မြောက်ဥက္ကလာပ ဖေဖော်ဝါရီ ၃
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ် (၁၉) ရပ်ကွက် ဦးဘိုးလှိုင်လမ်းရှိ ရန်ကုန်တိုင်းဒေသကြီး၊ ဆည်မြောင်းနှင့်ရေအသုံးချစီမံခန့်ခွဲရေး ဦးစီးဌာန၊ ရွှေပေါက်ကံအိမ်ရာဝင်းအတွင်းတွင် ထပ်မံဆောက်လုပ် ထားသည့် ဝန်ထမ်းအိမ်ရာ (၄) ခန်းတွဲ (၃)ထပ်တိုက် အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈နာရီ ၂၀ မိနစ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အဖွင့်အမှာစကား ပြောကြားပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်စွမ်းအင်ဝန်ကြီး ဦးဟန်ထွန်းက အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ဝန်ထမ်း အိမ်ရာ(၄)ခန်းတွဲ (၃)ထပ်တိုက် အဆောက်အဦသစ်အား ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟန်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချ စီမံခန့်ခွဲရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးမင်းလွင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ မှတ်တမ်းစုပေါင်း ဓာတ်ပုံ ရိုက်ကူးခြင်း၊ အဆောက်အဦ သစ် ကမ္ပည်းပြားအား အမွှေးနံ့သာများ ပက်ဖျန်းခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဝန်ထမ်း အိမ်ရာ(၄)ခန်းတွဲ (၃)ထပ်တိုက် အဆောက်အဦသစ်အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အလျား(၁၂)ပေ၊ အနံ (၄၃)ပေရှိ နေအိမ်တိုက်ခန်း (၁၂) ခန်းပါဝင်ကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)