Skip to main content

ထားဝယ်မြို့၌ ကျန်းမာရေးအသိပညာပေးဟောပြောပွဲ ကျင်းပ

ထားဝယ် ဖေဖော်ဝါရီ ၅

ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရင်ခွင်မဲ့ ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့် ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၈ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်ပညာရေး ကောလိပ်ဘွဲ့နှင်းသဘင် ခန်းမ၌ကျင်းပသည်။

ဟောပြောပွဲတွင် ထားဝယ်ပညာရေးကောလိပ်မှ စာပေဝိဇ္ဇာဌာနမှူး ဒေါ်သန္တာဝင်းထွန်းက ယခုတက်ရောက်လာသော ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျန်းမာရေး အသိပညာပေး ဟောပြောပွဲကို စိတ်ပါဝင်စားစွာ နားထောင်ပြီး သိရှိလိုသည် အကြောင်းအရာများကို မေးမြန်းဆွေးနွေးနိုင်ကြောင်း ပြောကြားပြီး မြန်မာနိုင်ငံရင်ခွင်မဲ့ ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း၏ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဒေါ်စန်းစန်းယုမှ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ အဖွဲ့အစည်းကို ၁၉၉၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း၊ အဖွဲ့အစည်းအောက်တွင်အဖွဲ့( ၁) ခုဖြစ်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၏ အောက်တွင်အဖွဲ့ (၇) ဖွဲ့ရှိကြောင်း၊ အသင်း (၇) သင်းစလုံးသည် အမျိုးသမီးနှင့် ကလေးအကျိုးကို ပြုလုပ်ပေး သော အဖွဲ့ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရင်ခွင်မဲ့ ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့် ရှောက်ရေးအသင်းကို ၂၀၁၈ ခုနှစ်၊ ဧပြီလတွင် စတင်ဖွဲ့စည်းခဲ့ကြောင်း၊ အသက်(၁၈)နှစ် ပြည့်သူတိုင်းမည်သူမဆို ဝင်ရောက်နိုင်ကြောင်း၊ အသိပညာပေး ဟောပြောပွဲ ဖြစ်မြောက်အောင် ဆောင်ရွက်ပေးသော တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ရှိကြောင်း  ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံရင်ခွင်မဲ့ ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း၏ အထွေထွေအတွင်းရေးမှူး ပါမောက္ခဒေါက်တာ မြသီတာက  ရင်ခွင့်မဲ့ကလေးများ ဖြစ်ခြင်းကိုလျှော့ချရန်၊ ရင်ခွင့်မဲ့ကလေးငယ်များအား ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပ​ဒေပါအ​ခြေခံ အခွင့်အရေးများနှင့်အညီ ကာကွယ်စောင့်ရှောက်မှုပေးရန်းစသည့် အသင်း၏ရည်ရွယ်ချက် ဖြစ်ကြောင်းနှင့် အခြေခံမျိုးဆက်ပွား ကျန်းမာရေးအကြောင်း အသိပညာ ဟောပြောပြီး သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး ဒေါက်တာ ခင်ယုယုဇင်က သားဆက်ခြားနည်းလမ်းများအကြောင်း ဟောပြောခဲ့သည်။

ထို့နောက် တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများမှ ပြန်လည် ဖြေကြားခဲ့ကြောင်း သိရသည်။

ထားဝယ်(ပြန်/ဆက်)