Skip to main content

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ အစည်းအဝေး ကျင်းပ

နေပြည်တော် မတ် ၃ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး (၁/၂၀၂၁) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။ အစည်းအဝေးသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ဗဟိုကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီးမောင်မောင်ကျော် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ ဒေါ်သီတာဦး၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဗဟိုကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးနှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ အစည်းအဝေးတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟို ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့အစည်းအဝေးသည် မိမိတို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန် ယူပြီးနောက်ပိုင်းတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး ပထမဦးဆုံးကျင်းပသည့် အစည်းအဝေးဖြစ်ကြောင်း၊ မိမိတို့တာဝန်ယူပြီးနောက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟို ကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ညှိနှိုင်းရေးကော်မတီများ ဖွဲ့စည်း ဆောင်ရွက်ခဲ့ကြောင်း၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်ပါက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် “တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိစေရန်အတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားဆောင်ရွက်သွားမည်” ဟူသည့် လုပ်ငန်းစဉ် ချမှတ်ထားသကဲ့သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံရေး ဦးတည်ချက်တွင်လည်း “တစ်နိုင်ငံလုံးထာဝရ ငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပါအတိုင်း အလေးထားဆောင်ရွက်သွား” ဟူသည့် ဦးတည်ချက် ချမှတ်ပြီး NCA ကို အလေးထားအကောင်အထည်ဖော် ဆောင်ရွက်သွားရန် ဦးတည်ရည်မှန်းထားခြင်းကို တွေ့ရ မည်ဖြစ်ကြောင်း။ အမှန်တကယ်တွင် NCA သည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးမှတစ်ဆင့် တိုင်းရင်းသား ပြည်သူ အားလုံးအလိုရှိနေသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးအတွက် လိုအပ်သောအခင်းအကျင်းများကို အုတ်မြစ်ချထားခြင်း ဖြစ်ကြောင်း၊ ယင်းအပေါ်တွင် မိမိတို့အနေဖြင့် ညှိနှိုင်းဆွေးနွေးအဖြေရှာပြီး သဘောတူညီချက်များအရ ဆက်လက်အကောင်အထည်ဖော် တည်ဆောက်သွားနိုင်မှသာ ပြီးပြည့်စုံသည့် ပြည်ထောင်စု ပုံသဏ္ဌာန် ပေါ်ပေါက်လာမည်ဖြစ်ကြောင်း၊ ယင်းနေရာတွင် တွေ့ဆုံညှိနှိုင်းအဖြေရှာခြင်း ဆိုသည့် ဒီမိုကရေစီယဉ်ကျေးမှုကိုလိုက်နာရန် အလွန်အရေး ကြီးကြောင်း၊ မည်သို့ပင် ကြီးမား သည့် ပြဿနာများဖြစ်ပါစေ နှစ်ဖက်တွေ့ဆုံညှိနှိုင်းမည်ဆိုပါက အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်မည် ဖြစ်ကြောင်း၊ အလျဉ်းသင့်၍ ယခင်အစိုးရလက်ထက်က အခြေအနေတစ်ခုကို