ရန်ကုန် ဖေဖော်ဝါရီ ၃
ပြည်တွင်းရေကြောင်းပို့ဆောင်ရေး(မြစ်ဝကျွန်းပေါ်ဌာနခွဲ)မှ ရန်ကုန် (ဝါးတန်း/ဒလ) ကားကူး ဇက် ယာဉ်လမ်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ကားကူးဇက် ရေယာဉ် တစ်စင်းဖြင့် ခရီးသည်၊ ကုန်စည်နှင့် မော်တော်ယာဉ်များ အဆင်ပြေ စေရေးအတွက် သယ်ယူပို့ဆောင်ပေးလျက်ရှိပြီး ဇန်နဝါရီ ၅ ရက်မှစတင်၍ ကုန်စည်နှင့် မော်တော်ယာဉ်များ ကူးသန်းသွားလာမှု များပြားလာခြင်းကြောင့် ကုန်စည်များပြတ်တောက်မှုမဖြစ်ပေါ်စေရေးနှင့် အဆင်ပြေချောမွေ့စေရေးအတွက် ကားကူးဇက် ရေယာဉ် နှစ်စင်းဖြင့် ပြေးဆွဲပို့ဆောင်ပေး လျက်ရှိကြောင်း သိရသည်။
ရန်ကုန် (ဝါးတန်း/ဒလ) ကူးတို့လမ်း၌ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးကာလအတွင်း ကားကူးဇက်ရေယာဉ် တစ်စင်းဖြင့် နေ့စဉ် နံနက် ၆ နာရီခွဲမှ ည ၇ နာရီအထိ အသွား ကိုးခေါက်၊ အပြန် ကိုးခေါက်အထိ ပြေးဆွဲခဲ့ရာတွင် မော်တော်ယာဉ် အစီးရေ ၂၅၀ ခန့် ပို့ဆောင် ပေးနိုင်ခဲ့ကြောင်း၊လက်ရှိအချိန်တွင် ကုန်စည်နှင့် မော်တော်ယာဉ်သွားလာမှု များပြားလာခြင်း ကြောင့် ယခင်ပုံမှန် ပြေးဆွဲနေသော ကားကူးဇက်ယာဉ်နှစ်စင်းဖြင့် ပြန်လည်ပြေးဆွဲခဲ့ရာ ခရီး သည်နှင့် ကုန်စည် အပါအဝင် မော်တော်ယာဉ်အစီးရေ ၅၀၀ ခန့် ပို့ဆောင်ပေးလျက်ရှိကြောင်း မြစ်ဝကျွန်းပေါ်ဌာနခွဲမှ (စီမံ၊ ကွပ်ကဲ) မန်နေဂျာ ဦးကျော်ထူးအောင်က ပြောသည်။
လက်ရှိအချိန်၌ ရန်ကုန် (ဝါးတန်း)မှ ဒလ ကားကူးဇက်ရေယာဉ်လမ်း၌ ကုန်စည်နှင့် မော်တော် ယာဉ်များကို ကားကူးဇက်ရေယာဉ် နှစ်စင်းဖြင့် အသွား ရှစ်ခေါက်၊ အပြန် ရှစ်ခေါက် နှုန်းဖြင့် တစ်နေ့လျှင် ၁၆ ခေါက် သယ်ယူပို့ဆောင် ပေးလျက်ရှိရာ နေ့စဉ် ယာဉ်အစီးရေ ၅၀၀ ခန့်နှင့် ကုန်စည်တန်ချိန် ၉၀ ခန့် ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားသော ကာလများက အဆိုပါကူးတို့လမ်း၌ ပုံမှန် ခေါက်ရေထက် လျှော့ချပြီး ကုန်စည်များ ပြတ်တောက်မှုမဖြစ်ပေါ်စေရေးနှင့် မော်တော်ယာဉ် များ သွားလာမှုအခြေအနေ ပေါ်မူတည်၍ ရပ်နားခြင်း မရှိဘဲ ဇက်ရေယာဉ်တစ်စင်းဖြင့်သာ ပြေး ဆွဲ ပေးခဲ့ပြီး ဇန်နဝါရီ ၅ ရက်မှစတင်၍ ကားကူးဇက်ရေယာဉ် နှစ်စင်းဖြင့် ဒလဘက်မှထွက်ချိန် နံနက် ၆ နာရီခွဲမှ ည ၆ နာရီခွဲအထိလည်းကောင်း၊ ဝါးတန်း(ကီလီ)မှ နံနက် ၇ နာရီမှ ည ၇ နာရီအထိလည်းကောင်း ခရီးသည်၊ ကုန်စည်နှင့်မော်တော်ယာဉ်များကို အဆင်ပြေချောမွေ့ စေရေး အတွက် ပြေးဆွဲပို့ဆောင်ပေး လျက်ရှိကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ- နိုင်လင်းကျော် (IPRD)