Skip to main content

တိုင်းရင်းသားအချင်းချင်း လက်ချင်းဆက်၍

မြန်မာနိုင်ငံ၏ တောတောင်ရေမြေ အလှအပနှင့် ယဉ်ကျေးမှုဓလေ့ထုံးစံများအား တန်ဖိုးထား ထိန်းသိမ်းလာစေရန် တိုင်းရင်းသားများ ရိုးရာအဝတ် အထည်များ၊ ဒေသထွက်ကုန်များကို မြန်မာနိုင်ငံတွင်သာမက အခြားနိုင်ငံများပါ သိရှိပြီး နိုင်ငံတကာဈေးကွက်သို့ တင်ပို့နိုင်ရေးနှင့် ငြိမ်းချမ်းရေးကို အထောက်အကူပြုနိုင်စေရေး ရည်ရွယ်ချက်နှင့် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် "သွေးချင်းတို့ရဲ့ ပွဲတော်" ကို ရန်ကုန်မြို့ ကျိုက္ကဆံကွင်းတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ ကျင်းပနေသည်။ ။

တိုင်းရင်းသားများ၏ ဓလေ့ထုံးစံများနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထားသည့်ပွဲတော် ဖြစ်သော်လည်း တိုင်းရင်းသား စည်းလုံးညီညွတ်မှုနှင့် ချစ်ကြည်ရင်းနှီးမှုကို ပိုမိုတိုးတက်ခိုင်မြဲစေရန် ဖော်ဆောင်ပေးသည့် ပွဲတော်ဖြစ်သည်။ မြန်မာနိုင်ငံရှိ တောင်ပေါ် တိုင်းရင်းသားဒေသများမှာ ဝေးလံခေါင်သီသဖြင့် ဖွံ့ဖြိုးတိုးတက်မှုနှင့် အလှမ်းဝေးရသည့်အထဲ မငြိမ်းချမ်းမှုများနှင့်လည်း ကြုံတွေ့နေရသည်။ မငြိမ်းချမ်း၍ မဖွံ့ဖြိုး၊ မဖွံ့ဖြိုး၍ မငြိမ်းချမ်းမှုတို့သည် အပြန်အလှန် တည်မှီနေသောကြောင့် တိုင်းရင်းသား ဒေသများ ငြိမ်းချမ်းရေးကို တည်ဆောက်စဉ် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဖော်ဆောင်ကြရသည်။

သဘာဝကြီးက လက်ဆောင်ပေးထားသည့် သဘာဝပတ်ဝန်းကျင် အလှအပများ၊ သယံဇာတများ၊ ရိုးရာအဝတ်အထည်များ အပါအဝင် ဒေသထွက်ကုန်များ၊ ဆန်းသစ်တီထွင်ဉာဏ်နှင့် ခေတ်ပေါ်နည်းပညာများကို အခြေပြုပြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသထွက်ကုန်များ အဆင့်မြှင့်တင်ရေး၊ ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ပေါ်လာစေရန် "သွေးချင်းတို့ရဲ့ ပွဲတော်" မှတစ်ဆင့် ဖော်ဆောင်ပေးနိုင်မည်ဖြစ်သည်။ သွေးချင်းတို့ရဲ့ ပွဲတော်ကို ယမန်နှစ်ကစ၍ တိုင်းရင်းသားများ ဒေသအက္ခရာစဉ်အလိုက် အကောင်အထည်ဖော်လျက် ရှိပြီး ယမန်နှစ်ကကချင်၊ ယခုနှစ် ကယားဖြင့် အသီးသီး ဖော်ဆောင်သွားမည် ဖြစ်သည်။

