နိုင်ငံရေးသမားနှင့် ကိုယ်ကျင့်သိက္ခာ

မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထား ဆိုသည်မှာ လူတစ်ဦးအတွက် လွန်စွာအရေးကြီးသည့် အခြေခံစည်းမျဉ်းဟု ဆိုရပါမည်။ ချမ်းသာကြွယ်ဝခြင်း၊ ရာထူးဂုဏ်ဒြပ် ကြီးမားခြင်း၊ အောင်မြင်ကျော်ကြားထင်ရှားခြင်း အစရှိသည်တို့ထက် လူတစ်ဦး မြင့်မြတ်မှုကို သူ၏ရိုးသားဖြူစင်မှုဖြင့်သာ တိုင်းတာနိုင်မည်ဟု ယူဆပါသည်။ ကိုယ်ကျင့်တရား ကောင်းမွန်ခြင်း၊ သီလလုံခြင်းတို့ကသာ လူတစ်ဦး၏ သိက္ခာကို ဖော်ပြနေမည် ဖြစ်ပါသည်။

ရိုးသားဖြူစင်မှုသည် လူတို့အတွက် လွန်စွာအရေးကြီးသည်ဟုဆိုလျှင် နိုင်ငံရေးသမားတို့ အတွက်ဆိုလျှင် အဆပေါင်းများစွာ ပိုမိုအရေးကြီး သည်ဟု ဆိုရပါမည်။ နိုင်ငံရေးသမားတို့ နိုင်ငံရေးလုပ်သည်မှာ အများအကျိုး၊ ကိုယ့်နိုင်ငံ ကိုယ့်ပြည်သူလူထု အကျိုးအတွက် ကိုယ့်ကိုယ်ပိုင် အသိစိတ်ဓာတ်ဖြင့် ကိုယ့်ဘာသာကိုယ် တာဝန်ယူကာ လုပ်ရသောအလုပ်ဖြစ်၏။

ထိုသို့ တာဝန်ယူဆောင်ရွက်ရန်အတွက် နိုင်ငံရေးအာဏာနှင့် လုပ်ပိုင်ခွင့်တာဝန်တို့ကို ရရှိရန် လို၏။ ထို နိုင်ငံရေးအာဏာနှင့် လုပ်ပိုင်ခွင့်တို့ကို ပြည်သူအများစုကပေးအပ်မှသာ ရနိုင်၏။ ပြည်သူလူထု၏ ယုံကြည်မှုဖြင့်သာ ထိုတာဝန်ကို ယူနိုင်၏။

ထိုသို့ လုပ်ပိုင်ခွင့်တာဝန်နှင့် အာဏာကို လက်ဝယ်ထားပြီး အများအကျိုး နိုင်ငံအကျိုး ပြည်သူ့ အကျိုးလုပ်ရာတွင်လည်း အဓိကအားဖြင့် လူတို့၏ တန်းတူညီမှု၊ တရားမျှတမှုတို့ကို အခြေခံ၍ လုပ်ရခြင်းဖြစ်၏။

ဤအခြေခံကို တည်ဆောက်ရာတွင် နိုင်ငံရေးသမားတို့သည် ကိုယ်တိုင်က သီလလုံဖို့၊ လူ့ ဂုဏ်သိက္ခာနှင့်ညီဖို့၊ ကိုယ်ကျင့်တရားကောင်းမွန်ဖို့၊ နိုင်ငံရေးသမား ကျင့်ဝတ်နှင့်အညီ ကျင့်ကြံ နေထိုင်ဖို့တို့ကို မိမိဘာသာ ထိန်းကျောင်းစောင့်ရှောက်နေရပါသည်။

