Skip to main content

2019 Novel Coronavirus (2019-nCoV) ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီအစည်းအဝေး ပထမအကြိမ်ကျင်းပ

နေပြည်တော်  ဖေဖော်ဝါရီ  ၃


2019 Novel Coronavirus (2019-nCoV) ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟို ကော်မတီ၏ ပထမအကြိမ် အစည်းအဝေး ကို ဗဟိုကော်မတီဥက္ကဋ္ဌ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် ပူးတွဲဥက္ကဋ္ဌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးတို့ ဦးဆောင်၍ ယနေ့ မွန်းလွဲ ၂ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။


အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ ပြည်နယ် (၃) ခုနှင့် တိုင်းဒေသကြီး (၃) ခုတို့၏အစိုးရအဖွဲ့များမှ ဝန်ကြီးများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူ များ တက်ရောက် ခဲ့ကြသည်။


▲ ဆိုက်ရောက်ဗီဇာ ထုတ်ပေးခြင်းကို ယာယီရပ်ဆိုင်းထား▲

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ယနေ့အစည်းအဝေးတွင် ဗဟိုကော်မတီအတွက် ချမှတ်ထားသော လုပ်ငန်းတာဝန်များနှင့် အညီ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ ဆောင်ရွက်ပြီးစီးမှုများ၊ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် စိန်ခေါ်မှုများကိုအခြေခံ၍ ရေရှည်ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ အစီအမံများ ချမှတ်ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်း သွားကြရန် ဖြစ်ပါကြောင်း၊ ဗဟိုကော်မတီ၏ ပထမအကြိမ်အစည်းအဝေးမတိုင်မီ ကနဦး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၃၁ ရက်တွင် မိမိမှဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဆွေးနွေးအကြံပြုချက်များအရ ဗဟိုကော်မတီအနေဖြင့် ပြီးခဲ့သည့် နှစ်ရက်တာကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု အခြေအနေများကို ပြောကြားလိုပါ ကြောင်း၊ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ကြီးမှ ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်ကြေညာချက်ထုတ်ပြန်ခဲ့မှုအရသော် လည်းကောင်း၊ လတ်တလော အခြေအနေများအရ ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှု အထူးစိုးရိမ်ဖွယ်ရာ အခြေအနေသို့ ရောက်ရှိလာပြီး မြန်မာပြည်သူပြည်သားများ၏ ကျန်းမာရေးအတွက် ယင်းကူးစက်ရောဂါကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် လည်းကောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ကမ္ဘာလှည့် ခရီးသွားများအား ဆိုက်ရောက်ဗီဇာ(Visa on Arrival) ထုတ်ပေးခြင်းကို ဖေဖော်ဝါရီ ၁ ရက် မှစတင်၍ ယာယီရပ်ဆိုင်းထားရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့ပါ ကြောင်း၊ ဝူဟန်မြို့၌ ပိတ်မိနေသော မြန်မာပညာသင် ၆၃ ဦးအနက် ၅၉ ဦးကိုလည်း ဖေဖော်ဝါရီ ၂ ရက်တွင် ဝူဟန်မြို့မှ မန္တလေးမြို့သို့ အထူးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ပါကြောင်း၊ အဆိုပါခရီးစဉ် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အဘက်ဘက်မှ ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့သော ဝန်ကြီးဌာန၊ အဖွဲ့အစည်း အသီးသီးတို့မှ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ လိုအပ်သည့် ကူညီပံ့ပိုးမှု အစီအမံများကို ဆောင်ရွက်ပေးလျက်ရှိသည့် မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် မြို့တော်ဝန်တို့အား ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ခရီးစဉ် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းဖြင့် ကျောင်းသား မိဘများနှင့် ပြည်သူ ပြည်သားများ၏ စိုးရိမ်သောကများကို လျော့နည်းစေသည်သာမက ပြည်ပရောက် မိမိနိုင်ငံသားများ၏အကျိုးကို အလေးအနက်ထား ကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည် ဆိုသည့် ပုံရိပ်ကောင်းကို နိုင်ငံတကာမျက်နှာ စာတွင် မှတ်ကျောက်တင်လိုက် ခြင်းပင် ဖြစ်ပါကြောင်း ပြောကြားသည်။