သဘာဝကပေးထားသော တိုင်းရင်းသားဒေသများမှ ယဉ်ကျေးမှု အမွေအနှစ်များမှာ မြတ်နိုးဖွယ်ရာ၊ တန်ဖိုးထားစရာများ ဖြစ်သည်။ သို့သော် လူတို့က ထိုအလှတရားများကို ဖျက်ဆီးခဲ့ကြသဖြင့် အကျည်းတန်အရုပ် ဆိုးသောနေရာများ ဖြစ်ခဲ့ရသည်။ တိုင်းရင်းသားပြည်သူများ ဒုက္ခဆင်းရဲ ရောက်ကြရသည်။ တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်မှုနှင့် အလှမ်းဝေးနေရသည်။ ထို့ကြောင့် သွေးချင်းတို့ရဲ့ ပွဲတော်မှတစ်ဆင့် တိုင်းရင်းသား ဒေသများဖွံ့ဖြိုးရေး၊ ချစ်ကြည်ရေး၊ ငြိမ်းချမ်းရေးကို ဝိုင်းဝန်းလက်တွဲကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်သည်။ ။

မျက်မှောက်အချိန်ကာလတွင် တိုင်းရင်းသားများအားလုံး စည်းလုံး ညီညွတ်မှု၊ ချစ်ကြည်လေးစားမှု၊ ရိုင်းပင်းကူညီမှုများ ပိုမိုလိုအပ်နေသော အချိန်ကာလဖြစ်သည်။ ထို့အပြင် ပြည်ထောင်စုသား တစ်ဦးချင်းစီ၏ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ၊ လုံ့လဝီရိယ၊ ရိုးသားဖြောင့်မတ်မှု စသည့် အရည်အချင်းများ ပိုမိုမြင့်မားခိုင်ကျည်လာအောင် တည်ဆောက်ရမည့် အချိန်အခါဖြစ်သည်။ အဆိုပါစိတ်ဓာတ်များနှင့် အပြုအမူများ မြဲမြံခိုင်မာမှုကို အခြေခံ၍ အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးကို ရယူနိုင်သော သူများဖြစ်အောင် ကြိုးပမ်းအားထုတ်ရမည်ဖြစ်သည်။

အရောင်အသွေးစုံသည့် ပြည်ထောင်စုပန်းခင်းကြီးနှင့် အလားသဏ္ဌာန် တူသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာဝပြောရေးမှာ အထူးလိုအပ်နေသဖြင့် တိုင်းရင်းသားများ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုမှ ဖွံ့ဖြိုးတိုးတက်မှု၊ ငြိမ်းချမ်းမှုတို့ကို စဉ်ဆက်မပြတ် အကောင်အထည်ဖော်ရမည် ဖြစ်သည်။ တစ်မြေတည်းနေ၊ တစ်ရေတည်း သောက်ခဲ့ကြသည့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမအချင်းချင်း တစ်စိတ်တစ်ဝမ်းတည်း အတူယှဉ်တွဲနေထိုင် လုပ်ကိုင်ကြမှ အမှန်တကယ် သွေးရင်းသားရင်းများ ဖြစ်နိုင်ပေမည်။ သွေးရင်းသားရင်း ဤသို့လက်တွဲခိုင်မြဲရင်းဖြင့် ပြည်ထောင်စုကြီး၏ အကျိုးစီးပွားကို ဖော်ဆောင်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ "သွေးချင်းတို့ရဲ့ ပွဲတော်" သည် တိုင်းရင်းသားညီအစ်ကို မောင်နှမအချင်းချင်း ပြန်လည် လက်ချင်းဆက်သည့်ပွဲတော်ဖြစ်ပြီး တိုင်းရင်းသားအချင်းချင်း အတူလက်ချင်းဆက်၍ ဖွံ့ဖြိုး တိုးတက်ခြင်း၊ ငြိမ်းချမ်းခြင်းမှသည် ပြည်ထောင်စုတိုင်းရင်းသားအားလုံး မျှော်မှန်းထားသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ရန် ကြိုးပမ်း အားထုတ်ကြရမည်ဖြစ်သည်။ ။