Skip to main content

မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ကျင်းပနိုင်ရေး အတွက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

လွိုင်ကော်      ဖေဖော်ဝါရီ   ၅

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ သီရိမင်္ဂလာတောင်ကွဲစေတီတော် ပရဝုဏ်အတွင်း၌ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ အခမ်းအနား စည်ကားသိုက်မြိုက် ကျင်းပဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ထမနဲထိုးပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်က မြန်မာ့ရိုးရာထမနဲထိုး ပြိုင်ပွဲအား တပို့တွဲလဆန်း ၁၄ ရက်နေ့ ၊ ဖေဖော်ဝါရီလ ၇ ရက်နေ့  ညနေ ၃ နာရီအချိန်တွင် ကျင်းပပြုလုပ်ရန် လျာထားပြီးဖြစ်ကြောင်း၊ အစိုးရအဖွဲ့၏ ၄ ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲပွဲဖြစ်၍ အောင်မြင်ပျော်ရွှင်စွာ ဆောင်ရွက်စေလိုကြောင်း၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာများက တက်ညီလက်ညီ ပါဝင်ဆောင်ရွက်စေလိုပါကြောင်းဖြင့် ပြောကြားခဲ့သည်။ ဆက်လက်၍ ယခင်နှစ်က ဆောင်ရွက်ခဲ့သည့် ဂုဏ်ပြုဆုချီးမြှင့်ခဲ့မှုများ၊ ဆောင်ရွက်ခဲ့သည့် အစီအမံများ၊ ရန်ပုံငွေသုံးစွဲကုန်ကျမှုများအား ရှင်းလင်းတင်ပြခဲ့ပြီး ဆပ်ကော်မတီများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ လိုအပ်သည်များကို  တင်ပြပေးစေလိုကြောင်းဖြင့် ပြောကြားခဲ့သည်။

ထို့နောက် ထမနဲထိုးပြိုင်ကျင်းပရေးဦးစီးကော်မတီဒုတိယဥက္ကဋ္ဌ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာ အောင်ကျော်ဌေး က မြန်မာ့ရိုးရာထမနဲပွဲတော်သည် (၁၂) လရာသီပွဲတော်များအနက် တစ်ခုအပါအဝင်ဖြစ်ပြီး အစိုးရအဆက်ဆက် ကျင်းပဆောင်ရွက် ခဲ့သည့် မြန်မာ့ရိုးရာယဉ်ကျေးမှု ပွဲတော်အခမ်းအနားတစ်ခုဖြစ်၍ ရပ်ကွက်များနှင့် ဌာနဆိုင်ရာများအားလုံးက ပါဝင်ယှဉ်ပြိုင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်စေလိုပါကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက မြန်မာ့ရိုးရာထမနဲထိုးပွဲအား နောင်လာနောက်သားများအတွက် အမွေကောင်းများပေးနိုင်ရန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအား ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်နှင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအား ကမ္ဘာကသိအောင် ပြနိုင်ရန် ဖြစ်ပါကြောင်း ၊ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲအား ယခုနှစ်တွင် ပထမဆု (၂၀၀၀၀၀)သိန်း၊ ဒုတိယဆု (၁၅၀၀၀၀)သိန်း၊ တတိယဆု(၁၀၀၀၀၀) သိန်းအပြင် ပါဝင်ယှဉ်ပြိုင်ကြသည့် ပြိုင်ပွဲဝင်အသင်းအားလုံးကို တစ်သင်းလျှင် (၅၀၀၀၀) ကျပ် စီ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မိမိတို့  ဆောင်ရွက်မည့် လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍ အသေးစိတ် ရှင်းလင်းဆွေးနွေးတင်ပြခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

အစည်းအဝေးသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြသည်။

ထွန်းလေး