .

ဦးရွှေဦး

နိုင်ငံရေးပါတီများ၏ အဓိကရည်မှန်းချက်မှာ မိမိပါတီက ဦးဆောင်၍ အစိုးရတစ်ရပ်ဖွဲ့စည်းကာ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်နိုင်ရေးပင်ဖြစ်သည်။ နိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်များ ဝင်ရောက်ယှဉ်ပြိုင်၍ သက်ဆိုင်ရာလွှတ်တော်အသီးသီးတွင် မိမိပါတီမှ အနိုင်ရရှိသော ကိုယ်စားလှယ်များဖြင့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးကဏ္ဍများတွင် ပါတီ၏ မူဝါဒလုပ်ငန်းစဉ်များကို ပါဝင်ဆောင်ရွက်ခွင့်ရရှိခြင်းနှင့်အတူ မိမိပါတီမှ ဦးဆောင်ကာ အစိုးရဖွဲ့စည်းဆောင်ရွက်နိုင်ရန် ကြိုးပမ်းကြရသည်။

တစ်နည်းအားဖြင့် နိုင်ငံရေးပါတီများသည် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် အရွယ်ရောက်ပြီး နိုင်ငံသားအများစု သို့မဟုတ် အားလုံးကို စည်းရုံးလှုံ့ဆော်ဆောင်ရွက်ခြင်းအားဖြင့် ရွေးကောက်ပွဲဝင်ရောက်သည့် ကိုယ်စားလှယ်လောင်းများအား ပြည်သူ့ထောက်ခံမဲဖြင့် နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ခွင့်ရရှိစေရန် ကြိုပမ်းဆောင်ရွက်သည့် အဖွဲ့အစည်းပင်ဖြစ်သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများ ကျင်းပပြီး သက်ဆိုင်ရာလွှတ်တော်အသီးသီးကို ခေါ်ယူကာ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များကို ဖွဲ့စည်းကြရမည်ဖြစ်သည်။ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကို အပိုင်းသုံးပိုင်းဖြင့် ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် အပိုင်း (၁) ကို မြို့နယ် ၁၀၂ မြို့နယ်၌ စတင်ကျင်းပပြုလုပ်ခဲ့ပြီး အပိုင်း (၂) ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် မြို့နယ် ၁၀၀ မြို့နယ်၌လည်းကောင်း၊ အပိုင်း (၃) ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် မြို့နယ် ၆၃ မြို့နယ်၌လည်းကောင်း ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ရွေးကောက်ပွဲတွင် ပြည်ထောင်စုတစ်ဝန်းလုံးယှဉ်ပြိုင်သည့် ပါတီခြောက်ပါတီနှင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက်ဒေသအတွင်း ယှဉ်ပြိုင်သည့် ပါတီ ၅၁ ပါတီ စုစုပေါင်း ၅၇ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ကြပါသည်။ လွှတ်တော်အသီးသီးတွင် ကိုယ်စားလှယ်လောင်းများအနေဖြင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအပါအဝင် ပြည်သူ့လွှတ်တော်အတွက် မဲဆန္ဒနယ် ၂၇၄ နယ်တွင် သတ်မှတ်ကိုယ်စားလှယ်ဦးရေ ၂၇၄ ဦးအတွက် ကိုယ်စားလှယ်လောင်း ၁၃၂၉ ဦး၊ အမျိုးသားလွှတ်တော်အတွက် FPTP မဲဆန္ဒနယ်နှင့် PR မဲဆန္ဒနယ် ၁၀၁ နယ်တွင် သတ်မှတ်ကိုယ်စားလှယ်ဦးရေ ၁၅၉ ဦးအတွက် ကိုယ်စားလှယ်လောင်း ၈၁၀၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်အတွက် FPTP မဲဆန္ဒနယ်နှင့် PR မဲဆန္ဒနယ် ၃၀၈ နယ်တွင် သတ်မှတ်ကိုယ်စားလှယ် ၅၈၈ ဦးနှင့် တိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ် ၂၉ ဦးအတွက် ကိုယ်စားလှယ်လောင်း ၂၇၈၁ ဦး စုစုပေါင်း ၄၉၂၀ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဟု သိရပါသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ၏ ပြဋ္ဌာန်းချက်များအရ သက်ဆိုင်ရာလွှတ်တော်များ ခေါ်ယူကျင်းပဆောင်ရွက်ရမည်ဖြစ်သည်။ လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ်ဦးရေ သတ်မှတ်ချက်မှာ ပြည်သူ့လွှတ်တော်အတွက် ဥပဒေနှင့်အညီ မဲဆန္ဒနယ်သတ်မှတ်၍ ရွေးကောက်တင်မြှောက်သည့် ၃၃၀ ထက်မပိုသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသည့် ၁၁၀ ထက်မပိုသော တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော်တွင် စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်ဦးရေ အများဆုံး ၄၄၀ ဖြင့် ဖွဲ့စည်းရမည်။

