Skip to main content

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၃၁

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေးစတုတ္ထနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က နိုင်ငံတော်သမ္မတရုံးမှ ပေးပို့ထားသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၊ ရပ်ကွက်များ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်း၊ ပယ်ဖျက်ခြင်းတို့ကို တင်ပြ၍ လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။

ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း စွန့်ပစ်အမှိုက်များ ပြုပြင်သန့်စင်သည့် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရန် ပိုလန် နိုင်ငံအစိုးရထံမှ ODA ချေးငွေ ယူရိုသန်း၅၀ ရယူရေးကိစ္စနှင့်စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြန်လည်ရှင်းလင်းဆွေးနွေးရာတွင် စီမံကိန်းမှ ထွက်ရှိမည့် ထုတ်ကုန်များအနက်မှ CNG ဓာတ်ငွေ့တစ်ရက်လျှင် တန်(၃၀)အား Dispenser Unit ဖြင့် CNG သုံးယာဉ်များအားလုံးသို့ တိုက်ရိုက်ရောင်းချခြင်းနှင့် အုတ်စက်ရုံ၊ အစားအသောက်လုပ်ငန်းများ ထုတ်လုပ်သည့် စက်ရုံများသို့ တိုက်ရိုက်ရောင်းချရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် ညှိနှိုင်းထားပြီးဖြစ်ပါကြောင်း၊ Liquefied CO2 တန်(၄၀)အား အချိုရည်စက်ရုံများနှင့် သား/ငါး၊ ဟင်းသီးဟင်းရွက် အအေးခန်းများသို့ တိုက်ရိုက်ရောင်းချရန် သက်ဆိုင်ရာဌာနများနှင့်ဆွေးနွေးထားပြီး ဖြစ်ပါကြောင်း၊ အလားတူ Refuse Derived Fuel (RDF) တန်(၁၈၀)အား ဘိလပ်မြေစက်ရုံများနှင့် ဘွိုင်လာသုံးစက်ရုံများသို့ တိုက်ရိုက်ရောင်းချရန် သက်ဆိုင်ရာစက်ရုံများနှင့် ဆွေးနွေးထားပြီး ဖြစ်ပါကြောင်း။

ထို့ပြင် နှစ်ရှည်ချေးငွေဖြစ်၍ မြန်မာကျပ်ငွေတန်ဖိုးကွာခြားလာမည့် အခြေအနေများကို ထည့်သွင်းတွက်ချက်လျာထားမှုနှင့် စပ်လျဉ်း၍ နှစ်စဉ်ပြန်လည်ပေးဆပ်ရမည့် အတိုး/အရင်း စသည်တို့ကို စီမံကိန်းမှ ရရှိသည့်ငွေများဖြင့် ကာမိစေရေး စီမံဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မြန်မာငွေကြေး အတက်အကျအပေါ် မူတည်၍ ထုတ်ကုန်များ၏ ဈေးနှုန်းများကိုလည်း ဝယ်ယူသုံးစွဲသည့်ဌာနများနှင့် နှစ်အလိုက်သုံးသပ်မှုများကို ဆောင်ရွက်ခြင်းဖြင့် မြန်မာကျပ်ငွေတန်ဖိုး ပြောင်းလဲမှုအပေါ် ကာကွယ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယခုချေးငွေဖြင့် ပြုလုပ်မည့် ပြုပြင်သန့်စင်စက်သည် အမှိုက်တန်ချိန် ၁၀၀၀ သာ ချေဖျက်နိုင်မည် ဖြစ်ပြီး ကျန်ရှိသည့်တန်ချိန် ၅၀၀  စီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍ အဆိုပါတန်ချိန် ၅၀၀ ခန့်အနက် တန်ချိန် ၁၂၀ ခန့်ကို ဂျာမနီနိုင်ငံ RIGHT PERSON အဖွဲ့မှ ဥရောပနည်းပညာအသုံးပြု၍ BTO စနစ်ဖြင့် အမှိုက်မှ လျှပ်စစ်ထုတ်လုပ်ခြင်းကို Pilot Project အဖြစ်ဆောင်ရွက်ရန်နှင့် ကျန်အမှိုက် တန်ချိန် ၃၈၀ ခန့်ကို ကိုရီးယားနိုင်ငံ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ သန့်စင်ချေဖျက်ခြင်း ဆောင်ရွက်နိုင်ရေး ဆွေးနွေးညှိနှိုင်းလျက်ရှိပါကြောင်း။

စီမံကိန်းကာလ(၃)နှစ်တွင် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ခန့်မှန်းလများဖြင့် ဖော်ပြသင့်ခြင်း၊ စက်ရုံလည်ပတ်မှုအတွက် အာမခံသက်တမ်း၊ နှစ်ရှည်ပြင်ဆင်ထိန်းသိမ်းစရိတ်ဆောင်ရွက်ထားမှုအခြေအနေနှင့် ချေးငွေ သက်တမ်း ၆၇နှစ်အတွက် နှစ်စဉ်ဝင်ငွေများ မှန်မှန်ရရှိစေရန်နှင့် စပ်လျဉ်း၍ စီမံကိန်းကာလ (၃)နှစ်တွင် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို လအလိုက် အသေးစိတ်ရေးဆွဲနိုင်ရန် Loan Agreement ညှိနှိုင်းသည့်အခါ ထည့်သွင်း ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ စီမံကိန်းတွင် ပါဝင်သည့် စက်ပစ္စည်းကိရိယာများအားလုံး၏ သက်တမ်းမှာ ပျမ်းမျှနှစ် ၃ဝခန့် ရှိပါကြောင်း၊ ယင်းကာလအတွင်း ထုတ်ကုန်များမှ ရရှိသည့် ခန့်မှန်းဝင်ငွေနှင့် ပြန်လည် ပေးဆပ်ရမည့် အတိုး၊ အရင်းများကို ပုံမှန်ပေးဆပ်နိုင်ရန် တွက်ချက် ထားပြီး ကျန်ရှိ သည့် ချေးငွေသက်တမ်းအတွင်း ပုံမှန်ပြန်လည်ပေးဆပ်နိုင်ရန် စက်များကို ပြုပြင် ထိန်းသိမ်း ခြင်း၊ လိုအပ်သည့် စက်အစိတ်အပိုင်းများ အစားထိုးလဲလှယ်ခြင်း၊ လစဉ်/ နှစ်စဉ်ပုံမှန်စစ်ဆေးခြင်းတို့ဖြင့် ကုန်ထုတ်လုပ်မှုကို ထိန်းသိမ်းဆောင်ရွက်သွားရန် စီမံဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

