Skip to main content

သွေးချင်းတို့ရဲ့ ပွဲတော်ဆီမှ တိုင်းရင်းသားသွေးချင်းတို့၏ ရိုးရာယဉ်ကျေးမှုပြခန်းများ(၄)

ရန်ကုန်မြို့ ကျိုက္ကဆံကွင်းအတွင်း ကျင်းပနေသည့် သွေးချင်းတို့ရဲ့ ပွဲတော်ဆီပွဲတော်တွင် “အောင်အနုပညာလုပ်ငန်း” မှ ဖန်တီးပြသထားသည့် မြန်မာ့အနုပညာလက်ရာပစ္စည်းများ၊ မြန်မာတို့ လေးစားဂုဏ်ယူရသည့် သူရဲကောင်းများ၏ မြင်းစီးရုပ်တုများကို ကြည့်ရှုဖြတ်ကျော်ပြီးသည်နှင့် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားများ၏ ယဉ်ကျေးမှုပြခန်းများ၊ ရိုးရာစားသောက်ဆိုင်များ၊ အမှတ်တရ ပစ္စည်းအရောင်းဆိုင်များ ခင်းကျင်းပြသထားမှုမှာ တိုင်းရင်းသား ကမ္ဘာကြီးထဲသို့ ရောက်ရှိလည်ပတ်ရသလို စိတ်ခံစားမှုကို ရရှိစေမည်ဖြစ်သည်။

ထိုကဲ့သို့ အပြင်အဆင်လှပမှု၊ ရိုးရာအစားအစာများ ၏ ထူးခြားကောင်းမွန်သော အရသာ၊ တိုင်းရင်းသား ယဉ်ကျေးမှုပြခန်းများ၏ ထူးခြားသော အပြင်အဆင် ဆွဲဆောင်မှုများကြောင့် ပွဲတော်ကျင်းပသည့် ရက်များအတွင်း လာရောက်လည်ပတ်သူများ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြား စည်ကားလျက်ရှိသည်။

မွန်တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုပြခန်း

မွန်တိုင်းရင်းသားလုပ်ငန်းရှင်များ အသင်း၏ မွန်တိုင်းရင်းသားတို့ ရိုးရာယဉ်ကျေးမှုပြခန်းကို အဝေးက လှမ်းမြင်ကြည့်မည်ဆိုပါက အနီရောင်အောက်ခံပေါ်တွင် ရွှေဝါရောင် ဟင်္သာငှက်ရုပ်ကို အထင်းသား လှမ်းမြင် ရမည်ဖြစ်သည်။

“မွန်တွေရဲ့ အလံတွေမှာ ဟင်္သာ သုံးပါတယ်။ ဟင်္သာ သုံးရတဲ့ ရည်ရွယ်ချက်က ကျွန်တော်တို့ မွန်ဒေသ ဟံသာဝတီကို စတည်ထောင်တယ်လို့ အထိမ်းအမှတ်ပါ။ အဲဒါကြောင့် ဟင်္သာကို ယူထားပါတယ်။ အဲဒါကို သိစေချင်လို့ ဟင်္သာရုပ်ကို ရှေ့မှာ ပြထားတာဖြစ်ပါတယ်”ဟု ပြခန်းဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး မင်းဗညားဦးက ပြောသည်။

မွန်ယဉ်ကျေးမှုပြခန်းငယ်

မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ(ရန်ကုန်)၏ မွန်ယဉ်ကျေးမှုပြခန်းတွင် ရှေးခေတ် မွန်ပြည်နယ် ဘီးလင်းမြို့နယ် ၊ ဇုတ်သုတ်( ကျိုက်ထီးစောင်း) ရှိ အေဒီ ၆ ရာစုက ဆင်တပ်မြင်းတပ် ဂဝံကျောက်တံတိုင်း၊ ဂဝံ လက်ရာ မီးဖုတ်ရုပ်များကို နံရံပေါ်တွင် ရှင်းလင်းဖော်ပြ ထားချက်များနှင့် ပြည်ရွှေစံတော်ဘုရား မွန်ကျောက်စာ၊ နရိုင်းဂူမွန်ကျောက်စာ၊ ကျိုက်ဇြငံဘုရားမွန်ကျောက်စာ တိုင်များကိုလည်း ဗဟုသုတဖြစ်ဖွယ် တွေ့ရမည်ဖြစ်သည်။

“အရင်တုန်းက ဂဝံလက်ရာတွေ သုံးတယ်။ ဂဝံ လက်ရာတွေကနေ တဖြည်းဖြည်း ယဉ်ကျေးသိမ်မွေ့ လာတဲ့အခါကျတော့ လူတွေက မီးဖုတ်လက်ရာသုံးလာတာ တွေ့ရတယ်။ နောက်ပိုင်းတော့ ဆေးရေးပန်းချီတွေပေါ့။ ဒါကတော့ သမိုင်းရဲ့ဖြစ်ပေါ်လာပုံ အဆင့်ဆင့်ကို သက်သေသာဓက ကျောက်စာတိုင်တွေနဲ့ ပြသထား တာဖြစ်ပါတယ်”ဟု ပြခန်းဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး မင်းဗညားဦးက ပြောသည်။

မွန်တိုင်းရင်းသားရိုးရာယဉ်ကျေးမှုပြခန်း၌ ပြသ ထားသည့် ပြကွက်တစ်ခုချင်းစီကလည်း မွန်တို့၏ သမိုင်း၊ ယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်မှုတို့သာမက စိတ်ဝင်စား ဖွယ် နောက်ခံအကြောင်းအရာများ အများအပြား ရှိနေပြန်သည်။

မွန်ဘုရင်မကြီး ရှင်စောပုနှင့် စာမ္မာဒေဝီ ဘုရင်မ

မွန်ဘုရင်မကြီးရှင်စောပုနှင့် ဘုရင်မကြီး စာမ္မာဒေဝီ တို့၏ ရုပ်တုများကလည်း ပြခန်းအတွင်း ကျက်သရေ မင်္ဂလာရှိစွာဖြင့် တင့်တယ်စွာ နေရာယူလျက်ရှိသည်။

“ဒီမွန်ဘုရင်မ ရှင်စောပုရဲ့ ဝတ်စုံတွေ မကိုဋ်တွေ အားလုံးက အင်္ဂလန်မှာရှိတဲ့ မကိုဋ်ကို ပုံတူယူပြီး ပြသ ထားတာဖြစ်ပါတယ်။ ဒီဘက်က စာမ္မာဒေဝီကတော့ ထိုင်းနိုင်ငံမှာရှိတဲ့ ကျောက်ရုပ်ကို ဒီဇိုင်းပြန်ယူထားတာပါ။ တကယ်က စာမ္မာဒေဝီ နန်းစိုက်ခဲ့တဲ့မြို့က အခုဆို ထိုင်းအပိုင်ထဲမှာ ဖြစ်နေပါပြီ”ဟု ပြခန်းဖြစ်မြောက်ရေး ကော်မတီအတွင်းရေးမှူး မင်းဗညားဦးက ပြောသည်။

ထို့ပြင် မွန်လူမျိုးတို့ ဟင်္သာယိမ်းကရာတွင် ဟင်္သာ အဖိုနှင့်အမ ဝတ်ဆင်သည့် ဟင်္သာမောင်နှံဝတ်စုံ၊ မွန်တို့၏ အနုပညာလက်ရာကို ဖော်ပြနေသည့် ရှေးလက်ရာ မှန်တင်ခုံနှင့်အတူ မွန်အမျိုးသားနေ့နှင့် နိုင်ငံတော် အခမ်းအနားများတွင်သာ ဝတ်ဆင်သည့် မွန်လူမျိုးတို့၏ အမျိုးသားဝတ်စုံဖြစ်သည့် အနီနှင့် အဖြူရောင် ရိုးရာဝတ်စုံများ၊ ခေတ်နှင့်အညီ တီထွင်ဆန်းသစ် ချုပ်လုပ်ထားသည့် မွန်အမျိုးသမီးဝတ်စုံ တို့ကိုပါ တစ်နေရာတည်း သိရှိလေ့လာခွင့်ရမည်ဖြစ်သည်။

ခမောက်(ခ) ဂဒူး

ပြခန်းအတွင်း နေရာအနှံ့ချိတ်ဆွဲထားသည့် ဓနိဖြင့် ရက်လုပ်ထားသော မြန်မာအခေါ် ခမောက်၊ မွန်အခေါ် ဂဒူး ဟုခေါ်သည့် အဆောင်းများကလည်း လာရောက် လေ့လာသူများအတွက် အမြင်တစ်မျိုး ဆန်းသစ်လို့နေ သည်။ ဂဒူး ဟုအမည်ခေါ်တွင်ခဲ့ပုံမှာလည်း စိတ်ဝင်စား စရာပင်။

