ရန်ကုန် ဖေဖော်ဝါရီ ၄
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝူဟန်မြို့တွင် စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ် ပြင်းထန် အဆုတ်ရောင်ရောဂါ၏ နောက်ဆုံး အခြေအနေနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ပြည်လမ်း မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး နေအိမ်၌ ပြုလုပ်သည်။
သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံသံရုံးမှ သံရုံးယာယီ တာဝန်ခံ Ms. Li Xiaoyan က “တရုတ်နိုင်ငံ အစိုးရအနေဖြင့် တရုတ် နိုင်ငံရောက် မြန်မာလူမျိုးများ အပါအဝင် တရုတ်နိုင်ငံရောက် နိုင်ငံခြားသားတိုင်း၏ အသက်လုံခြုံမှုနှင့် ကိုယ်ခန္ဓာကျန်းမာရေးကို များစွာ အလေးထားပြီး သက်ဆိုင်ရာ အစီအမံများကို တက်တက်ကြွကြွ ဆောင်ရွက်ထားပါကြောင်း။
အဓိက ဦးစားပေး
ရောဂါ စတင်ဖြစ်ပွားသည့် အချိန်မှစပြီး သမ္မတကြီး မစ္စတာ ရှီကျင့်ဖျင် က ရောဂါဖြစ်ပွားမှု အခြေအနေနှင့် လူနာများ၏ ကုသကယ်ဆယ်မှု အခြေအနေများကို များစွာအလေးထားကာ အရေးကြီး ညွှန်ကြားချက်များ ချမှတ်ပေးခဲ့ပြီး ပြည်သူလူထု၏ အသက်လုံခြုံမှုနှင့် ကိုယ်ခန္ဓာကျန်းမာရေးကို အဓိက ဦးစားပေးနေရာတွင်ထား၍ ရောဂါကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများကို လက်ရှိအရေးကြီးဆုံး လုပ်ငန်း အဖြစ် လုပ်ဆောင်ရမည်ဟု အလေးထားပြောကြားခဲ့ကြောင်း။
တရုတ် ကွန်မြူနစ်ပါတီ ဗဟို နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီက ဖေဖော်ဝါရီ ၃ ရက်တွင် အစည်း အဝေးကျင်းပပြီး ရောဂါအခြေအနေ နောက်တစ်ဆင့် ကြိုတင်ကာကွယ် ထိန်းချုပ်မှုလုပ်ငန်းများကို လေ့လာခဲ့ကြကာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီကလည်း ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ကူးစက်သည့် အဆုတ်ရောင်ရောဂါ အခြေအနေကို ရင်ဆိုင်ရန် လုပ်ငန်းဦးဆောင်အဖွဲ့ ဖွဲ့စည်းလိုက်ပြီး နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် မစ္စတာ လီခချန်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပါ ကြောင်း။
တရုတ်နိုင်ငံအစိုးရက ဘက်စုံ အဖြစ်ဆုံး၊ အတင်းကျပ်ဆုံး ကြိုတင် ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်း အစီအမံများကို လုပ်ဆောင်ထားပြီး ဝူဟန်နှင့် ဟူပေဒေသကို အဓိက ထား၍ ဗဟိုက ဒေသန္တရအထိ ဘက်စုံ အလွှာအဆင့်ဆင့် ကာကွယ် ထိန်းချုပ်မှုစနစ်ကို တည်ဆောက် ထားပါကြောင်း။
ရောဂါစတင်ဖြစ်ပွားပြီး တစ်ပတ် အကြာ ကိုရိုနာဗိုင်းရပ်စ်ကို ရှာဖွေ တွေ့ရှိခဲ့ပြီး ရောဂါဖြစ်ပွားစေသည့် ပိုးမွှား (Pathogen) ကိုလည်း ရှာဖွေတွေ့ရှိခဲ့ပါကြောင်း၊ တရုတ်နိုင်ငံအစိုးရက တစ်နိုင်ငံလုံးရှိ ထိပ်တန်းကူးစက်ရောဂါ လေ့လာသူ ပညာရှင်များကို စုစည်းပြီး ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) က နိုင်ငံတကာပညာရှင်များနှင့် ပူးပေါင်း ကာ ဝူဟန်တွင်ဖြစ်ပွားသော ကိုရိုနာ ဗိုင်းရပ်စ်ကြောင့်ဖြစ်သည့် အဆုတ် ရောင်ရောဂါ ဖြစ်ပွားမှုအကြောင်း၊ ဖြစ်စဉ်နှင့် ကြိုတင်ကာကွယ်ကုသသည့် ကာကွယ်ဆေးများကို ပူးတွဲ သုတေသနပြုလုပ်ကာ အပြုသဘော ဆောင်သော တိုးတက်မှုများ ရရှိခဲ့ပါ ကြောင်း ရှင်းလင်းပြောကြားသည်။
ကာကွယ်ဆေးအတွက် မျိုးစိတ်ရရှိ