ပြောရပါက မိမိတို့တပ်မတော်အနေဖြင့် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးကောင်းမွန်စေရန် ဖွဲ့စည်းပုံအခြေခံဥပဒေက သတ်မှတ်ထားသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကို ခေါ်ယူရန် မိမိကိုယ်တိုင် အကြိမ်ကြိမ်တိုက်တွန်းခဲ့သော်လည်း လျစ်လျူရှုခံခဲ့ ရကြောင်း၊ ထို့ပြင်မဲမသမာမှုများနှင့်ပတ်သက်ပြီး ယခင် UEC နှင့် နိုင်ငံရေးပါတီများအကြား တွေ့ဆုံညှိနှိုင်းဖြေရှင်းပေးရန်၊ ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး ခေါ်ယူဖြေရှင်း ပေးရန်နှင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး ခေါ်ယူပေးရန် အကြိမ်ကြိမ်တိုက်တွန်းခဲ့သော်လည်း တွေ့ဆုံဆွေးနွေးသည့် လမ်းကြောင်းကို ငြင်းပယ်ခဲ့သည့် အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေက တာဝန်ပေးအပ်ထားချက်အရ တပ်မတော်က မလွှဲမရှောင် သာ ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် မိမိတို့တိုင်းရင်းသားများကြားတွင် မကျေလည်မှုများ၊ သံသယများ၊ မယုံကြည်မှုများ၊ စိုးရိမ်မှုများသည် တွေ့ဆုံဆွေးနွေးညှိနှိုင်း အဖြေရှာခြင်းဆိုသည့် ဒီမိုကရေစီ ယဉ်ကျေးမှုကို ကျင့်သုံးခြင်းဖြင့် အမျိုးသားစည်းလုံး ညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်မည်ဆိုခြင်းကို မီးမောင်းထိုးပြလိုခြင်း ဖြစ်ကြောင်း။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်တွင်လည်း NCA ပါ သဘောတူချက်များအတိုင်း ဖြစ်နိုင်သမျှအလေးထား ဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည့် အတွက် ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုသည့်အဆင့်မှအပ ကျန်သည့် အစိတ်အပိုင်း များ ဆောင်ရွက်၍ရပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ မရှိသည့် အတွက်ကြောင့် ဆောင်ရွက်၍မရဟု ထင်မြင်ယူဆနိုင်သော်လည်း ရွေးကောက်ပွဲ ထပ်မံ ကျင်းပပြီးပါက လက်ရှိရှိနေသည့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များကသာ ရွေးကောက်ခံ ကိုယ်စားလှယ်များ ဖြစ်လာမည့်အပြင် အများစုအနိုင်ရ သည့်ပါတီကလည်း အစိုးရဖွဲ့စည်းပြီး တာဝန်ယူဆောင်ရွက်ရမည် ဖြစ်သည့်အတွက် လက်ရှိရှိနေသည့် နိုင်ငံရေးပါတီအစုအဖွဲ့နှင့် အစိုးရ အစုအဖွဲ့တို့ဖြင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း၊ ယင်းသို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားခြင်းအားဖြင့် မိမိတို့ရည်မှန်းထားသည့် ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် ပိုမိုအကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း။ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရာတွင် ဒီမိုကရေစီနှင့် ပတ်သက်၍လည်းကောင်း၊ ဖက်ဒရယ်နှင့်ပတ်သက်၍လည်းကောင်း မည်သို့ပင် အယူအဆအမျိုးမျိုးကွဲပြားနေပါစေ မိမိတို့နိုင်ငံနှင့်သဟဇာတဖြစ်သည့် စနစ်မျိုးကို ရွေးချယ် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဒီမိုကရေစီနှင့်ပတ်သက်ပြီး အများဆန္ဒအတိုင်း ဆောင်ရွက်ရ သလို လူနည်းစုဆန္ဒကိုလည်း