▲ ဆက်သွယ်မှုလမ်းကြောင်းကို ရှင်းလင်းစွာ ချမှတ်ဆောင်ရွက်ရန် အထူးအရေးကြီး▲


ထို့နောက် ဗဟိုကော်မတီ ပူးတွဲဥက္ကဋ္ဌ ဒေါက်တာမြင့်ထွေးက 2019-nCoV အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါသည် ဗိုင်းရပ်စ်ပိုး အသစ်ကြောင့်ဖြစ်ပွားသည်ဖြစ်၍ ရောဂါဖြစ်ပေါ်ပြောင်းလဲမှုသဘောသဘာဝဖြစ်စဉ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဆက်လက် လေ့လာ လျက်ရှိပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၌ ဤရောဂါဖြစ်ပွားပျံ့နှံ့နေမှုသည် နေ့စဉ် ဆက်လက်မြင့်မားနေပြီး အခြားနိုင်ငံများသို့လည်း ကူးစက်ပျံ့နှံ့နေသည်ကို တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့အနေဖြင့် ဝန်ကြီးဌာနများအကြား စနစ်တကျ ချိန်သားကိုက် ပူးပေါင်း ချိတ်ဆက်ဆောင်ရွက်မှု (systematic and synchronized coordi-nation and collaboration) များ ကောင်းမွန်စွာဖြင့် ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနများအကြား ဆက်သွယ်မှုလမ်းကြောင်းကို တိကျရှင်းလင်းပြတ်သားစွာ ချမှတ်ဆောင်ရွက်ရန်လည်း အထူးအရေးကြီးပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနအနေဖြင့် အပြည်ပြည်ဆိုင်ရာ လေဆိပ်များ၊ ရေဆိပ်များ၊ နယ်စပ်ဝင်၊ ထွက်ပေါက်များတွင် ကိုယ်ခန္ဓာအပူချိန်တိုင်း ကိရိယာများ အသုံးပြု၍ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းကို ဆောင်ရွက်လျက်ရှိပါကြောင်း။


▲ ကျန်းမာရေး အသိပေးနှိုးဆော်မှုများ ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိ ▲


ဟိုတယ်များနှင့် တည်းခိုခန်းများမှ တာဝန်ရှိသူများ၊ ခရီးသွားလမ်းညွှန်များ၊ အငှားကား၊ ဘတ် (စ်) ကားနှင့် အဝေးပြေးယာဉ် မောင်းနှင်သူများနှင့် ယာဉ်နောက်လိုက်များအနေဖြင့် နိုင်ငံတကာခရီးသည်များတွင် ရောဂါဖြစ်ပွားမှု သံသယရောဂါလက္ခဏာများ တွေ့ရှိရခြင်း၊ နာမကျန်းဖြစ်ခြင်းတို့ကို တွေ့ရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်း တယ်လီဖုန်းဖြင့် အကြောင်းကြားပေးရန်မှာ အရေးကြီးပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ဤရောဂါနှင့် ပတ်သက်သည့် ကျန်းမာရေးအသိပညာများ၊ အသိပေး နှိုးဆော်မှုများကို ဘက်ပေါင်းစုံမှ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နယ်စပ် ဝင်/ထွက်ပေါက်များ တစ်လျှောက်ရှိနေသည့် မြို့များမှ ပြည်သူများ အဆိုပါကျန်းမာရေးအသိပညာဗဟုသုတများ ရရှိစေရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဆက်စပ် ဝန်ကြီးဌာနများက အထူးကိစ္စရပ်အနေဖြင့် ပူးပေါင်းပံ့ပိုး ဆောင်ရွက်ပေးစေလိုပါကြောင်း။