အမျိုးသားလွှတ်တော်အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတစ်ခုစီမှ ကိုယ်စားလှယ်တစ်ဦးစီပါဝင်စေပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုစီအတွက် ကိုယ်စားလှယ် ၁၂ ဦးကျစီ ရွေးကောက်တင်မြှောက်သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၆၈ ဦးနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုစီအတွက် ကိုယ်စားလှယ်လေးဦးကျစီဖြင့် ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသော တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၅၆ ဦး စုစုပေါင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးရေ အများဆုံး ၂၂၄ ဦးဖြင့် ဖွဲ့စည်းရမည်။ ပြည်ထောင်စုလွှတ်တော်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ ဖွဲ့စည်းထားသည့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ဖြင့် ဖွဲ့စည်းသည်။

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပပြီးစီးပါက ပြည်သူ့လွှတ်တော်အတွက် ရွေးကောက်တင်မြှောက်ထားသည့် ကိုယ်စားလှယ်ဦးရေ ၂၇၄ ဦးနှင့် တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၁၀ စုစုပေါင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၈၄ ဦး ရရှိမည်ဖြစ်ပြီး အမျိုးသားလွှတ်တော်အတွက် ရွေးချယ်တင်မြှောက်ထားသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးရေ ၁၅၉ ဦးနှင့် တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၅၆ ဦး စုစုပေါင်း ၂၁၅ ဦး ရရှိမည်ဖြစ်သည်။ ပြည်ထောင်စုလွှတ်တော်ကို လွှတ်တော်ကိုယ်စားလှယ် ၅၉၉ ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်နိုင်မည်ဖြစ်သည်။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးများ စတင်ကျင်းပသည့် ပထမနေ့တွင် အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း၏ ထက်ဝက်ကျော် တက်ရောက်လျှင် အစည်းအဝေးများ အထမြောက်ပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရ ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းမှုပုံစံ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရ နိုင်ငံတော်ကို ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်ပြီး စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးဆောင်ရွက်ရန် ဖြစ်ပါသည်။ နိုင်ငံတော်အကြီးအကဲနှင့် နိုင်ငံတော်အုပ်ချုပ်ရေးအကြီးအကဲသည် နိုင်ငံတော်သမ္မတဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အုပ်ချုပ်ရေးအဖွဲ့အစည်းများကို ဖွဲ့စည်းဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်သမ္မတကို ဦးစွာရွေးချယ်တင်မြှောက်ရမည်ဖြစ်သည်။ နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်နိုင်ရန်အတွက် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတတို့ကို နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေနှင့်အညီ ရွေးချယ်တင်မြှောက်ရမည်ဖြစ်သည်။

သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့သည် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကိုယ်စားလှယ်ဦးရေ တူညီစွာ ရွေးကောက်တင်မြှောက်သည့် လွှတ်တော်ရှိ ရွေးကောက်တင်မြှောက်ခြင်းခံရသော အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့၊ မြို့နယ်ကိုအခြေခံ၍လည်းကောင်း၊ လူဦးရေကို အခြေခံ၍လည်းကောင်း ရွေးကောက်တင်မြှောက်ခြင်းခံရသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့၊ ဖော်ပြပါလွှတ်တော်နှစ်ရပ်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့သုံးခုက တစ်ဖွဲ့လျှင် ဒုတိယသမ္မတ တစ်ဦးစီကို လွှတ်တော် ကိုယ်စားလှယ်များထဲမှဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများထဲမှဖြစ်စေ ရွေးချယ်တင်မြှောက်ရသည်။

ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ရာတွင် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံခြင်း ရှိ၊ မရှိကို ပြည်ထောင်စုလွှတ်တော်တွင် ပါဝင်သော လွှတ်တော်နှစ်ရပ်၏ အကြီးအမှူးများနှင့် ဒုတိယအကြီးအမှူးများ ပါဝင်သည့်အဖွဲ့က စိစစ်ရသည်။ ထို့နောက် နိုင်ငံတော်သမ္မတကို ပြည်ထောင်စုလွှတ်တော်တွင် သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့က ရွေးချယ်တင်မြှောက်ပါသည်။ နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတတို့၏ ရာထူးသက်တမ်းသည် ငါးနှစ်ဖြစ်ပြီး နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် ရာထူးသက်တမ်းနှစ်ကြိမ်ထက်ပို၍ ထမ်းဆောင်ခြင်းမပြုရပါ။

ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုရှေ့နေချုပ် ခန့်အပ်တာဝန်ပေးအပ်ခြင်း

နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးရန် လွှတ်တော်တစ်ရပ်ရပ်၏ ကိုယ်စားလှယ်များထဲမှဖြစ်စေ၊ လွှတ်တော်တစ်ရပ်ရပ်မှ ကိုယ်စားလှယ်မဟုတ်သူများထဲမှဖြစ်စေ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၂၊ ပုဒ်မခွဲ (က) ပါ အရည်အချင်းနှင့် ပြည့်စုံသော သင့်လျော်သည့် ပုဂ္ဂိုလ်များကို ရွေးချယ်ရပါသည်။ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီး ဌာနများအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှ သင့်လျော်သည့် တပ်မတော်သားများ၏ အမည်စာရင်းကို ရယူရပါသည်။ အခြားဝန်ကြီးဌာနများတွင် တပ်မတော်သားများအား ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးလိုလျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြင့် ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ပြီး နိုင်ငံတော်သမ္မတသည် ရွေးချယ်ထားသည့် ပုဂ္ဂိုလ်များ၏ အမည်စာရင်းတို့ကို စုစည်း၍ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းလျက် သဘောတူညီချက်ရယူရပါမည်။

နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ရရှိပြီးသည့် ပုဂ္ဂိုလ်များအား ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးရမည်။ ထိုသို့ ခန့်အပ်တာဝန်ပေးရာတွင် နိုင်ငံတော်သမ္မတက ပြည်ထောင်စုဝန်ကြီးတစ်ဦးချင်းအလိုက် တာဝန်ယူရမည့် ဝန်ကြီးဌာနများကို သတ်မှတ်ပေးရသည်။ နိုင်ငံတော်သမ္မတသည် ဥပဒေအကြံဉာဏ်များရယူနိုင်ရန်နှင့် ဥပဒေဆိုင်ရာတာဝန်များ ပေးအပ်နိုင်ရန် လွှတ်တော်တစ်ရပ်ရပ် ၏ ကိုယ်စားလှယ်များထဲမှဖြစ်စေ၊ လွှတ်တော်တစ်ရပ်ရပ်၏ ကိုယ်စားလှယ်မဟုတ်သူများထဲမှဖြစ်စေ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၇ အရ ပုဂ္ဂိုလ်တစ်ဦးဦးအား ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ရယူ၍ ပြည်ထောင်စုရှေ့နေချုပ်ကို ခန့်အပ်တာဝန်ပေးရသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းခြင်း

ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၆ (က) အရ ပြည်ထောင်စုအစိုးရအဖွဲ့ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည် -

(၁) နိုင်ငံတော်သမ္မတ

(၂) ဒုတိယသမ္မတများ

(၃) ပြည်ထောင်စုဝန်ကြီးများ

(၄) ပြည်ထောင်စုရှေ့နေချုပ်

နိုင်ငံတော်သမ္မတဦးဆောင်ပြီး ပြည်ထောင်စုဝန်ကြီးများ ပါဝင်သော အစိုးရအဖွဲ့သည် နိုင်ငံတော်၏ ပြည်သူ့ရေးရာစီမံခန့်ခွဲရေး၊ စီးပွားရေး၊ ဘဏ္ဍာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ နိုင်ငံခြားရေးနှင့် နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းများကို တာဝန်ယူစီမံခန့်ခွဲခြင်း၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲရေးအဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များကို ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊ ဆက်သွယ်ပေးခြင်း၊ တရားဥပဒေစိုးမိုးရေးနှင့် စည်းကမ်းသေဝပ် တည်ငြိမ်ရေးတို့ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ အခြားသောလုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်းစသည်တို့ကို ဆောင်ရွက်ရပါသည်။

ပြည်ထောင်စုဝန်ကြီးဌာနများကို သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးအသီးသီးမှ တာဝန်ဝတ္တရားကို သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ကြသည်။ ပြည်ထောင်စုအစိုးရအဖွဲ့ သည် နိုင်ငံတော်သမ္မတက ချမှတ်ပေးသည့် မူဝါဒများနှင့် ဆုံးဖြတ်ချက်များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တာဝန်ယူအကောင်အထည်ဖော်ဆောင်ရွက်ရသည်။ ယင်းသို့ ဆောင်ရွက်ရာတွင် ပြည်ထောင်စုဝန်ကြီးဌာန၊ ပြည်နယ်/ တိုင်းဒေသကြီး အစိုးရအဖွဲ့များ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲရေးအဖွဲ့များနှင့် အဆင့်ဆင့်သော အုပ်ချုပ်ရေးအဖွဲ့များကို လမ်းညွှန်ခြင်း၊ ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊ ဆက်သွယ်ပေးခြင်းများ ပြုလုပ်ရပါသည်။

ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များဖြစ်သည့် ပြည်ထောင်စုဝန်ကြီး တစ်ဦးချင်းသည်လည်း ပြည်ထောင်စုဝန်ကြီးဌာနတစ်ခုချင်း၏ လုပ်ငန်းတာဝန်များကို တာဝန်ခွဲဝေထမ်းဆောင်ရသည်။ ပြည်ထောင်စုဝန်ကြီးအသီးသီးသည် ပြည်ထောင်စုအစိုးရအဖွဲ့ကို တာဝန်ခံ၍ မိမိပြည်ထောင်စုဝန်ကြီး ဌာနတစ်ခုစီအတွက် တာဝန်ယူရခြင်းဖြစ်ပါသည်။ အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေ အရပ်ရပ်ကိုလည်း နိုင်ငံတော်သမ္မတထံသို့ မပြတ်ပြန်လည်တင်ပြအစီရင်ခံရသည်။

