Skip to main content

ချင်းတွင်းမြစ်ရေနည်းပါးချိန်တွင် ရေယာဉ်များ သောင်တင်ခြင်း မဖြစ်ပေါ်စေရန် သတ်မှတ်ရေကြောင်းများမှ ကြည့်ရှု မောင်းနှင်ကြရန်လိုအပ်

မုံရွာ ဖေဖော်ဝါရီ ၃

ကုန်တင်ရေယာဉ်များနှင့် လူစီးအမြန်ရေယာဉ်များ ချင်းတွင်းမြစ်ရေနည်းကာလအတွင်း ရေစူးသတိပေးချက်များ ထုတ်ပြန်ထားရာ ၎င်းကာလတွင် ရေယာဉ်များအနေဖြင့် ရေကြောင်းပြအမှတ်အသားများ ပြသထားသည့် ရေလမ်း ကြောင်းများအတိုင်း စနစ်တကျမောင်းနှင် ကြရန် လိုအပ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန (ရေလမ်းသတ်မှတ်ရေး) မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စိုးဝင်း၏ ပြောကြားချက်များအရ သိရသည်။

“နွေရာသီ မြစ်ရေနည်းပါးချိန်ဆိုရင် မော်လိုက်မြို့နယ်အောက်ဘက် ရိုးလာရေလမ်းကြောင်းဟာ အမြဲတမ်းလိုပဲ ရေကြောင်းကြပ်ပါတယ်၊ နောက်တစ်ခုက ဟုမ္မလင်းမြို့ အောက်ဘက်ခြမ်းက ကက်သာဆင်း ရေကြောင်းလည်း ကြပ်ပါတယ်၊ ကျန်တဲ့နေရာတွေကတော့ ရေလမ်းကြောင်း ပေါက်တာမူတည်ပြီးမှ ရေကြောင်းကြပ်တာတွေဖြစ်တာပါ၊ ရေကြောင်း ကျဉ်းလာရင်ပိုပြီးပျက်စီးတယ်၊ ရေကြောင်းကြပ်တဲ့နေရာတွေမှာ ရေကြောင်းပြအမှတ်အသားတွေ ထားရှိပါတယ်၊  နွေရာသီမြစ်ရေနည်းချိန်မှာ သတ်မှတ်ပေးထားတဲ့ ရေလမ်းကြောင်း အတိုင်းမောင်းမယ်ဆိုရင် ရေလမ်းကြောင်း ရေရှည်ခိုင်မယ်၊ ဒါကြောင့်သတ်မှတ်ပေးထားတဲ့ ရေလမ်းကြောင်းကမောင်းနှင်ကြဖို့လိုပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရေလမ်းသတ်မှတ်ရေး) မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စိုးဝင်းက ပြောသည်။

ရေနည်းကာလတွင် လူစီးအမြန်ရေယာဉ်နှင့် ကုန်တင်ရေယာဉ်များ ရေကြောင်းတစ်လျှောက် မတော်တဆမှုဖြစ်ပွားခြင်း မရှိစေရန်၊ ရေလမ်းကြောင်း မပျက်စီးစေရန်နှင့် ရေယာဉ်များ ရေကြောင်း အန္တရာယ်ကင်းရှင်းစေရန် ရေလမ်းကြောင်း အသုံးပြုသူများ မိမိရေယာဉ်၏ ဝန်တင်ရေစူးကို ရေလမ်းကြောင်းအခြေအနေပေါ်မူတည်ပြီး သတ်မှတ်ပေးထားသော ရေစူးကန့်သတ်ချက်များနှင့်အညီ တင်ဆောင်မောင်းနှင် နိုင်ရန်  နှစ်စဉ် နိုဝင်ဘာလ (၁၅) ရက်နေ့မှ မေလ(၁၅)ရက်နေ့အထိကို ရေနည်းကာလအဖြစ် သတ်မှတ်ထားကြောင်း သိရ သည်။                          

ဝင်းဦး(ဇေယျာတိုင်း)