“မွန်မှာ ဂဒူးက အတော်ကို ရာဇဝင်ကြီးပါတယ်။ မွန်ရာဇဝင်မှာ မဂဒူးမင်း မဖြစ်ခင်မှာ ကလေးဘဝတုန်းက သူ့ကို ဒီအုပ်ဆောင်းလေးနဲ့ သိပ်ထားတာ။ ကျီးကန်းတွေက လာနှောင့်ယှက်တဲ့ အခါကျတော့ ဂဒူးက အသက်ဝင်ပြီး ကျီးကန်းကို လိုက်မောင်းခဲ့လို့ အဲဒီလိုဖြစ်ခဲ့တာကြောင့် သူ့ကို မဂဒူးဆိုပြီး နာမည်ပေးခဲ့တယ်။ မဂဒူး ဘုရင်ကနေပြီးမှ ဝါရီရူးဆိုတဲ့ ဘုရင်ဖြစ်ခဲ့တယ်။ မဂဒူးမင်း ရဲ့ အထိမ်းအမှတ်အနေနဲ့ ဒီဂဒူးလေးတွေကို ပြခန်း အတွင်းမှာရော အပေါ်မှာပါ ချိတ်ဆွဲပြီး ပြသထားတာ ဖြစ်ပါတယ်” ဟု မင်းဗညားဦးက ရှင်းပြသည်။

မွန်ရိုးရာ တူရိယာများ

မွန်တိုင်းရင်းသားများတွင် အခြားသောတိုင်းရင်းသား များနည်းတူ ကိုယ်ပိုင်ဂီတ အနုပညာ ထူးခြားသည့် တူရိယာများရှိရာ ယခုပြသလျက်ရှိသည့် ပြခန်း၌ ထိုင်းနိုင်ငံတွင် ယခုလက်ရှိတိုင် တီးခတ်နေဆဲ မွန်လူမျိုး တို့၏ လခြမ်းတူရိယာ၊ တီးခတ်ရာတွင် ဆင်စွယ်ကဲ့သို့ ချွန်ထက်သည့် အရာနှင့်သာ တီးခတ်ရသည့် ကြိုးသုံးချောင်းပါ မိကျောင်းကြိုးတပ်တူရိယာ၊ မွန်လူမျိုးတို့၏ မူရင်း တူရိယာဖြစ်သည့် ပတ္တလား စသည့် တူရိယာပစ္စည်းများကို ပြခန်းအလယ်တွင် ဆောက်လုပ်ထားသည့် စင်မြင့်ထက် တွင် တွေ့မြင်ရမည်ဖြစ်သည်။

မိကျောင်းကြိုးတပ်တူရိယာ

“မိကျောင်းကြိုးတပ်တူရိယာက သူ့ရဲ့ အသံက နွေခေါင်ခေါင်မှာ ကျောက်စရစ်တွေ လွင့်မျောတဲ့ အသံပေါ့။ သူက ဒီလို အသံမျိုးထွက်ပါတယ်။ အဓိကက မိန်းမပျို လေးတွေ တီးခတ်ပါတယ်။ တီးခတ်ရင်းနဲ့ ကပြဖျော်ဖြေ သွားတာပါပဲ။ အရင်တုန်းက ပျူအဖွဲ့နဲ့အတူ တရုတ်ပြည်ကို သွားတဲ့ မှတ်တမ်းတွေမှာ အခုထိ ရှိနေပါသေးတယ်'' ဟု မင်းဗညားဦးက ပြောသည်။

မွန်တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပြခန်းသို့ လာရောက်လည်ပတ်သူများအား အဆိုပါ တူရိယာ ပစ္စည်းများဖြင့် ညနေ ၄ နာရီမှ ည ၁၀ နာရီအတွင်း မွန်တူရိယာ ပညာရှင်များ၊ အဆိုပညာရှင်များ၊ အကပညာရှင်များက ရိုးရာတေးသီချင်းများ၊ အကများဖြင့် သီဆို တီးမှုတ်ကပြဖျော်ဖြေပေးလျက် ရှိသည်။

“ကျွန်တော်တို့ တူရိယာတွေ ဘယ်လောက်ထိ နူးညံ့တယ်၊ သေသပ်တယ်၊ ခမ်းနားတယ်ဆိုတာ တစ်ချိန် တုန်းက နန်းတွင်းမှာ ဖျော်ဖြေခဲ့တယ်ဆိုတာကို လာရောက် ကြည့်ရှုသူတွေ သိစေချင်လို့ပါ” ဟု မင်းဗညားဦးက ပြောသည်။

သင်္ကြန်ထမင်း၊ ရေစိမ်မုန့်ဟင်းခါး၊ ငါးပေါင်းထုပ် စသည့် မွန်ရိုးရာအစားအစာများ၊ မွန်ပြည်နယ် ဘီလူးကျွန်း၊ ချောင်းဆုံမြို့နယ်၏ ထုတ်ကုန်ဖြစ်သည့် ကျောက်သင်ပုန်း အရောင်းဆိုင်များ၊ မွန်ပြည်နယ်၏ အဓိကထုတ်ကုန် ဖြစ်သည့် ‌ရော်ဘာထုတ်ကုန်အဆင့်ဆင့်၊ အုန်းဆန်ခွံနှင့် ရော်ဘာရောပြီး ပြုလုပ်ထားသည့် ထိုင်ခုံများ၊ ပဲခူးတိုင်း တိုင်းရင်းသားလုပ်ငန်းရှင်များ၏ ပန်းပု၊ ပန်းပွတ်လုပ်ငန်းများကိုလည်း ပြသထားသည်။