ကမ္ဘာ့နိုင်ငံအသီးသီး၏ အစိုးရအဖွဲ့များ ဖွဲ့စည်းမှုပုံစံ

ကမ္ဘာ့နိုင်ငံအသီးသီးတွင် အစိုးရဖွဲ့စည်းပုံ (Forms Of Government)နှင့် စပ်လျဉ်း၍ အခေါ်အဝေါ်များမှာ နိုင်ငံအလိုက် ကွဲပြားခြားနားမှုများရှိပါသည်။ ဂျပန်၊ မလေးရှား၊ ပါကစ္စတန်၊ စင်ကာပူ၊ သီရိလင်္ကာ၊ အာဂျင်တီးနားနိုင်ငံများအစိုးရအဖွဲ့ကို ကက်ဘိနက် (Cabinet) ဟု ခေါ်ပါသည်။ အမေရိကန်၊ မက္ကဆီကို၊ အစ္စရေး (လ်)၊ အီရတ်၊ ပြင်သစ်နှင့် ဆွီဒင်နိုင်ငံများတွင် အစိုးရ (Government) ဟု ခေါ်ပါသည်။ အိန္ဒိယ၊ ထိုင်း၊ အီတလီ၊ လာအို၊ နီပေါ၊ ကျူးဘား၊ လက်ဘနွန်၊ အီဂျစ် စသည်တို့တွင် ဝန်ကြီးအဖွဲ့ (Council of Minister) ဟူ၍လည်းကောင်း၊ နယ်သာလန်၊ နော်ဝေနိုင်ငံများတွင် (Council of State)ဟူ၍ လည်းကောင်း၊ ချီလီ၊ ဘရာဇီးနိုင်ငံတို့တွင် (Minister of State) ဟူ၍လည်းကောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် (State Council) ဟူ၍လည်းကောင်း အခေါ်အဝေါ် များ ကွဲပြားခြားနားကြပါသည်။

ဗဟိုနှင့် ဒေသအစိုးရများကို အစိုးရအဖွဲ့အစည်း အဆင့်ဆင့်အတွင်း လုပ်ငန်းတာဝန်များ သတ်မှတ်ခြင်း၊ အာဏာခွဲဝေကျင့်သုံးခြင်း၊ အုပ်ချုပ်ရေးနယ်မြေအဆင့်ဆင့်တည်ဆောက်ခြင်း စသည်တို့ကို နိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေများနှင့် Statues များတွင် ထည့်သွင်းပြဋ္ဌာန်းထားကြသည်။ ပုံစံအားဖြင့် တစ်ပြည်ထောင်စနစ် (Unitary System) ကျင့်သုံးသောနိုင်ငံများ၊ ပြည်ထောင်စုစနစ် (Federal System) ကျင့်သုံးသောနိုင်ငံများနှင့် သမ္မတတာဝန်ခံစနစ် (Presidential Executive) ကျင့်သုံးသော နိုင်ငံများတွင် အစိုးရအဖွဲ့ဖွဲ့စည်းမှုများ ကွဲပြား ခြားနားကြောင်း တွေ့ရသည်။ ထို့ပြင် ဘုရင်စနစ်ကျင့်သုံးသော နိုင်ငံများတွင် နိုင်ငံအကြီးအကဲကို ရိုးရာအစဉ်အလာနှင့် အသက်ထက်ဆုံးဆက်ခံခြင်း ကိုလည်းကောင်း၊ သမ္မတနိုင်ငံ (Republic State) ကျင့်သုံးသောနိုင်ငံများတွင် နိုင်ငံအကြီးအကဲကို ကာလတစ်ခုသတ်မှတ်၍ ရွေးချယ်ကြကြောင်း တွေ့ရပါသည်။

