နေပြည်တော် ဖေဖော်ဝါရီ ၃
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး(စွမ်းအင်)ဒေါက်တာထွန်းနိုင်သည် ဖေဖော်ဝါရီ ၂ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်ရှိ အမှတ်(၅) ဓာတ်မြေသြဇာစက်ရုံ (ကန်ကြီးထောင့်) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ စက်ရုံအစည်းဝေခန်းမတွင် စက်ရုံမှူးနှင့် ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မြင့်တို့က စက်ရုံဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက စက်ပစ္စည်းများ ကြံ့ခိုင်ကောင်းမွန်ရေး သတ်မှတ်ချက်များနှင့်အညီ စစ်ဆေးဆောင် ရွက်ရန်၊ စက်စွမ်းအားပြည့် လည်ပတ်ထုတ်လုပ်နိုင်ရေး စက်အရန်ပစ္စည်းများကို ကြိုတင် တွက်ချက်ဝယ်ယူ စုဆောင်းထားရှိရန် လိုအပ်ပါကြောင်း၊ ယခင်ကအရှုံးပေါ် နေခဲ့ရာမှ ယခုအခါ အမြတ်များ ပြန်လည်ရရှိနေ၍ ချီးကျူးဂုဏ်ပြုပါကြောင်း၊ ယခုအခြေအနေကို ကျေနပ်မနေပဲ ဓာတ်မြေသြဇာများ ပိုမိုတိုးတက် ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက် ကြစေလိုကြောင်း၊ ယူရီးယား ဓာတ်မြေသြဇာ ထုတ်လုပ်သော စက်ရုံများသည် နည်းပညာမြင့် စက်ရုံများဖြစ်ပြီး တစ်ဦးကောင်း တစ်ယောက်ကောင်း ဆောင်ရွက်၍မရပါကြောင်း၊ အားလုံးဝိုင်းဝန်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ စက်ရုံရှိ ဝန်ထမ်းများ ၏အနေဖြင့် စက်ရုံရေရှည် တည်တံ့ကောင်းမွန်စေရေး အားလုံးညီညီညွတ်ညွတ် ကြိုးစားဆောင်ရွက် ကြစေလိုပါကြောင်း မှာကြားသည်။
ထို့နောက် စက်ရုံထိန်းချုပ်ခန်းအတွင်း စက်ရုံလည်ပတ်မောင်းနှင်နေမှု အခြေအနေနှင့် ယူရီးယားဓာတ်မြေ သြဇာထုတ်လုပ်နေမှု အခြေအနေအားကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းအိမ်ယာများအား လှည့်လည်ကြည့်ရှု ကာဝန်ထမ်းမိသားစုများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။
အဆိုပါ အမှတ်(၅) ဓာတ်မြေသြဇာစက်ရုံ(ကန်ကြီးထောင့်)သည် ညောင်တုန်း -မအူပင် သဘာဝဓာတ်ငွေ့မြေမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့ကို အသုံးပြု၍ တစ်ရက်လျှင် ယူရီးယားဓာတ်မြေသြဇာ တန် ၃၅၀ ကျော် ထုတ်လုပ်ပေးလျက်ရှိပြီး၊ တင်ဒါစနစ်ဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အမှတ်(၂) ရေနံ ဓာတ်ငွေ့ ရည်စက်ရုံ (ညောင်တုန်း)နှင့် အဆိုပါ ဝန်းအတွင်းရှိ အမှတ်(၃) ရေနံဓာတ်ငွေ့ ရည်စက်ရုံ (ကျွန်းချောင်း) ပြောင်းရွှေ့တည်ဆောက်ခြင်း စီမံကိန်း လုပ်ငန်းခွင်သို့ ရောက်ရှိပြီး စီမံကိန်းတာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ်လိုအပ်သည်များကို မှကြားသည်။
အမှတ်(၂) ရေနံဓာတ်ငွေ့ရည်စက်ရုံ(ညောင်တုန်း)သည် ညောင်တုန်း-မအူပင် သဘာဝဓာတ်ငွေ့မြေမှထွက်ရှိသော သဘာဝဓာတ်ငွေ့ကို အသုံးပြု၍ တစ်ရက်လျှင် ရေနံ ဓာတ်ငွေ့ရည် ၁၂ တန်ခန့်ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိသည်။ အမှတ်(၃) ရေနံဓာတ်ငွေ့ ရည် စက်ရုံ(ကျွန်းချောင်း) ပြောင်းရွှေ့တပ်ဆင်တည်ဆောက်နေမှုမှာ စီမံကိန်း တစ်ခုလုံး ၏ ၃၂ ရာခိုင်နှုန်း ခန့်ပြီးစီးနေပြီဖြစ်ပြီး အဆိုပါစက်ရုံအား တည်ဆောက်ပြီး စီးပါက ရေနံဓာတ်ငွေ့ရည်များ ယခုထက်ပိုမိုထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)