“ဒီပြခန်းက အခက်အခဲပေါင်းမြောက်မြားစွာထဲကနေ စုံစုံလင်လင်ဖော်ပြထားပါတယ်။ ပြည်သူတွေ လာရောက် ကြည့်စေချင်လို့ စေတနာတွေ ၊ အချိန်တွေ၊ ငွေကြေးတွေ အကုန်အကျခံပြီး ကျွန်တော်တို့ ပြသထားတာဖြစ်ပါ တယ်။ ကျွန်တော်တို့ယဉ်ကျေးမှုတွေကို သိသိ၊ မသိသိ လာရောက်လေ့လာကြပါလို့ ဖိတ်ခေါ်ပါတယ်” ဟု မင်းဗညားဦးက ပြောသည်။

‘၀’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ယဉ်ကျေးမှုပြခန်း

ယဉ်ကျေးမှုပြခန်းအဝင်၀ နဖူးစည်းတွင် ကျွဲချို တပ်ဆင်ထားပြီး အောက်ဘက် ခွနှစ်ခုပါ နတ်စင်တိုင်ဟု ခေါ်သည့်တိုင်တွင် ကျွဲချိုများ၊ ‌ချေသားရေနှင့် ပြုလုပ်ထား သည့် မိုးကာများ ချိတ်ဆွဲပြသထားသည့် ‘၀’ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ယဉ်ကျေးမှုပြခန်းကလည်း လာရောက်လည်ပတ်သူတို့အတွက် စိတ်ဝင်စားဖွယ်ပင် ဖြစ်သည်။

“ရွာတွေမှာဆို နတ်စင်ကုန်းပေါ့။ နတ်စင်တိုင်မှာ ကျွဲချိုကို ချိတ်ထားတယ်။ တစ်နေရာနဲ့တစ်နေရာ စစ်တိုက်လို့ အောင်တာတို့၊ ကောက်သစ်စားပွဲလုပ်တာ တို့၊ နှစ်သစ်ကူးလုပ်တာတို့ဆို ကျွန်တော်တို့က ကျွဲကို သတ်ပြီး နတ်စင်ကုန်းမှာ ပျော်ပျော်ပါးပါးနဲ့ ချက်ပြုတ် စားသောက်တယ်။ ပြီးတော့မှ နတ်စင်တိုင်လေးပေါ်မှာ ချိတ်ထားတာ၊ အဲဒါကို အဝင်မုခ်ဦးမှာ ချိတ်ပြထားတာပါ”ဟု ‘၀’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ယဉ်ကျေးမှု ပြခန်းတာဝန်ခံ ဦးဂျစ်ဆိန်းက ရှင်းပြသည်။

တီးခတ်သည့် အသံကိုလိုက်၍ အကြောင်းအရာကို ခွဲခြား သိရသည့် စည်ကြီးနှစ်လုံး

တစ်ဆက်တည်းမှာပင် တီးခတ်သည့် အသံကိုလိုက်၍ အကြောင်းအရာကို ခွဲခြားသိရသည့် သစ်သားဖြင့် ပြုလုပ်ထားသည့် စည်ကြီးနှစ်လုံးကို မြင်ရမည်ဖြစ်ပြီး အဆိုပါ စည်ကြီးနှစ်လုံးကို ရန်သူအချက်ပေးရာတွင် လည်းကောင်း၊ မီးရေးထင်းရေး အရေးပေါ်ကိစ္စများတွင် လည်းကောင်း၊ ဆွေးနွေးတိုင်ပင်ရန် လိုအပ်သည့်အခါတွင် လည်းကောင်း တီးခတ်လေ့ရှိကြောင်း သိရသည်။

“ဘေးကနှစ်ခုက သစ်သားဗုံပေါ့။ အဖိုနဲ့ အမရှိတယ်။ ရွာတစ်ရွာမှာ နတ်စင် ကုန်းရှိမယ်။ အဲဒီဗုံကို ထားရတယ်။ တီးတဲ့လူက တီးပုံတီးနည်းကွာတယ်။ အသံကြားလိုက်ရင် ဒါက အစည်းအဝေးခေါ်တာ၊ ဒါကတော့ ရန်သူလာပြီ၊ အပြင်မှာရှိတဲ့ လက်နက်တွေစွဲ ကာကွယ်မယ်၊ အဲဒီလိုမျိုး၊ နောက် မီးလောင်တယ်ဆိုလည်း ထွက်ထွက် မီးဝိုင်းသတ်ရအောင်ဆိုပြီး တီးပုံတီးနည်းအသံကတော့ မတူပါဘူး”ဟု ဦးဂျစ်ဆိန်းက ပြောသည်။