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရောဂါ ဖြစ်ပွားသည့်လူနာများအား ကုသရန် Chinese Academy of Engineering မှ သုတေသီ၊ နိုင်ငံတော်ကျန်းမာရေး ကော်မရှင် အဆင့်မြင့်ပညာရှင်အဖွဲ့ဝင် Ms. Li Lanjuan က ဗိုင်းရပ်စ်၏ မျိုးစိတ် (Strain) ကို အောင်မြင်စွာ မွေးထုတ်နိုင်ခဲ့ပြီး ကာကွယ်ဆေး အတွက် မျိုးစိတ်ရရှိလာခဲ့ကြောင်း၊ ကာကွယ်ဆေးမျိုးစိတ် (Vaccine strain) ကို မွေးထုတ်နိုင်မည် ဖြစ်ကြောင်း၊ ကာကွယ်ဆေး မျိုးစိတ် ကတစ်ဆင့် ကာကွယ်ဆေးကို ပြင်ဆင် ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း၊ ကာကွယ်ဆေး ပြင်ဆင်ထုတ်လုပ်ရာ တွင် ကာကွယ်ဆေးမျိုးစိတ်ကိုရရှိရန် အချိန် တစ်လခွဲလိုအပ်ပြီး အတည်ပြုရန် အချိန်တစ်လခွဲလိုအပ်သည့် ဖြစ်စဉ်ရှိကြောင်း ယနေ့ သတင်းစာ ရှင်းလင်းပွဲတွင် သံရုံးယာယီတာဝန်ခံက ပြောကြားသည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကူးစက် သည့် အဆုတ်ရောင်ရောဂါ အခြေ အနေကို ထိန်းချုပ်နိုင်ရန်အတွက် တရုတ်နိုင်ငံ နိုင်ငံတော်ကျန်းမာရေး ကော်မရှင်က ဦးဆောင်၍ ဌာနပေါင်း ၃၀ ကျော်ပါဝင်သော ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကူးစက်သည့် အဆုတ်ရောင် ရောဂါအခြေအနေကို ရင်ဆိုင်ပူးတွဲ ကြိုတင်ကာကွယ် ထိန်းချုပ်သည့် လုပ်ငန်းယန္တရားကို ထူထောင်ခဲ့ပြီး ရောဂါအခြေအနေကို ကြိုတင် ကာကွယ်ထိန်းချုပ်မှု၊ ကုသကယ်ဆယ်မှု၊ သိပ္ပံသုတေသနပြုလုပ်မှု၊ ထောက်ပံ့ရေးစသည့်လုပ်ငန်း များကို ဘက်ပေါင်းစုံမှ စီမံခန့်ခွဲလျက်ရှိကြောင်း သတင်းစာရှင်းလင်းပွဲမှ သိရသည်။
ထို့အတူ ဇန်နဝါရီ ၂၃ ရက် နံနက်ပိုင်းက ဝူဟန်မြို့၌ လမ်းပန်း ဆက်သွယ်ရေးထိန်းချုပ်မှု စတင် လုပ်ဆောင်ခဲ့ရာ မြို့ပြဘတ်စ်ကား၊ မြေအောက်ရထား၊ သင်္ဘော၊ အဝေးပြေးကား စသည်တို့ကို ယာယီပြေးဆွဲမှု ရပ်နား၍ လေဆိပ်၊ ရထားဘူတာ စသည့် ဝူဟန်မှ ထွက်ခွာသည့် လမ်းကြောင်းများကို ယာယီ ပိတ်ထားခဲ့ကြောင်း၊ လက်ရှိတွင် ဝူဟန်မြို့ကို သီးခြားစောင့်ကြပ် ကြည့်ရှုရာနေရာအဖြစ် ထားရှိထား ကြောင်း သံရုံးယာယီ တာဝန်ခံက ပြောကြားသည်။
ဝူဟန်မြို့တွင် ဆေးကုသရေး ဝန်ထမ်းပေါင်း ခြောက်သောင်းကျော် က ရှေ့တန်း၌ ပါဝင်ကုသလျက်ရှိနေ ကြောင်း၊ တစ်နိုင်ငံလုံးရှိ ဒေသအသီးသီးနှင့် တပ်မတော်မှ ဆေးကုသရေးအဖွဲ့ ၆၈ ဖွဲ့၊ ဆေးကုသရေး ဝန်ထမ်း ၈၃၁၀ ဖြင့် ဟူပေပြည်နယ်သို့ သွားရောက်၍ ရောဂါကြိုတင် ကာကွယ် ထိန်းချုပ်မှုလုပ်ငန်း များကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖေဖော်ဝါရီ ၃ ရက် ည ၁၂ နာရီအထိ တရုတ်နိုင်ငံတွင် စုစုပေါင်း အတည်ပြုသည့် ကူးစက်ခံရသူ ၂၀၄၃၈ ဦး၊ လက်ရှိ ပြင်းထန်စွာ ရောဂါခံစားနေရသူ ၂၇၈၈ ဦး၊ သေဆုံသူ ၄၂၅ ဦး၊ ရောဂါပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရသူ ၆၃၂ ဦး စုစုပေါင်း သံသယရှိသူ ၂၃၂၁၄ ဦးရှိပြီး ဟောင်ကောင်၊ မကာအို၊ တရုတ် (တိုင်ပေ)ဒေသမှ စုစုပေါင်း အတည်ပြုသည့် ကူးစက် ခံရသူ ၃၃ ဦးတွင် ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသမှ ၁၅ ဦး၊ မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသမှ ရှစ်ဦးနှင့် တရုတ် (တိုင်ပေ) ဒေသမှ ၁၀ ဦး ရှိကြောင်း၊ ဟူပေပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် အဆုတ်ရောင် ရောဂါဖြစ်ပွားပြီး ကုသပျောက်ကင်းကာ ဆေးရုံဆင်းသည့် လူနာပေါင်း ၃၉၆ ဦးရှိပြီ ဖြစ်ကြောင်း၊ အခြားပြည်နယ်များတွင်လည်း ကုသပျောက်ကင်း၍ ဆေးရုံ ဆင်းသည့် လူနာများလည်းရှိကြောင်း ယနေ့ သတင်းစာရှင်းလင်းပွဲမှ သိရသည်။
မင်းသစ်(MNA)