Skip to main content

လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြခန်း မော်လမြိုင်၌ ဖွင့်လှစ်

မော်လမြိုင် ဇန်နဝါရီ ၂

(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြခန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီ ၃၀ အချိန်က မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြခန်းကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးနှင့် လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီး ဦးလှထွန်းတို့ က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြခန်းအတွင်းသို့ လှည့်လည်ကြည့်ရှုကြသည်။

အဆိုပါ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြခန်းတွင် လွတ်လပ်ရေးကြိုးပမ်းဆောင်ရွက်ခဲ့မှု သမိုင်းမှတ်တမ်းဓါတ်ပုံများ၊  မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများနှင့် ဌာနဆိုင်ရာများမှ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများကို ပြဘုတ်(၂၆) ဘုတ်ဖြင့် ဇန်နဝါရီ ၂ ရက်မှ ၇ ရက်နေ့ အထိ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

ဝေလင်း(ပြန်/ဆက်)