လူနေမှုပုံစံကို တွေ့မြင်ရမည့် ရိုးရာအိမ်

တောင်ပေါ်ဒေသများတွင် အများဆုံးနေထိုင်သည့် ‘၀’လူမျိုးတို့နေထိုင်ရာ ချစ်စဖွယ်အိမ်ကလေးကို ပြခန်းအတွင်း ဆောက်လုပ်ပြသထားပြီး အိမ်ကလေး အတွင်း တက်ရောက်လေ့လာမည်ဆိုပါက ‘၀’ လူမျိုး များသည် တောင်ပေါ်ဒေသတွင် အနေများသည့်အတွက် ကြောင့် မိသားစုမီးဖိုကို အိမ်အလယ်မှာထားကာ မီးလှုံရင်း၊ ချက်ပြုတ်စားသောက်သည့် အလေ့အထရှိ သည့်အတွက် ၂၄ နာရီ မီးမွှေးထားသည့် မီးဖိုနှင့်အတူ အမဲခြောက်၊ ငရုတ်သီးခြောက်များ၊ စိုက်ပျိုးမျိုးစေ့များ တင်ထားသည့် ကျပ်ခိုးစင်တစ်ခုကိုပါ မြင်တွေ့ရမည် ဖြစ်သည်။ ထို့ပြင် ရှေးအခါက မီးခြစ်မရှိသည့်အတွက် မီးရရှိရန် လုပ်ဆောင်ရသည့် အရာများကိုပါ ဗဟုသုတ ဖြစ်ဖွယ် ပြသထားသည်။

အိမ်ကလေးတွင် ကွပ်ပျစ်တစ်ခုကိုပါ ထည့်သွင်း တည်ဆောက်ထားပြီး လသာသောညများတွင် ‘၀’ အမျိုးသမီးများက ထိုကွပ်ပျစ်ပေါ်တွင် ပြုလုပ်လေ့ ရှိသည့် ရက်ကန်းရက်ခြင်း၊ ချည်ငင်ခြင်းနှင့် ကွပ်ပျစ် ဘေးတွင် မောင်းထောင်းခြင်းပုံစံများကို ထည့်သွင်းပြသ ထားသည်။

“ဟိုခေတ်တုန်းက ‘၀’ တွေက ပင်ပန်းဆင်းရဲ တယ်လေ။ နေ့လယ်မှာ တောင်ယာတစ်နေကုန်သွား တယ်။ ညပြန်လာတော့မှ အိမ်မှုကိစ္စလေးတွေ လုပ်ရတာ၊ အဲဒီမှာပဲ အရှေ့က လသာဆောင်မှာပဲ လုပ်ကြတယ်”ဟု ဦးဂျစ်ဆိန်းက ရှင်းပြသည်။

ထို့ပြင် အိမ်ဘေးတွင်ကြက်ခြင်းများ၊ သစ်လုံးကို ထွင်းထားသည့် ပျားအိမ်သစ်ခေါင်း၊ ရေသယ်ရာတွင် အသုံးပြုသည့် ဘူးသီးခြောက်ရေဘူးများ၊ ကလေးငယ်တို့ ဆော့ကစားသည့်ကစားစရာများ၊ မိုးရာသီ လမ်းပန်း ဆက်သွယ်ရေးခက်သည့်အတွက် တစ်နေရာမှ တစ်နေရာ သို့ သွားလာရာတွင် အသုံးပြုရသည့် ကုလားမခြေထောက်နှင့်အတူ အိမ်အောက်တွင် တိရစ္ဆာန်မွေးမြူထားရှိမှုများကိုပါ ခင်းကျင်း ပြသထားသည့်အပြင် ခြံဝင်းအတွင်း တောင်ပေါ်ဒေသများတွင် အများဆုံးနေထိုင်သည့် ရှေးခေတ် ‘၀’ လူမျိုးတို့နေထိုင်ရာ ‘၀’ အိမ်ငယ်လေး များကိုပါ ပုံစံငယ်လေးဖြင့် ပြသထားရာ ‘၀’ လူမျိုးတို့၏ လူနေမှုပုံစံကို သဘာဝကျကျ မြင်တွေ့ရမည်ဖြစ်သည်။