သို့ဖြစ်ပါ၍ ရန်ကုန်မြို့တော်၊ ထိန်ပင်နောက်ဆုံးစွန့်ပစ် အမှိုက်ပုံအတွက် စွန့်ပစ်အမှိုက်ပြုပြင်သန့်စင်သည့် စီမံကိန်းအတွက် ပိုလန်နိုင်ငံထံမှ သက်သာမှုရှိသော ချေးငွေယူရိုသန်း ၅၀ ရယူနိုင်ရေးကိစ္စကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေး နိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ် က အဆိုပါ ချေးငွေရယူရေးကိစ္စနှင့် စပ်လျဉ်း၍ အတည်ပြုရန် စက်ခလုတ်အသုံးပြု၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ ထောက်ခံမဲ ၅၃၄မဲ၊ ကန့်ကွက်မဲ ၁၂မဲ၊ ကြားနေမဲ ၈မဲ ဖြစ်၍ ထောက်ခံမဲများသဖြင့် လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာသည်။

ယင်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ပေးပို့သော ၂၀၁၈ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ ၆ လ အတွက် စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာ တွေ့ရှိ ချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ ပထမတွဲ(၁၆/၂၀၁၉)အပေါ် လွှတ်တော် ကိုယ်စားလှယ် များက ဆွေးနွေး ကြသည်။

အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချိုက   ပြည်ထောင်စုစာရင်းစစ်ချုပ်၏ အစီရင်ခံစာ အပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက်များနှင့် စပ်လျဉ်း၍ အလေးအနက် ထားပြီး အချိန်တိုအတွင်း ထိထိမိမိ ပြန်လည်သုံးသပ်အကောင်အထည်ဖော်ကာ အရေးယူစရာရှိပါက ပြတ်ပြတ်သားသားအရေးယူရန် လိုအပ်နေသည်ကို ဆွေးနွေးခဲ့ကြသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ တင်ပြချက်များအရ ငြင်း၍ မရနိုင်ပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများအနေဖြင့် ယခုအစီရင်ခံစာကို ဆွေးနွေးမှတ်တမ်းတင်နေရုံဖြင့် မလုံလောက်ဘဲ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အခြေအနေများကို လွှတ်တော်သို့ ပြန်လည်အစီရင်ခံတင်ပြရန် လိုအပ်ပါကြောင်း ဆွေးနွေး သည်။

လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချိုက  ရသင့်ရထိုက်သည့် ရငွေများ ပြည့်ပြည့်၀၀ ရရှိအောင် ဆောင်ရွက်ကြရန်၊ ပုံသေပိုင်ပစ္စည်းများကို စနစ်တကျသုံးစွဲကြရန်နှင့် ပိုလျှံငွေပြန်အပ်ရမှုအနည်းဆုံးဖြစ်အောင် စီမံဆောင် ရွက်ကြ ရန် လိုအပ်ပါကြောင်း၊  ချေးငွေထောက်ပံ့ငွေများ ထိထိရောက်ရောက်ပြည့်ပြည့်၀၀ သုံးစွဲနိုင်အောင် ကြိုတင် စီမံဆောင်ရွက်ကြရန်နှင့် မသမာမှု၊ အလွဲသုံးစားမှု၊ လေလွင့်ပြုန်းတီးမှုများ ကင်းဝေး ပပျောက် လာစေ ရန်လည်း လိုအပ်ပါကြောင်း၊ ထို့ပြင်ဌာနအဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များနှင့် စီမံကိန်းလုပ်ငန်းများသည် ပြည်သူအတွက် အကျိုးသက်ရောက်မှုရှိ၊ မရှိစစ်ဆေးခြင်းဖြင့် ကာကွယ်စောင့်ရှောက်နိုင်ရေး၊ စာရင်းစစ်ချုပ်ရုံး အဆင့်ဆင့် တွင်ရှိသည့် စစ်ဆေးရေးဝန်ထမ်းများ၏ အရည်အသွေး အစဉ်မြင့်မားနေရေးနှင့် ဘက်လိုက်မှုမရှိ အဂတိကင်းစွာဖြင့် စစ်ဆေးဖော်ထုတ်နိုင်စေရေးတို့လည်း လိုအပ်ပါကြောင်း ဆွေးနွေးသည်။

ယင်းအစီရင်ခံစာ ပထမတွဲ(၁၆/၂၀၁၉)အပေါ် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးဥက္ကာမင်း၊ ဆိပ်ကြီး/ခနောင်တိုမဲဆန္ဒနယ်မှ ဦးတင်ထွန်းနိုင်နှင့် လှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦးတို့က ဆက်လက် ဆွေးနွေးကြသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ဖေဖော်ဝါရီ ၄ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ရဲသွင်၊ အေးအေးသန့်