Skip to main content

မူဆယ်မြို့သို့ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှု လျော့နည်း

မူဆယ် ဖေဖော်ဝါရီ ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့သည် တရုတ်နိုင်ငံခရီးသွားများ စိတ်ဝင်စားသည့် မြို့ဖြစ်သည့်အလျောက် တရုတ်နိုင်ငံခရီးသွား ဧည့်သည်များ နေ့စဉ်လာရောက် လာပတ်မှု များပြားလျက်ရှိရာ တရုတ်နိုင်ငံတွင် ဖြစ်ပွားသည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် မူဆယ်မြို့သို့ တရုတ်နိုင်ငံ၊ ခရီးသွားဧည့်သည် လာရောက်လည်ပတ်မှု လျော့နည်းလာကြောင်း မူဆယ်မြို့၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန မူဆယ်ရုံးခွဲမှ သိရသည်။

"ယခင်နှစ် တရုတ်နိုင်ငံရဲ့ နှစ်သစ်ကူးကာလအတွင်းမှာ ပုံမှန်အားဖြင့် တရုတ်နိုင်ငံခရီးသွားဧည့်သည်တွေဟာ တစ်ရက်မှာ မူဆယ်မြို့ကို ထောင်ချီလာရောက်လည်ပတ်ကြတယ်။ တရုတ်နိုင်ငံမှာဖြစ်ပွားတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ယခုတရုတ်နှစ်သစ်ကူးကာလမှာ တရုတ်နိုင်ငံဘက်က ခရီးသွားကဏ္ဍကို ယာယီ ရပ်ဆိုင်းလိုက်တဲ့အတွက် ဒီနှစ် တရုတ်နှစ်သစ်ကူး ကာလမှာဆိုရင် နေ့ချင်းပြန် တရုတ်နိုင်ငံ ခရီးသွားဧည့်သည်တွေဟာ မူဆယ်မြို့မှာ ဝင်ရောက်လည်ပတ်မှု လျော့နည်းပါတယ်" ဟု မူဆယ်မြို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှူးဦးစီးဌာန၊ မူဆယ်ခရိုင်ရုံးခွဲ၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဟန်ဇော်လင်းက ခရီးသွားဧည့်သည် လျော့နည်းလာပုံကို ပြောကြားသည်။

မူဆယ်ခရိုင်အတွင်းရှိ ဟိုတယ်များတွင် လာရောက်တည်းခိုသည့် ခရီးသည်များထံမှ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့ပွားလာခြင်းမရှိစေရန်နှင့် ဟိုတယ်များတွင် လာရောက်တည်းခိုသူများအား ကျန်းမာရေး စစ်ဆေးချက်များ လုပ်ဆောင်ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းမှ ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများကို ဌာနဆိုင်ရာများနှင့်အတူ ဝိုင်းဝန်းပူးပေါင်း၍ လုပ်ဆောင်လျက်ရှိသည်။

"ကိုရိုနာဗိုင်းရပ်စ်ကြိုတင်ကာကွယ်ခြင်းနဲ့ပတ်သက်ပြီးတော့ မူဆယ်ခရိုင်အတွင်းမှာရှိတဲ့ လုပ်ငန်းရှင်အားလုံးကို ဖိတ်ခေါ်ပြီးတော့ ကြိုတင်ကာကွယ်မှုတွေ ဆောင်ရွက်ဖို့အတွက် အသိပညာပေး လုပ်ငန်းတွေ ဆွေးနွေးတယ်။ မူဆယ်ခရိုင်၊ ကျန်းမာရေးဦးစီးဌာနက ကျင်းပတဲ့ ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲတွေကိုလည်း ဟိုတယ်လုပ်ငန်းရှင်တွေကို တက်ရောက် ဆွေးနွေးစေတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ အဓိကအချက်နှစ်ချက်ကိုလည်း လိုက်နာအောင် ညွှန်ကြားထားပါတယ်၊ ဟိုတယ်လုပ်ငန်းရှင်တွေအနေနဲ့ အဓိကကတော့ ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းတွေကို အဓိကဆောင်ရွက်မယ်၊ ပြီးရင် သံသယရှိတဲ့ ခရီးသွားတွေ တွေ့ရှိပါက သက်ဆိုင်ရာဌာနတွေကို ချက်ချင်းသတင်းပို့ဖို့အတွက်လည်း မှာကြားထားတယ်။ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှူးဦးစီးဌာနအနေဖြင့်လည်း ကိုရိုနာဗိုင်းရပ်စ်ကြိုတင်ကာကွယ်ခြင်းနဲ့ ပတ်သက်ပြီးတော့ အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပါတယ်" ဟု မူဆယ်မြို့၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဟန်ဇော်လင်းက ကြိုတင်ကာကွယ်ခြင်းနှင့်ပတ်သက်ပြီး ပူးပေါင်းပါဝင်လုပ်ဆောင်သည့်အကြောင်းကို ဆက်လက်ပြောကြားသည်။

မူဆယ်မြို့၊ ခရီးသွားဧည့်သည်လည်ပတ်မှုနှင့်ပတ်သက်ပြီး ကြိုတင်ကာကွယ်ရန်အတွက် ဖေဖော်ဝါရီလ(၃)ရက်နေ့တွင် ရှမ်းပြည်နယ်၊ ဒုတိယပြည်နယ် အုပ်ချုပ်ရေးမှူး (လားရှိုး) ဦးကျော်သူဇော် ဦးဆောင်သည့်အဖွဲ့မှ မူဆယ်ခရိုင်အတွင်းရှိ ဟိုတယ်များ၊ တည်းခိုခန်းများတွင် လာရောက်တည်းခိုသည့် ခရီးသွားများ၏ စာရင်းအချက်အလက်များ၊ အခန်းသန့်ရှင်းမှုများ၊ လိပ်စာအပြည့်အစုံ၊ ခရီးသွားများ၏ သွားရောက်ရမည့်နေရာများကို အတိအကျမေးမြန်းခြင်းများ၊ ကျန်းမာရေးစစ်ဆေးချက်များကိုလည်း လုပ်ဆောင်ရန် နှင့် သံသယရှိသည့် ခရီးသွား ဧည့်သည်များတွေ့ရှိပါက သက်ဆိုင်ရာဌာနသို့ သတင်းပေးပို့ကြရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။

 

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)