ခြံဝင်းအတွင်း ရှေးခေတ် ‘၀’ လူမျိုးတို့ အသုံးပြု ခဲ့သည့် သစ်သားထမင်းပေါင်းအိုး၊ ဝါးနှီးဖြင့် ပြုလုပ် ထားသည့် ထမင်းစားပွဲ၊ နှစ် ၁၀၀ သက်တမ်းရှိ စဉ်းတီ တုံး ဝန်တင်ပစ္စည်း၊ ငရုတ်ဆုံ၊ ‘၀’ ပြည်နယ် လုံထန် ဒေသထွက် ရိုးရာဆန်ကော၊ ဆန်ခါ၊ မောင်းထောင် ကျည်ပွေ့၊ ချိန်ခွင်၊ အဖိုး (၅) ဆက်တို့ထံမှ ဆက်ခံအသုံး ပြုလာခဲ့သည့် ရေနွေးကရားအိုး၊ စသည့် အသုံးအဆောင် ပစ္စည်းများကိုပါ ခင်းကျင်းပြသထားသည်။

နှစ် ၁၀၀ သက်တမ်းရှိ စဉ်းတီတုံး

“အသုံးအဆောင်က ရှေးခေတ်ကသုံးခဲ့တဲ့ ပစ္စည်း တွေ တော်တော်များတယ်။ စဉ်းတီတုံးတောင်မှ နှစ် ၁၀၀ ကျော်တဲ့ စဉ်းတီတုံးပါတယ်။ အဲဒီစဉ်းတီတုံးက ဆုံပါ ထောင်းလို့ရတယ်။ အပေါ်မှာ ချင်း၊ ကြက်သွန်ဖြူ တွေ လှီးမယ်၊ အသားတွေ လှီးမယ်၊ အထဲကို တစ်ခါ တည်းထည့်ပြီး ထောင်းမယ်။ စဉ်းတီတုံးနဲ့ ငရုတ်ဆုံပါ တွဲလျက်ပါတယ်”ဟု ပြခန်းတာဝန်ခံ ဦးဂျစ်ဆိန်းက ရှင်းပြသည်။

လယ်ယာသုံးနှင့်အမဲလိုက်ရာတွင်သုံးသည့်ပစ္စည်းများ

ထို့ပြင် ပြခန်းအတွင်း လယ်ယာလုပ်ငန်းနှင့် အမဲ လိုက်ရာတွင် အသုံးပြုသည့် ထယ်၊ ထယ်ဆွဲကြိုးနှင့် ကိရိယာ၊ စပါးရိုက်တံ၊ နွားခလောက်၊ ဆောက်၊ နွားလား ဝန်တင်ကိရိယာ၊ နွားသားရေကြိုး၊ ပေါက်ဆိန်၊ သစ်သား ပြည်တောင်း၊ လက်ရက်ဝါးနှီး ထမင်းဘူး၊ တောင်ယာ သွားရာတွင် အသုံးပြုသည့် ဝါးဖြင့် ပြုလုပ်ထားသည့် ရေဘူးရှည်၊ စပါး၊ မျိုးစေ့၊ ဆန်တို့ကို သိုလှောင်ထားသည့် ဝါးဘူးရှည်၊ ဒူးလေးတို့ကိုလည်း အမျိုးအစားစုံလင်စွာ ပြသထားသည်။

တူရိယာပစ္စည်းများ

ဝါးပလွေ၊ မောင်း၊ ဗုံ၊ ဂစ်တာ၊ ဘူးပလွေ၊ ဝါးလက်ခုပ် စသည့် ‘၀’ လူမျိုးတို့၏ တူရိယာပစ္စည်းများကိုလည်း မြင်တွေ့ရမည်ဖြစ်သည့်အပြင် လက်ဖက်ခြောက်၊ လိမ္မော်သီး စသည့် ‘၀’ ဒေသထွက်ကုန်များ၊ ‘၀’ လူမျိုး တို့၏ သမိုင်းကြောင်းများ၊ အထင်ကရနေရာများ၊ ထင်ရှားကျော်ကြားခဲ့သည့် စော်ဘွားများ၊ သဘာဝရှုခင်း များ၊ တောင်ယာစိုက်ပျိုးနေပုံများ၊ ရိုးရာဝတ်စားဆင်ယင် မှုများ၊ စာအုပ်၊ စာပေမှတ်တမ်းများကိုပါ ဗဟုသုတ ဖြစ်ဖွယ် မြင်တွေ့ရမည်။

“သွေးချင်းတို့ရဲ့ ပွဲတော်မှာ ၁ ရက်ကနေ ၇ ရက် အထိ လုပ်တဲ့အခါမှာ ‘၀’ တွေရဲ့ အစားအသောက်၊ အနေအထိုင်၊ အဝတ်အစားတွေကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံမှာ ‘၀’တွေ ဘယ်လိုနေထိုင်တယ်ဆိုတာ မျက်ဝါးထင်ထင် မြင်တွေ့ရမှာ ဖြစ်ပါတယ်” ဟု ဦးဂျစ်ဆိန်း က ပြောသည်။

