ရန်ကုန် ဇန်နဝါရီ ၂
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၀ ပြည့်နှစ်၊ နှစ်သစ်ကူး တရားအလှူတော် ဓမ္မသဘင် (ဒုတိယနေ့) ကို ယနေ့ ည ၇ နာရီခွဲတွင် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မြတ်ကြီး ခြေတော်ရင်းရှိ ပြည်သူ့ဥယျာဉ်၌ စည်ကား သိုက်မြိုက်စွာ ကျင်းပသည်။
ယနေ့ ညပိုင်းတွင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ က ``တိုင်းရေး ပြည်ရေး မျှော်တွေးခြင်းအကြောင်းတရား ဒေသနာတော်´´ ကို ဟောကြားတော်မူရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့် တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များမှ တရားနာပရိသတ် တစ်သိန်းခန့် တက်ရောက် နာယူကြည်ညို ကြသည်။
တောင်ဥက္ကလာပမြို့နယ်မှ ဒေါ်ခင်မာလာ က `` အခမဲ့စီစဉ်ပေးထားတဲ့ ယာဉ်နဲ့ မိသားစုတွေ၊ အိမ်နီးချင်းတွေနဲ့အတူ စုပေါင်းပြီးလာကြတာပါ။ နှစ်သစ်ကို စိတ်ရွှင်ရွှင် လန်းလန်းနဲ့ ဖြတ်သန်းရတဲ့အတွက် ဒီနှစ်သစ်ကူး တရားပွဲက ထူးခြားပါတယ်။ သွားရေးလာရေး အတွက်လည်း စီစဉ်ပေးထားသူတွေနဲ့ အလှူရှင်တွေရဲ့ စေတနာ တွေကို တွေ့ရတာ အားကျကြည်နူးဖို့ကောင်းတယ်။ တရားနာပရိသတ် တွေလည်း အများကြီးလာတဲ့ အတွက် ထူးခြားတဲ့ ပွဲကြီးပါ´´ ဟုပြောသည်။
စမ်းချောင်းမြို့နယ်မှ ဒေါ်မြင့်မြင့်ခိုင်က ``ကိုယ့် အစီအစဉ်နဲ့ကိုယ် မိသားစုနဲ့ လာခဲ့တာပါ။ နှစ်သစ်ကူးတရားပွဲကို နှစ်တိုင်းလာဖြစ်ပါတယ်။ အခုဆိုရင် လေးနှစ် မြောက်ရှိပါပြီ။ နှစ်ဦးမှာ ဆရာတော်ကြီးတွေရဲ့ တရားထူးတွေကိုနာယူကြည်ညိုရတဲ့ အတွက် အများကြီးအကျိုးရှိပါတယ်။ ကလေးတွေလည်း ဘာသာတရားကို ပိုပြီး သိလာအောင်၊ ယုံကြည်ကိုင်းရှိုင်းမှု ရှိလာအောင် အခုလိုတရားနာဖို့ ခေါ်လာခဲ့တာပါ။ ဒီလိုတရားပွဲတွေကို မကြာခဏ ကျင်းပပေးရင်ပိုကောင်းပါတယ်´´ ဟုပြောသည်။
နှစ်သစ်ကူး တရားပွဲတော်တွင် စေတနာရှင်များ ကလည်း စတုဒိသာ လှူဒါန်းမှုများကို ပြုလုပ်ကြသည့်အပြင် တရားနာ ပရိသတ်များအတွက် ကျန်းမာရေး စောင့်ရောက်မှုများကို ပုဂ္ဂလိက ဆေးရုံများ၊ လူမှုရေး အသင်း အဖွဲ့များကလည်း ပါဝင်ဆောင်ရွက်ပေးလျက်ရှိသည်။
ကိုလှမြတ်သူက ``စတုဒိသာကျွေးတဲ့ မဏ္ဍပ်မှာ လာရောက်တဲ့ တရားနာ ပရိသတ်ကိုသူငယ်ချင်းတွေနဲ့ ကြိုဆို ဧည့်ခံမှုတွေ လုပ်ပေးကြတာပါ။ အားလုံး အဆင်ပြေအောင် ဝိုင်းဝန်းဆောင်ရွက်ပေးတာပါ။ အလှူရှင်တွေက အစားအသောက် တွေ၊ ဆေးဝါးတွေလှူဒါန်းကြပါတယ်။ ဒီတရားပွဲကြီးက တရားဒေသနာတွေ နာယူ ရသလို အလှူရှင်တွေ တရားနာပရိသတ်တွေ အတွက်လည်း ထူးခြားတဲ့ ပွဲကြီးလို့ ပြောလို့ရပါတယ်´´ ဟုပြောသည်။
ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တရားပွဲသို့လာရောက် နာယူကြည်ညိုကြမည့် တရားနာ ပရိသတ်များ သွားလာမှု အဆင်ပြေစေရန် အခမဲ့ မော်တော်ယာဉ်များကို သက်ဆိုင်ရာ စုရပ်များအလိုက် စီစဉ်ပေးထားသည့် အပြင် စေတနာရှင် ပြည်သူတို့ကလည်း မိမိတို့၏ ရပ်ကွက်များ၊ လမ်းများအတွင်းမှ စုပေါင်း၍ လည်းကောင်း၊ စေတနာရှင် အငှားယာဉ်မောင်းများကလည်း တရားနာ ပရိသတ်များ သွားလာမှု အဆင်ပြေစေရန် အခမဲ့ လိုက်ပါပို့ဆောင်မှုများ ပြုလုပ်ပေးလျက်ရှိသည်။
အဆိုပါ နှစ်သစ်ကူး တရား အလှူတော် ဓမ္မသဘင်ကို ဇန်နဝါရီ ၁ ရက်မှ ၃ ရက်အထိ သုံးရက်တိုင် ကျင်းပလျက်ရှိပြီး ပထမနေ့တွင် နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ကျောင်းတိုက် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ ကတရားတော်များကို ဟောကြားခဲ့ပြီး တတိယနေ့တွင် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ က နှစ်သစ်ကူးတရားတော်များကို ဟောကြားသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-လှမိုး