Skip to main content

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင် ပဉ္စမအကြိမ်မြောက် စိုက်ပျိုးရေး ဒီပလိုမာအပ်နှင်းသဘင် အခမ်းအနားသို့ တက်ရောက်

ထားဝယ် ဖေဖော်ဝါရီ ၅

ပဉ္စမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းသဘင် အခမ်းအနားကို ယမန်နေ့ နံနက် ၈နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ စိုက်ပျိုးရေးသိပ္ပံ (ထားဝယ်) ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြင့်မောင်က အဖွင့်အမှာစကားပြောကြားရာ၌ စိုက်ပျိုးရေးသိပ္ပံကို (၁၅.၁၁.၂၀၁၂) တွင် ဖွင့်လှစ်ခဲ့ပြီး အလယ်၊ အလတ် စိုက်ပျိုးရေးပညာရှင်များကို မွေးထုတ်ပေးလျက်ရှိပြီး ဒီပလိုမာစိုက်ပျိုးရေး လက်မှတ်ရဦးရေ ၃၀၇ ဦး ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်းနေထိုင်ကြသော လူဦးရေ ၁၄ သိန်းကျော် စားသုံးရန် ဆန်လုံလောက်မှု ရှိရေးနှင့် ဖူလုံမှုရှိရေးသည် အဓိကလိုအပ်ချက်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း စပါးအထွက်နှုန်းမြင့်မားရေးအတွက် စိုက်ပျိုးရေး ဆန္ဒရှိသူနည်းပါးပြီး အခြားဝင်ငွေရရှိသော လုပ်ငန်းများကို လူငယ်များလုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသော တောင်သူများကို နည်းပညာပေးခြင်းနှင့် အခြားသီးနှံဖြစ်သော ရော်ဘာ၊ ဆီအုန်း၊ မြေပဲ၊ နှမ်း စသော ရာသီပေါ်သီးနှံများကို အထွက်နှုန်းမြင့်မားစေရေး၊ တိုင်းဒေသကြီး GDP တိုးတက်မှုနှင့် လူတစ်ဦးချင်း၏ ဝင်ငွေမြင့်မားလာစေရေး အလယ်၊ အလတ် စိုက်ပျိုးရေးပညာရှင်များ၏ အထောက်အကူဖြင့် လူမှုဘဝအဆင့်အတန်း မြင့်မားတိုးတက် လာရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းချပြရန် လိုကြောင်းပြောကြားသည်။

ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးအစားအစာနှင့်အာဟာရ ပါမောက္ခဒေါက်တာခင်မာချိုက လမ်းညွှန်အမှာစကား ပြောကြားပြီး စိုက်ပျိုးရေးသိပ္ပံ(ထားဝယ်) ကျောင်းအုပ်ကြီး ဒေါ်လှလှဝင်းက စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် တာဝန်ရှိသူများက လယ်ယာသီးနှံစိုက်ပျိုးရေးပညာ၊ ဥယျာဉ်ခြံသီးနှံ စိုက်ပျိုးရေးပညာ၊ တိရစ္ဆာန်မွေးမြူရေးပညာ၊ စိုက်ပျိုးရေးဓာတုဗေဒပညာ၊ စိုက်ပျိုးရေးတိုးချဲ့ပညာ ပေးရေးပညာ၊ လယ်ယာစက်မှုလက်မှုပညာ၊ အပင်ကာကွယ်ရေးပညာ၊ လယ်ယာ စာရင်းအင်းနှင့် စီမံခန့်ခွဲရေးပညာရပ်များတွင်ဆုရရှိသူ(၉၆)ဦးအား ဒီပလိုမာအပ်နှင်းခဲ့ကြောင်း သိရှိရသည်။

 

 ထားဝယ် (ပြန်/ဆက်)