တအာင်း(ပလောင်) ရိုးရာယဉ်ကျေးမှုပြခန်း

တအာင်း(ပလောင်) ရိုးရာယဉ်ကျေးမှု ပြခန်းတွင် ဝါးဖြင့် ဆောက်လုပ်ကာ သက်ငယ်ဖြင့် ခမောက် ပုံသဏ္ဌာန် မိုးထားသော အိမ်ရှေ့တွင် လက်ဖက်ခြောက် လှမ်းရန် ပြုလုပ်ထားသည့် ဝရန်တာပါ တအာင်း (ပလောင်) လူမျိုးတို့ နေထိုင်ရာ ရိုးရာအိမ်ကို ကြည့်ရှု လေ့လာခွင့်ရမည် ဖြစ်သည်။

“ကျွန်တော်တို့ဆီမှာက တောင်ပေါ်ဒေသဆိုတော့ ဓနိမရှိဘူး။ သက်ငယ်မိုး၊ ဝါးထရံကာ၊ ရှေ့မှာ ဝရန်တာ ထုတ်ထားတယ်။ အိမ်တိုင်းမှာက တစ်နိုင်တစ်ပိုင် လက်ဖက်လုပ်တော့ လက်ဖက်ခြောက်တို့ ဘာတို့ လှန်းဖို့ ပါ” ဟု တအာင်း (ပလောင်) ပြခန်းမှ မိုင်းအိုက်ကို က ပြောသည်။

ခေတ်အဆက်ဆက် ပုဂ္ဂိုလ် ၁၈ ဦး၏ ဓာတ်ပုံများ

အိမ်ပေါ်သို့ လှမ်းတက်လိုက်သည်နှင့် အိမ်၏ မျက်နှာစာတွင် ပလောင်လူမျိုးများအတွက် စာပေကို ပြုစုခဲ့သည့် အင်္ဂလိပ်၊ ယွန်း၊ မြန်မာဘာသာတို့ ရေးထိုး ထားသည့် ခေတ်အဆက်ဆက် ပုဂ္ဂိုလ် ၁၈ ဦး၏ ဓာတ်ပုံ များကို ချိတ်ဆွဲ ပြသထားသည်။

“ဒီကြားထဲမှာ ရှေ့မီနောက်မီ အသက်ရှင်တဲ့သူတွေ လည်းရှိတယ်။ ဓာတ်ပုံအားလုံးပေါင်းက ၁၈ ပုံ၊ ပလောင် မှန်ရင် နေနဲ့ နဂါးက ဆင်းသက်လာတာကို ယုံကြည်ကြ တာပေါ့။ ဒါ့ကြောင့် ဓာတ်ပုံအားလုံးရဲ့ အလယ်မှာ နေနဂါး ဓာတ်ပုံကို ချိတ်ဆွဲထားတာပါ”ဟု မိုင်းအိုက်ကို က ပြောသည်။

ပြခန်းရိုးရာ အိမ်ရှေ့အဝင်တွင် တအာင်းရိုးရာဝတ်စုံ ရက်လုပ်နေမှုနှင့်အတူ တအာင်းလှပျိူဖြူလေးများက ရိုးရာဝတ်စုံအမျိုးမျိုး ဝတ်ဆင်ကာ ဧည့်သည်များကို နွေးထွေးပျူဌာစွာ ကြိုဆိုနေပြန်ရာ အမှတ်တရ လက်ဆောင်ဝယ်ယူသူများ၊ ဓာတ်ပုံရိုက်ကူးသူများဖြင့် စည်ကားနေသည်။

လက်ဖက် စိုက်ပျိုးထုတ်လုပ်ရာတွင် အသုံးပြုသည့်

ပစ္စည်းများ

အိမ်ခန်း၏ အလယ်တွင် ကျပ်ခိုးစင်ပါ မီးဖို၊ ဘေးဘက်တွင် တအာင်း(ပလောင်) လူမျိုးတို့ တစ်နယ်မှ တစ်နယ်သို့ လက်ဖက်စိုများ လုံခြုံစိတ်ချစွာ သယ်ယူ ပို့ဆောင်နိုင်ရန် အသုံးပြုသည့် လက်ဖက်ပို လက်ဖက် အရွက်စိမ်းများကို ရေနွေးငွေ့ဖြင့် ပေါင်းရာတွင် အသုံးပြုသည့် ကြေးပေါင်းအိုးကြီး၊ လှိမ့်နယ်ပြီးသော လက်ဖက်များကို အရည်အသွေးကောင်းစေရန် လပေါင်း များစွာ သိုလှောင်သည့် ပုတ်၊ လက်ဖက်ပုတ်မှ လက်ဖက် စိုများကို ပြန်လည်တူးထုတ်သည့် ကိရိယာ၊ လက်ဖက် ထည့်သည့် လွယ်ပလိုင်းများ၊ ခေါင်းလောင်းတစ်စုံ စသည်ဖြင့် လက်ဖက်စိုက်ပျိုးထုတ်လုပ်ရာတွင် အသုံးပြု သည့် ပစ္စည်းများကို အစီအရီပြသထားသည်။