ပါလီမန်စနစ် ကျင့်သုံးသောနိုင်ငံများတွင် အစိုးရအုပ်ချုပ်ရေးအဖွဲ့ (Executive Body) ကို ပါလီမန်ဥပဒေပြုအမတ်အများစု၏ ရွေးချယ်မှုဖြင့် ဖွဲ့စည်းကြသည်။ အုပ်ချုပ်ရေးအဖွဲ့ကို ဥပဒေပြုအဖွဲ့က ဥပဒေနှင့်အညီ အဆိုပြုဖွဲ့စည်းရကြောင်း တွေ့ရသည်။ အစိုးရဖွဲ့စည်းမှုပုံစံတွင် အားလုံးတူညီသော အချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာနှင့် အခြားပြဋ္ဌာန်းချက်များတွင် အပြန်အလှန်ထိန်းကျောင်းခြင်း (Check and Balance) သဘောအရအုပ်ချုပ်ရေးအဖွဲ့အစည်းကို ဥပဒေပြုအဖွဲ့ (Legislation) က ကြပ်မတ်စစ်ဆေးရန် ပြဋ္ဌာန်းထားကြသည်။ ပြည်သူ့အတွက် အစိုးရ၏ နိုင်ငံရေးဆိုင်ရာ ကျင့်သုံးမှုအပေါ် တိုင်းတာအကဲဖြတ်ရန်အတွက် ကာလသတ်မှတ်ပြီး ရွေးကောက်ပွဲစနစ်ဖြင့်လျှင် ထိန်းကျောင်းသည်။

အစိုးရအဖွဲ့ကို ဘယ်လောက်ကြီးကြီးဖွဲ့မလဲ

အစိုးရအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ရာတွင် နိုင်ငံ၏ လူဦးရေအချိုးရာခိုင်နှုန်း (Percentage of Population)ကို အခြေခံ၍လည်းကောင်း၊ အစိုးရအလုပ်လုပ်ကိုင်နေသော ဝန်ထမ်းဦးရေအချိုး (Total Employment Accounted For by Employment) ကို အခြေခံ၍လည်းကောင်း၊ နိုင်ငံတော်၏ GDP အချိုးအပေါ် အခြေခံ၍လည်းကောင်း၊ အစိုးရအဖွဲ့ ဖွဲ့စည်းမှုအကြီးအသေးပမာဏ (Size) ကို လိုအပ်သလို ဖွဲ့စည်းကြပါသည်။ ကမ္ဘာ့နိုင်ငံတော်တော်များများတွင် ဗဟိုအစိုးရများ ဖွဲ့စည်းရာတွင် နိုင်ငံ GDP ၏ ၃၅ ရာခိုင်နှုန်းကို တွက်ချက်ပြီး ဖွဲ့စည်းကြသည်။

လက်ရှိနိုင်ငံအချို့တွင် အစိုးရ၏ ဆန်းသစ်တီထွင်မှု (New – Inventing - Government) ပုံစံအရ အစိုးရဖွဲ့စည်းမှုကို သင့်တင့်လျောက်ပတ်သော အသုံးစရိတ်ကျခံ၍ သင့်လျော်သောပမာဏ (Size) ကို အလေးထားဖွဲ့စည်းဆောင်ရွက်ကြပါသည်။ အစိုးရတစ်ရပ်ဖွဲ့စည်းမှုနှင့် စပ်လျဉ်း၍ ပညာရှင်များက အကြံပြုသော နည်းလမ်းတစ်ရပ်မှာ နိုင်ငံတစ်ခု၏ အစိုးရတစ်ရပ်ဖွဲ့စည်းရာတွင် ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ အရင်းခံအကြောင်းမဟုတ်ဘဲ မှန်ကန်မျှတမှုရှိရန် အရေးကြီးသည်ဟု ဆိုပါသည်။ အဓိကအချက်မှာ ထိုအစိုးရသည် ပြည်သူ၏အကျိုးစီးပွားကို ထိထိရောက်ရောက် ဖြည့်ဆည်းရန်နှင့် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် လက်တွေ့ဖော်ဆောင်ရန်သာဖြစ်ပါသည်။