ထို့ကြောင့် နိုင်ငံရေးသမားတို့အတွက် အဓိကအကျဆုံးသည်ကား ရိုးသားဖြူစင်မှုဖြစ်သည်ဟု ဆိုရပါမည်။ ရိုးသားဖြူစင်မှုဖြင့် “ကိုယ်ကျင့် တရားကောင်းမွန်မှုကို ထူထောင်ခြင်းဖြင့် ပြည်သူလူထု၏ ယုံကြည်မှုကိုရကာ ပြည်သူလူထု၏ တာဝန်ပေးအပ်ခြင်းကို ခံရမည်ဖြစ်၏။ လူထု၏ယုံကြည်မှုကို မတည်ဆောက်နိုင်ဘဲ နိုင်ငံရေး အာဏာကိုရယူဖို့ ကြိုးစားခြင်းသည် နိုင်ငံရေးလုပ်ခြင်း မဟုတ်ဘဲ နိုင်ငံနှင့် ပြည်သူလူထု ကို အနိုင့်အထက်ပြုကျင့်ခြင်းသာ ဖြစ်ပါသည်။

ထို့ကြောင့် နိုင်ငံကို ဦးဆောင်လိုသူများသည် မတရားမှုကို ဆန့်ကျင်သူများ၊ မျှတမှု တန်းတူညီမှု တို့ကို အလေးအနက်ထားသူများ ဖြစ်ရန် လိုပါသည်။ အမှားမှန်းသိပါလျက် မျက်စိစုံမှိတ်ကာ အမှန်ဟု ကြွေးကြော်နေကာမျှနှင့် အမှားသည် အမှန်ဖြစ်လာမည် မဟုတ်။

အထူးသဖြင့်မူ မြန်မာနိုင်ငံသူ နိုင်ငံသားတို့သည် နိုင်ငံရေး ပါးနပ်သူများဖြစ်၏။ နိုင်ငံရေး ပြဿနာတို့ကြားတွင် ရာစုနှစ်ဝက်ကျော် နေခဲ့ကြသူများ၊ နိုင်ငံရေးမတည်ငြိမ်မှု၏ ဆိုးကျိုး ဘေးဒဏ်တို့ကို ဖြတ်သန်းလျှောက်လှမ်းလာခဲ့ကြသူများ ဖြစ်လေရာ၊ ပြည်သူ လူထုအများစု သည် အမှားအမှန်ကိုသော် လည်းကောင်း၊ တရားမှု မတရားမှုကို လည်းကောင်း၊ ဖြူစင်မှု ညစ်ထေးမှုကိုလည်းကောင်း လွယ်လင့်တကူ နားလည်သိမြင်နိုင်ကြသူများ ဖြစ်၏။ ညာနေသူ ကို သိ၏။ အဓမ္မသမားကို သိ၏။ နိုင်ထက်စီးနင်းပြုသူကို သိ၏။ စိတ်ထားမှန်ကန်သူကို သိ၏။ ဖြူစင်သူကိုသိ၏။ နိုင်ငံနှင့် ပြည်သူလူထုအပေါ် သန့်ရှင်းသော မေတ္တာထားသူကိုသိ၏။

အချုပ်ဆိုရပါလျှင် မြန်မာပြည်သူတို့သည် မိမိတို့အကျိုးကို အမှန်တကယ် စေတနာထားသူကို အားကိုးလို၏။ မဟုတ်မမှန်သူများကို ဆန့်ကျင်ကြ၏။ ဖိနှိပ်ချိုးနှိမ်မှုများအောက်ကပင် ဆန့်ကျင် ဖော်ပြရဲခဲ့သူများ ဖြစ်၏။

ပြည်သူလူထု၏ ယုံကြည်အားကိုးမှုကို ရရှိထားသူတို့ကလည်း ရိုးသားဖြူစင်မှုနှင့် ကိုယ်ကျင့် ကောင်းမွန်မှုကို ဆက်လက်ထိန်းသိမ်းကာ စွမ်းဆောင်ရည်မြင့်မြင့်ဖြင့် နိုင်ငံအကျိုး၊ ပြည်သူ့ အကျိုးကို ဆောင်ရွက်ကာ အနာဂတ်နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်ကြမည်ဟု မျှော်လင့် ယုံကြည်ကြပါကြောင်း။ ။