“ခေါင်းလောင်းက လက်ဖက်ခူးတဲ့နေရာနဲ့ ဝေးတဲ့ နေရာဆို လှမ်းမခေါ်နိုင်ဘူးလေ။ ဒါလေးလှုပ်လိုက်ရုံပဲ။ အသံတော်တော်ကျယ်တယ်၊ ဒါဆို ပြန်လာလို့ရပြီ။ ထမင်း စားလို့ရပြီ”ဟု မိုင်းအိုက်ကို က ပြောသည်။

ထို့ပြင် မျိုးစေ့များ၊ လက်ဖက်ခြောက်များ၊ အဝတ် အထည်များနှင့် အခြားသောပစ္စည်းများ ထည့်သွင်း အသုံးပြုနိုင်သည့် တောင်းများ၊ ခြင်းများ၊ ချောင်းများတွင် ပေါက်ရောက်လေ့ရှိသည့် အရွက်များဖြင့် ပြုလုပ်ထား သည့် မိုးကာများ၊ သမီးမိန်းကလေး အိမ်ထောင်ကျသည့် အခါတွင် ထည့်ပေးရသည့် ထန်းခေါက်ဖာကဲ့သို့ တောင်း များ၊ ရိုးရာချိန်ခွင်၊ ရိုးရာ ဆေးလိပ်ခွက်နှင့် ဆေးလိပ် ပါမကျန် ခင်းကျင်းပြသထားသည်။

“ဒီမှာ ပြထားတဲ့ ဆေးလိပ်က မိန်းမတောင်းရင် ပေးရတဲ့ ဆေးလိပ်၊ နောက်တစ်ခါ ကိုယ့်သားက သူများကို အမှားလုပ်ထားလို့ တောင်းပန်ရတယ်ဆိုရင်လည်း ဆေးလိပ်နဲ့ ပန်းဖြူနဲ့ဆို ခွင့်လွှတ်ရတယ်” ဟု မိုင်းအိုက်ကို က ပြောသည်။

ပျော်ပွဲရွှင်ပွဲများ၊ အခမ်းအနားများတွင် တအာင်း လူမျိုးတို့ တီးခတ်လေ့ရှိသည့် အိုးစည်၊ အရွယ်အစား အမျိုးမျိုးရှိသည့် မောင်းများ၊ လင်းကွင်းများကိုလည်း ပြခန်းတွင် ပြသထားသည်။

တအာင်း(ပလောင်) ပြခန်းတွင် တအာင်းလူမျိုးတို့ သမိုင်းမှတ်တမ်း၊ ပျံ့နှံ့နေထိုင်ရာ ဒေသများပြမြေပုံ၊ လက်ရှိအသုံးပြုနေသည့် စာပေအရေးအသား၊ တရုတ် နိုင်ငံတွင် တူးဖော်တွေ့ရှိသည့် တအာင်းလူမျိုးတို့၏ သမိုင်းဝင် ရှေးဟောင်းအမွေအနှစ်များ၊ ရွှေသွားစော်ဘွား ခေတ်၏ မွန်ဂိုနှင့် တရုတ်ထန်မင်းဆက် ၊ တာတာ မင်းဆက်နှင့် မင်မင်းဆက်တို့ အသိအမှတ်ပြု တံဆိပ်တုံး များ၊ တအာင်းလူမျိုးတို့ နေထိုင်ရာ ဒေသအသီးသီးကို လိုက်၍ ကွဲပြားသည့် အိမ်ပုံစံများ၊ တောင်ပိုင်စော်ဘွား ကြီး ခွန်ပန်းစိန်၏ ဟော်နန်းနှင့် ရှေးခေတ် တအာင်း အမျိုးသမီးတို့ ဝတ်စားဆင်ယင်ပုံများ၊ တအာင်း အမျိုးသားဝတ်စုံများကို ဗီနိုင်းများဖြင့် ပြသထားရာ တအာင်းလူမျိုးတို့အကြောင်းကို တစ်နေရာတည်းတွင် လေ့လာနိုင်မည်ဖြစ်သည်။

စုစည်းတင်ပြသူ- သီသီမင်း

ဓာတ်ပုံ-တင်စိုး(မြန်မာ့အလင်း)