အစိုးရအဖွဲ့ငယ်လျှင် ဆုံးဖြတ်ချက်များ ဆုံးဖြတ်ရာတွင် သွက်လက်မှုရှိသော်လည်း သတင်းအချက်အလက် မပြည့်စုံခြင်းနှင့် တာဝန်ခံမှုအားနည်းပြီး အခက်အခဲပြဿနာပေါင်းစုံနှင့်လည်း ပတ်သက်နေရတတ်ပါသည်။ လိုတာထက်ပို၍ ကြီးလျှင်လည်း ညှိနှိုင်းပေါင်းစပ်ရန် မလွယ်ကူသည့်အပြင် အသုံးစရိတ်ကုန်ကျမှုများနိုင်ပါသည်။ အိန္ဒိယနိုင်ငံတွင် လူဦးရေများပြားခြင်းနှင့် နိုင်ငံရေးအခြေအနေကြောင့် အစိုးရအဖွဲ့ဝင် အမြောက်အမြားဖွဲ့စည်းကြရသည်။ ဩစတြေးလျနှင့် အင်္ဂလန်နိုင်ငံများတွင် ငယ်ခြင်း၊ ကြီးခြင်းကို ဖြေရှင်းရန်အစိုးရအဖွဲ့ (Cabinet) ကို နှစ်ပိုင်းခွဲ၍ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အစိုးရအဖွဲ့ဝင်မဟုတ်သော ဝန်ကြီးများဟု နှစ်မျိုးရှိပါသည်။ ဓနသဟာယနိုင်ငံများတွင် အစိုးရအဖွဲ့များကို ထိပ်တန်းနိုင်ငံရေးသမားများနှင့် စုစည်းထားပါသည်။ နိုင်ငံများတွင် အစိုးရအဖွဲ့အစည်းအဝေးတွင် ဝန်ကြီးတာဝန်ပေးခံရသူသာ တက်ရောက်ခွင့်ရှိသော်လည်း အချို့နိုင်ငံများတွင် ဝန်ကြီးမကျန်းမာခြင်းနှင့် အခြားအကြောင်းများကြောင့် တက်ရောက်နိုင်ခြင်း မရှိလျှင် လက်အောက်ခံဝန်ကြီးများ (ဒုဝန်ကြီး) များကို တက်ရောက်ခွင့်ပြုကြပါသည်။

အထူးသဖြင့် ဗဟိုအစိုးရဝန်ကြီးဌာနများကို ပျမ်းမျှအရေအတွက်အားဖြင့် ၁၆ ခုကို အခြေခံထား၍ ဖွဲ့စည်းကြပါသည်။ အာဖရိက ၁၀ ခု၊ အရှေ့ အလယ်ပိုင်းနှင့် မြောက်အာဖရိက ၂၀၊ အာရှ ၇ မှ ၃၅ ခု၊ လက်တင်အမေရိက ၁၁ မှ ၁၇ ခု၊ ပစိဖိတ်နိုင်ငံများ ၆ မှ ၁၆ ခု ဖြစ်ပါသည်။ ဝန်ကြီးဌာနများခြင်းဖြင့် ကုန်ကျစရိတ် ပိုမိုကုန်ကျပြီး ဌာနလျှော့ချခြင်းနှင့် ပေါင်းစပ်လျှင်လည်း အပြန်အလှန်ထိန်းကျောင်းမှု ကို ပျက်စီးတတ်ပါသည်။

အထက်ပါနိုင်ငံတကာဗဟိုအစိုးရဌာနများ ဖွဲ့စည်းမှုသည် ပုံသေကားကျမဟုတ်ပါ။ နိုင်ငံ၏ သီးခြားအခြေအနေအရပ်ရပ်ပေါ်တွင် အစိုးရအတွက် အမြုတေတန်ဖိုးများရရှိရန် အစိုးရအဖွဲ့အစည်းများကို သိပ်သည်းကျစ်လျစ်စွာဖြင့် နိုင်ငံနှင့် ပြည်သူ့အကျိုး သယ်ပိုးဆောင်ရွက်နိုင်ရန် ကိုယ်ကျင့်သိက္ခာရှိသော အစိုးရဝန်ထမ်းများ၊ အစိုးရစီမံခန့်ခွဲရေး မန်နေဂျာများအနေဖြင့် အကောင်းဆုံးစွမ်းဆောင်မှုဖြစ်စေရန် လုပ်ဆောင်ကြရမည်ဖြစ်ပါသည်။