အလေးထားရန် လိုအပ်ကြောင်း၊ မိမိဆန္ဒနှင့်မကိုက်ညီပါက ရန်သူလို့သဘောထားပြီး ခွဲခြားဆက်ဆံမှုများ၊ လူမှုဆက်ဆံရေးအရ ပြစ်ဒဏ်ခတ်ပြီး လူ့အသိုင်းအဝိုင်းမှ ဖယ်ကြဉ်ထားခြင်းမျိုးသည် ကျေးပိုင်ကျွန်ပိုင်ခေတ်က လူတန်းစား ခွဲခြား သည့် အတွေးအခေါ်များဖြစ်ပြီး ဒီမိုကရေစီနှင့် လုံးဝကိုက်ညီမှု မရှိသည်ကို တွေ့ရကြောင်း၊ ပုဂ္ဂိုလ်ရေးအရ အလွန်အမင်းကိုးကွယ်မှုသည်လည်း လူ့အဖွဲ့အစည်းအတွင်း ကွဲပြားမှုများကို ဖြစ်ပေါ်စေပြီး အမျိုးသားစည်းလုံးညီညွတ်မှုကို ထိခိုက်စေနိုင်ကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီ နှင့် ဆန့်ကျင်ဘက်ဖြစ်သည့် ပုဂ္ဂိုလ်ရေးကိုးကွယ်မှုနှင့် ခွဲခြားဆက်ဆံမှုများကို မိမိတို့ လူ့အဖွဲ့အစည်းအတွင်း မကျင့်သုံးနိုင် အောင် စဉ်းစားဆောင်ရွက်ရန် လိုအပ်ကြောင်း။ ဖက်ဒရယ်စနစ်နှင့်ပတ်သက်ပြီး မိမိတို့လိုရာကို အဓိပ္ပာယ်အမျိုးမျိုး၊ စံနှုန်းအမျိုးမျိုးဖွင့်ဆိုပြီး ပြောနေကြသော်လည်း အနှစ်သာရအနေဖြင့် ပေါင်းစည်းခြင်းနှင့် သဟဇာတဖြစ်မှုပင် ဖြစ်ကြောင်း၊ ဖက်ဒရယ်သည် မတူကွဲပြားသည့် တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊ လူမျိုးများ၊ လူမျိုးစုများ စုစည်းထားရာမှ အချုပ်အခြာအာဏာဖြစ်သည့် အာဏာ(၃)ရပ်ကို ခွဲဝေကျင့်သုံး ခြင်းပင်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ပြည်ထောင်စု၊ တိုင်းဒေသကြီး၊ ပြည်နယ်အကြား ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အာဏာခွဲဝေဆောင်ရွက်သွားခြင်းဖြင့် တိုင်းဒေသကြီး၊ ပြည်နယ် များသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်တရားစီရင်ခွင့်၊ ကိုယ်ပိုင်ဥပဒေပြဋ္ဌာန်းခွင့်ဟူသည့် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် အခြေခံဥပဒေအရ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိမည်ဖြစ်ပါကြောင်း၊ မိမိတို့ နိုင်ငံ၏ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် လူမျိုးတစ်မျိုးတည်းသာ နေထိုင်သည့် တိုင်းဒေသကြီး၊ ပြည်နယ်ဟူ၍ လုံးဝမရှိကြောင်း၊ လူမျိုး ပေါင်းစုံ ရောယှက်နေထိုင်ကြကြောင်း၊ တိုင်းဒေသကြီးများတွင်လည်း တိုင်းရင်းသားများ ပျံ့နှံ့နေထိုင်နေသည်ကို တွေ့ရမည်ဖြစ် ကြောင်း။ သာဓကအားဖြင့် ၂၀၁၄ ခုနှစ် လူဦးရေစာရင်းအရ ရှမ်းပြည်နယ် တွင်လူဦးရေ ၅၈ သိန်းကျော် ပျံ့နှံ့နေထိုင်လျက်ရှိပြီး လူဦးရေအချိုးတွင် ရှမ်း ၃၅ ဒသမ ၂၃ ရာခိုင်နှုန်း၊ ဗမာ ၁၁ ဒသမ ၄၄ ရာခိုင်နှုန်း၊ ပအိုဝ်း ၈ ဒသမ ၉၄ ရာခိုင်နှုန်း၊ ပလောင် ၇ ဒသမ ၀၆ ရာခိုင်နှုန်း၊ '၀' ၆ ဒသမ ၄၁ ရာခိုင်နှုန်း၊ ဓနု ၄ ဒသမ ၄ ရာခိုင်နှုန်း၊ ကိုးကန့် ၃ ဒသမ ၂၂ ရာခိုင်နှုန်း၊ လားဟူ ၄ ဒသမ ၀၅ ရာခိုင်နှုန်း၊ ဂျိန်းဖော ၂ ဒသမ ၃၅ ရာခိုင်နှုန်းနှင့် ကျန်တိုင်းရင်းသား ၁၆ ဒသမ ၈၄ ရာခိုင်နှုန်း ရောနှော နေထိုင်နေခြင်းကို တွေ့ရကြောင်း၊ အလားတူ ကချင်ပြည်နယ်တွင် ဆိုပါက လူဦးရေ ၁၆ သိန်းကျော်ပျံ့နှံ့နေထိုင်လျက်ရှိပြီး လူဦးရေ အချိုးတွင် ဗမာ ၂၉ ဒသမ ၂ ရာခိုင်နှုန်း၊ ရှမ်း ၂၃ ဒသမ ၆ ရာခိုင်နှုန်း၊ ဂျိမ်းဖော ၁၈ ဒသမ ၉၇ ရာခိုင်နှုန်း၊ လီဆူး ၇ ရာခိုင်နှုန်း၊ ရဝမ် ၅ ဒသမ ၅ ရာခိုင်နှုန်း၊ လောဝေါ် ၃ ဒသမ ၃၃ ရာခိုင်နှုန်း၊ လာချိတ် ၂ ဒသမ ၈၉ ရာခိုင်နှုန်း၊ ဇိုက်ဝါး ၁ ဒသမ ၅၇ ရာခိုင်နှုန်းနှင့် ကျန်တိုင်းရင်းသားများ အနေဖြင့် ၈ ရာခိုင်နှုန်း ရောနှောနေထိုင်နေသည်ကို တွေ့ရကြောင်း၊ ရှမ်းပြည်နယ်ဟုဆိုသော်လည်း ရှမ်းလူမျိုး ၃၅ ရာခိုင်နှုန်းကျော်၊ ကချင် ပြည်နယ်ဟုဆိုသော်လည်း ကချင်လူမျိုး ၃၉ ရာခိုင်နှုန်းသာ ရှိသည့်အတွက် လူမျိုးအလိုက် ပြည်နယ်သတ်မှတ်လိုက်ခြင်းသည် အခြားလူမျိုးများကိုလည်း မိမိတို့ လူမျိုးနာမည်နှင့် ပြည်နယ်တောင်းဆိုမှုများ ဖြစ်ပေါ်လာသည်ကိုလည်း ကြုံတွေ့နေရကြောင်း၊ လူမျိုးတစ်မျိုး တည်းက ပိုင်ဆိုင်ခြင်းမဟုတ်ဘဲ ပြည်နယ်အတွင်းတွင် နေထိုင်သည့် လူမျိုးအားလုံးက ပိုင်ဆိုင် ခြင်းဆိုသည့်လက္ခဏာဆောင်သည့် ဒေသအမည်ကို အစွဲပြုသည့် ပြည်နယ်အမည်ဖြစ်ပေါ်လာ နိုင်ပါက အမျိုးသားစည်းလုံးညီညွတ်ရေးအတွက် ကြီးမားသော အထောက်အပံ့ဖြစ်မည်ဟု မိမိ ယူဆကြောင်း၊ ယင်းနှင့်ပတ်သက်၍လည်း အားလုံးက ဝိုင်းဝန်းစဉ်းစား အဖြေရှာသွားရန် တိုက်တွန်းလိုကြောင်း။ မိမိတို့ယနေ့ငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်နေခြင်းသည် မိမိတို့၏ သားစဉ်မြေးဆက် လူငယ်များအတွက် တည်ငြိမ်သည့် အနာဂတ်နှင့် ဖွံ့ဖြိုးတိုးတက်ပြီး ကမ္ဘာ့အဆင့်မီ နိုင်ငံတစ်ခု ဖြစ်အောင် လက်ဆင့်ကမ်း အမွေပေးနိုင်ရန် အမျိုးသားရေးတာဝန်အဖြစ် ကြိုးပမ်းအကောင် အထည်ဖော် ဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း၊ ကိုယ်ကျိုးစီးပွား အတွက်၊ တစ်ဦးတစ်ယောက် နာမည်ကောင်းရရန်အတွက် ဖော်ဆောင်နေခြင်း မဟုတ်သည်ကို ပြောကြားလိုကြောင်း။ မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်တာဝန် လွှဲပြောင်းရယူခဲ့ပြီးနောက်တွင် လိုအပ်သော တည်ငြိမ်အေးချမ်းမှုများကိုဆောင်ရွက်ပြီး ရွေးကောက်ပွဲ အနိုင်ရရှိသည့်ပါတီကို အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်သည်အထိ ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တာဝန်ယူစဉ် ကာလအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အပါအဝင် နယ်မြေအသီးသီးမှ ဆောင်ရွက်ဆဲ လုပ်ငန်းစဉ်များကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်လွဲချော်နေသည့် လုပ်ငန်းစနစ်များ၊ အမျိုးသားစည်းလုံး ညီညွတ်ရေး နှင့် အမျိုးသားလုံခြုံရေးကိုထိခိုက်စေသည့် လုပ်ငန်းစဉ်များကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေများနှင့်အညီ ပြန်လည်တည့်မတ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ ဆောင်ရွက်ခြင်းသည် တပ်မတော်အနေဖြင့် အမျိုးသားအကျိုးစီးပွားကို ကာကွယ်သည့် အမျိုးသားနိုင်ငံရေးကို ဦးတည်ဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုကော်မတီ တွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်းက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံများ ကျင်းပနိုင်ခဲ့မှုနှင့် သဘောတူစာချုပ်များချုပ်ဆိုနိုင်ခဲ့မှု၊ ငြိမ်းချမ်းရေးဆိုင်ရာ ကော်မတီများ ဖွဲ့စည်းဆောင်ရွက်နိုင်ခဲ့မှု၊ အစိုးရ၊ NCAS-EAO ခေါင်းဆောင်များ သီးသန့်ဆွေးနွေးနိုင်ခဲ့မှုများနှင့် သဘောထားထုတ်ပြန်ချက်များထုတ်ပြန်ခဲ့မှု၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အစည်းအဝေးများ ကျင်းပနိုင်ခဲ့မှု၊ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃) ချုပ်ဆိုနိုင်ခဲ့မှု၊ ၂၀၂၀ အလွန် အဆင့်အလိုက် ရှေ့လုပ်ငန်းစဉ်များနှင့် အဆင့်အလိုက်အကောင်အထည်ဖော်မှု အခြေအနေ၊ လမ်းညွှန်အခြေခံမူ သဘောတူညီချက်များ ဆက်လက်ဆွေးနွေးရန်အချက်များ ကျန်ရှိမှု အခြေအနေ၊ အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆွေးနွေးခဲ့မှု အခြေအနေတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် ဗဟိုကော်မတီဝင်များဖြစ်ကြသည့် Jeng Phang နော်တောင်၊ မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ စောဒန်နီယယ်နှင့် ဦးစိုင်းလုံးဆိုင်တို့က ကချင်ပြည်နယ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များ ပိုမိုအောင်မြင်စေရေးအတွက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ကို တိုးချဲ့ဖွဲ့စည်းပေးရေး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများနှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နိုင်ရေးနှင့် မကြာခဏ တွေ့ဆုံဆွေးနွေးနိုင်ရေး၊ တိုက်ပွဲရှောင်ပြည်သူများ အမိုးအကာ အောက် ပြန်လည်ရောက်ရှိရေး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူထားသည့် ကာလ တွင် တိုင်းရင်းသားအားလုံး NCA တွင်ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး၊ ရခိုင်ပြည်နယ်အတွင်း ယာယီအပစ်အခတ်ရပ်စဲရေးမှ ထာဝရငြိမ်းချမ်းရေးရရှိသည်အထိ ဆက်လက်ဆောင်ရွက်သွား ရေး၊ တိုက်ပွဲရှောင်ပြည်သူများ နေရပ်ပြန်နိုင်ရေး၊ ကောလာဟလသတင်းများနှင့် ပတ်သက်၍ သတင်းအမှန်အား အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်သွားရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ယုံကြည်မှု တည်ဆောက်ရန်၊ ပြည်နယ်အဆင့်ကော်မတီများ ပြန်လည်ဖွဲ့စည်းရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တိုင်းရင်းသားအားလုံး ပါဝင်နိုင်ရေးတို့ကို ဆက်လက်ဆွေးနွေး ကြသည်။ ပြန်လည်ဖွဲ့စည်းသွားမည် ထို့နောက်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော် ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ပြည်နယ်အဆင့် ကော်မတီများကို ပြန်လည်ဖွဲ့စည်း သွားမည် ဖြစ်ကြောင်း၊ တိုက်ပွဲရှောင် စခန်းများမှ ပြည်သူများနေရပ်ပြန်နိုင်ရေးနှင့် နေထိုင်မှု အဆင်ပြေ စေရေးအတွက် အမြန်ဆုံးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် တပ်မတော်အပေါ် သဘောထားအမြင် ကွဲလွဲနေမှုအပေါ် ဆွေးနွေး သွားမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးအတွက် ပုံမှန်လုပ်ငန်း များ သာ ဆောင်ရွက်လျက်ရှိကြောင်း၊ NCA တွင်လက်မှတ်ရေးထိုးရန် ကျန်ရှိနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးအတွက် ကြိုးစား ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ငြိမ်းချမ်းရေး လမ်းကြောင်းအပေါ် လျှောက်လှမ်းရန်လိုအပ်ကြောင်း၊ ဒီမိုကရေစီအခွင့်အရေးကို တိုင်းရင်းသား အားလုံး ခံစားစေလိုကြောင်း။ ညှိနှိုင်းဆောင်ရွက်သွားရန်လို လက်ရှိရောက်ရှိနေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအရ တွေ့ဆုံဆွေးနွေးမှုများကို အပိုင်း(၄)ပိုင်းခွဲပြီး စဉ်ဆက်မပြတ်ညှိနှိုင်း ဆောင်ရွက်နေရန် လိုအပ် ကြောင်း၊ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုများ၊ တရားဝင်ဆွေးနွေးမှုများကိုလည်း လိုအပ်သလို ညှိနှိုင်းဆောင်ရွက်သွားရန်လိုကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာစေရေး အတွက် Bilateral ဆွေးနွေးပွဲများကို သတ်မှတ်ချက်နှင့်အညီ စဉ်ဆက် မပြတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ NCA အရ တရားဝင်အစည်း အဝေးများနှင့် ငြိမ်းချမ်းရေး ညီလာခံ ကျင်းပနိုင်သည်အထိ ညှိနှိုင်းဆောင် ရွက်သွားရန်လိုကြောင်း၊ အမျိုးသားစည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးနှင့်ပတ်သက်ပြီး (က) ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကို အခြေခံ သည့် ပြည်ထောင်စုတည်ဆောက်ရန်၊ (ခ)တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာခြင်းဆိုသည့် ဒီမိုကရေစီယဉ်ကျေးမှုကို ကျင့်သုံးခြင်းဖြင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကို ဖော်ဆောင်ရန်၊ (ဂ) အမျိုးသားစည်းလုံးညီညွတ်ရေးအတွက် လိုအပ်သည့် မဟာဗျူဟာများ ချမှတ်ဆောင်ရွက်ရန်၊ (ဃ) ငြိမ်းချမ်းရေးဖော်ဆောင်မှုနှင့်အတူ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း စီမံချက်များ ချမှတ်ဆောင်ရွက်ရန်နှင့် (င) လူ့အဖွဲ့အစည်း အတွင်းတွင် ကွဲပြားစေမည့် အခြေခံအကြောင်းအရာများကို သုတေသနပြုဖော်ထုတ်ပြီး ကာကွယ်တားဆီးဆောင်ရွက်သွားရန် စသည့်လမ်းညွှန်ချက် (၅) ရပ်ကို ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။ အခါအားလျော်စွာ ကျင်းပသွားမည် လုပ်ငန်းကော်မတီအနေဖြင့် လိုအပ်သည့်အချိန်ဇယားနှင့် မဟာဗျူဟာများကို ချမှတ်ပေးပြီး ညှိနှိုင်းရေးကော်မတီက လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုကြောင်း၊ ဗဟိုကော်မတီ အစည်းအဝေးကို လိုအပ်ချက်အပေါ်မူတည်ပြီး အခါအားလျော်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီသည် ဖွံ့ဖြိုးရေးကိစ္စများ၊ IDP ကိစ္စများ၊ NCA အခန်း (၆) တွင်ပါဝင်သည့် ကြားကာလဆိုင်ရာ ကိစ္စရပ်များကို သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများနှင့် ညှိနှိုင်းပြီး အကောင်အထည်ဖော် ဆောင်ရွက်ကြရန်လိုကြောင်း၊ အသေးစိတ်ဆောင်ရွက်ရမည့် ညှိနှိုင်းမှုများကို ညှိနှိုင်းရေးကော်မတီက ဆက်လက်ဆောင်ရွက်ကြရန် ဖြစ်ကြောင်း၊ ငြိမ်းချမ်း ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် တိုက်ရိုက်အချိုးကျနေသည့်အတွက် ဟန်ချက်ညီ အကောင် အထည်ဖော် ဆောင်ရွက်သွားရန်လိုကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်