▲ ကောလာဟလသတင်းတုများကို ထုတ်ပြန်သောသတင်းများနှင့် စိစစ်▲

လူမှုကွန်ရက် စာမျက်နှာများတွင် ကောလာဟလသတင်းများ ဖြန့်ဝေနေမှုများကို ချေဖျက်ရန်အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ (www.mohs.gov.mm) မှ ပြည်သူများထံ အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအသီးသီးအနေဖြင့်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာမှ ရောဂါနှင့် ပတ်သက်သည့် အကြောင်းအရာ၊ သတင်းအချက်အလက်များကို ပုံမှန် ကြည့်ရှုစေလိုပြီး ကောလာဟလသတင်းတုများကို မိမိတို့ဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်းများနှင့် တိုက်ဆိုင်စိစစ်စေလိုပါ ကြောင်း၊ အထူးသဖြင့် နယ်စပ် ဝင်/ ထွက် ပေါက် ကုန်းလမ်းမှ ဝင်ရောက်လာသူများကို ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ပတ်သက်၍ ဝန်ကြီးဌာနများအကြား ညှိနှိုင်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ဝေဘာဂီအထူးကုဆေးရုံတို့ တွင် ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း များ ကြိုတင်ပြင်ဆင်ထားရှိမှုများကို သွားရောက်ကြည့်ရှုခဲ့ရာ ကျေနပ်ဖွယ်ရှိ ပါကြောင်း။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးအနေဖြင့် အဖွဲ့ဝင်နိုင်ငံများအား ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခြင်း၊ သံသယလူနာများအား စောစီးစွာ ထောက်လှမ်းခြင်း၊ သံသယ လူနာ/ အတည်ပြုလူနာများအား အခြားသူများနှင့် မထိတွေ့စေဘဲ သီးခြားခန်းတွင် ထားရှိကုသမှုပေးခြင်း၊ သံသယလူနာ/ လူနာနှင့် အနီးကပ် ထိတွေ့ဆက်ဆံဖူးသူများကို ထောက်လှမ်း၍ ရောဂါစောင့်ကြပ် ကြည့်ရှုခြင်း၊ ရောဂါထပ်မံ ပျံ့နှံမှုကို ကာကွယ်ထိန်းချုပ်ခြင်းနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် သတင်းအချက်အလက်များ အပြန်အလှန် ဝေမျှခြင်းတို့ကို လုပ်ဆောင်ရန် တိုက်တွန်းခဲ့ပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ရောဂါကူးစက် ပျံ့နှံ့ဖြစ်ပွားမှုကို အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် မကြေညာမီကတည်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် အဆိုပါလုပ်ငန်း များကို ဆောင်ရွက်ခဲ့ပြီး ယခုလည်း အရှိန်အဟုန်ဖြင့် ဆက်လက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန သည် ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ လစ်ဟင်းမှုမရှိဘဲ အရှိန်အဟုန်ဖြင့် ဆက်လက် ဆောင်ရွက်ရန်အတွက် ဗဟိုအဆင့်အစည်းအဝေးကို နေ့စဉ်ကျင်းပ ဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးသည်။


▲ ကျန်းမာရေးအသိပညာပေးခြင်း လူထုအတွင်းရောက်ရှိစေရန် ဆောင်ရွက် ▲
ဆက်လက်၍ ဗဟိုကော်မတီအတွင်းရေးမှူး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းက 2019 Novel Coronavirus (2019-nCoV) ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် မြန်မာနိုင်ငံက ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားရာတွင် ရောဂါဖြစ်ပွားမှုသတင်းများကို ပြည်သူလူထုမှ သတင်းပေးပို့နိုင်ရန်အတွက် Hotline ထားရှိ သတင်းရယူမှု၊ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ ဟိုတယ်လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သူ ဝန်ထမ်းများအား ကျန်းမာရေး ပညာပေးနိုင်ရန်အတွက် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ ဝူဟန်မြို့မှ ပြန်လည်ရောက်ရှိလာသော မြန်မာပညာတော်သင်များ၊ အနီးကပ်ထိတွေ့ခဲ့သူ ကျန်းမာရေးဝန်ထမ်းများ၊ လေယာဉ်မှူး အဖွဲ့များနှင့် လေယာဉ်အမှုထမ်းများအား ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု၊ လိုအပ်သော ရောဂါကာကွယ်ရေး ပစ္စည်းများနှင့် ဆေးနှင့် ဆေးပစ္စည်းများ စုစည်းထားရှိမှု။


▲ အဖျားရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း အရှိန်အဟုန်မြှင့် ဆောင်ရွက်နေမှု▲


စောင့်ကြည့် လူနာများအား ဆေးကုသခြင်းနှင့် ၎င်းတို့ထံတွင် ရောဂါဖြစ်ပွားလာပါက ရောဂါဆက်လက်ပြန့်ပွားမှု မရှိစေရေးအတွက် ရောဂါပိုးထိန်းချုပ်မှု၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်းနှင့် နယ်စပ်ဝင်ထွက်ပေါက်များတွင် အဖျားရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေမှု၊ သံသယလူနာတွေ့ရှိပါက သီးခြားထားရှိ ကုသမှုပေးနိုင်ရန် ရန်ကုန်မြို့ ဝေဘာဂီ အထူးကုဆေးရုံကြီး၊ မန္တလေးမြို့ အထွေထွေရောဂါကု ဆေးရုံကြီးနှင့် နေပြည်တော် ခုတင် (၁၀၀၀) အထွေထွေရောဂါကု ဆေးရုံကြီးတို့အား ကြိုတင်ပြင်ဆင် ထားရှိမှု၊ ကျန်းမာရေး အသိပညာပေးခြင်းများကို ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိစေရန် ဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းပြောကြားသည်။