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ အောင်မြင်စွာ ဆောင်ရွက်ပြီးနောက် ပြည်ထောင်စုအစိုးရအဖွဲ့၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များနှင့် နိုင်ငံတော်အဆင့် အဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်သွားကြရမည်ဖြစ်ရာ ယခင်အစိုးရကာလများတွင် နိုင်ငံရေးရာထူးနေရာများအတွက် ၄၂၉ ဦးအထိ ခန့်အပ်တာဝန်ပေးခဲ့ကြောင်း လေ့လာတွေ့ရှိရသည်။ အဆိုပါရာထူးနေရာများအတွက် လူမှန်၊ နေရာမှန်တာဝန်ပေးအပ်နိုင်ရေးနှင့် အရည်အချင်းနှင့် အတွေ့အကြုံရှိသူများ၊ ဆောင်ရွက်နိုင်စွမ်းရှိသူများ၊ နိုင်ငံတော်အပေါ် သစ္စာစောင့်သိ၍ မျိုးချစ်စိတ်ရှိသူများရရှိရေးကိုလည်း အဓိကထားဆောင်ရွက်ကြရမည်ဖြစ်ပါသည်။

တစ်ယောက်အားဖြင့် ယူသော်မရ တစ်သောင်းအားဖြင့် ယူသော်ရ၏

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများမှသည် ကောင်းမွန်ဖွံ့ဖြိုးတိုးတက်သော အနာဂတ်ဖော်ဆောင်နိုင်ရေးအတွက် ဂုဏ်သိက္ခာရှိသော လွှတ်တော်များနှင့် စွမ်းဆောင်ရည်မြင့်မားသော အစိုးရအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်နိုင်ရန် နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲအလွန်ကာလတွင် မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒမဲများအရ လွှတ်တော်ကိုယ်စားလှယ်အသီးသီးရရှိကြမည်ဖြစ်ရာ စွမ်းဆောင်ရည်မြင့်မားသော အစိုးရအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရမည်ဖြစ်သည်။

တိုင်းချစ်ပြည်ချစ်စိတ်ဖြင့် လုပ်နိုင်ကိုင်နိုင်စွမ်းရှိသော အရည်အချင်းရှိသည့် လူပုဂ္ဂိုလ်နှင့် ခိုင်မာအားကောင်းသော နိုင်ငံရေးပါတီများကို မဲဆန္ဒရှင်ပြည်သူများက ရွေးချယ်ဆန္ဒမဲပေးကြခြင်းဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်မည်ဖြစ်သည်။ အချုပ်ဆိုရသော်တစ်ယောက်အားဖြင့် ယူသော်မရတစ်သောင်းအားဖြင့် ယူသော်ရ၏ဆိုသည့်အတိုင်း အနာဂတ်မြန်မာနိုင်ငံတော်ကြီးအတွက် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး၏ အပိုင်းသုံးပိုင်းတွင် သက်ဆိုင်ရာ မဲဆန္ဒရှင်ပြည်သူများ ပါဝင်ဆန္ဒပြုမဲပေးခြင်းအင်အားဖြင့် အနာဂတ်မြန်မာနိုင်ငံတော်ကြီးကို တည်ဆောက်သွားကြပါစို့ဟု တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။ ။

ရည်ညွှန်းချက်များ

(၁) ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ။

(၂) ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေ။

(၃) ဦးကျော် (အောင်မြတ်ကျော်)၊ နိုင်ငံတကာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အစည်းများ စီမံခန့်ခွဲမှုလေ့လာခြင်း။

(၄) ဦးစိုးသိန်း၊ ဒီမိုကရေစီဒုတိယအစိုးရသစ်နှင့် မြန်မာနိုင်ငံ။