▲ မှန်ကန်သောသတင်းများ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေနိုင်ရေး ▲


ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များက 2019 Novel Corona Virus ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ရောဂါစောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းများတွင် ဝန်ကြီးဌာန အချင်းချင်းသော်လည်း ကောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်များတွင် သက်ဆိုင်ရာဌာနများ အချင်းချင်းသော်လည်းကောင်း ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်နေမှု အခြေအနေများ၊ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာသော ခရီးသွားဧည့်သည်များ တည်းခိုသည့် ဟိုတယ်များတွင် ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း၊ သံသယလူနာတွေ့ရှိပါက သတင်းပေးပို့ခြင်း၊ ညွှန်းပို့ကုသမှုပေးခြင်းနှင့် ဟိုတယ်ဝန်ထမ်းများနှင့် မိသားစု များသို့ ရောဂါကူးစက်မှုမရှိစေရေး ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ ပြည်သူလူထုနှင့် ခရီးသွားဧည့်သည် များအား အသိပညာ ပေးရေး ၊ သတင်းထုတ်ပြန်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် မီဒီယာများမှ တိကျမှန်ကန်သောသတင်းများကို အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေနိုင်ရေးဆောင်ရွက်နေမှုများ၊ အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်း၊ နယ်စပ်ဝင်ထွက်ပေါက်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို ဆောင်ရွက်နေမှုအခြေအနေများ၊ ရောဂါကာကွယ်ကုသရန် လိုအပ်သော ဆေးနှင့် ဆေးပစ္စည်း (Personal Protective Equipment and masks များ အပါအဝင်) ဓာတ်ခွဲခန်းသုံးပစ္စည်းများကို တင်သွင်းနိုင်ရေး ဆောင်ရွက်နေမှုအခြေ အနေများ စသည်တို့အပေါ် ပွင့်ပွင့် လင်းလင်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ သည်။


▲ မလိုအပ်ဘဲ ကန့်သတ်ခြင်းမပြုရန်နှင့် အဓိက ရောဂါထိန်းချုပ်ရေးဆောင်ရွက် ▲


ယင်းနောက် ဗဟိုကော်မတီဥက္ကဋ္ဌ ဦးကျော်တင်က နိဂုံးချုပ်စကားပြောကြားရာတွင် 2019 Novel Coronavirus ပြင်းထန် အဆုတ်ရောင် ရောဂါဆက်လက် မပြန့်ပွားစေရေးနှင့် ရောဂါထိန်းချုပ်ရေးအတွက် တရုတ်နိုင်ငံအစိုးရ၏ ဆောင်ရွက်မှုအစီအမံများကို အသိအမှတ်ပြု ပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ရောဂါပြန့်ပွားမှုကို ပြန်လည်တုံ့ပြန်ရာတွင် အားနည်းမှုရှိပြီး ထိခိုက်နိုင်ခြေများသည့် နိုင်ငံများ အတွက် စိုးရိမ်ပူပန်သောကြောင့် ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေ အဖြစ်ကြေညာခဲ့ခြင်းဖြစ်ကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ထုတ်ပြန်မှုတွင် ခရီးသွားလာမှု၊ ကုန်သွယ်မှုများကို မလိုအပ်ဘဲ ကန့်သတ်ခြင်းမပြုရန်နှင့် အဓိကအားဖြင့် ရောဂါထိန်းချုပ်ရေးကို ဆောင်ရွက်ရန် တိုက်တွန်းထားကြောင်း၊ မိမိတို့အနေဖြင့်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနှင့် International Civil Aviation Organization (ICAO) တို့၏ စည်းမျဉ်းစည်းကမ်းများ၊ နှစ်နိုင်ငံချစ်ကြည်ရေး၊ မြန်မာနိုင်ငံ ပြည်သူ ပြည်သားများ၏ ကျန်းမာရေးအတွက် ယင်းကူးစက်ရောဂါကို ကာကွယ်ထိန်းချုပ်ရန် အစရှိသည်တို့ကို ဘက်ပေါင်းစုံမှ စဉ်းစားသုံးသပ်၍ ဟန်ချက် ညီမျှသည့် တုံ့ပြန်ဆောင်ရွက် မှုများ ပြုလုပ်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။


သတင်းစဉ်