နေပြည်တော် မတ် ၁၈
(၁၈) ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး 18th ASEAN Chiefs of Defence Forces Meeting (ACDFM-18) အစည်းအဝေးကို Online Video Conferencing စနစ်ဖြင့် ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နှင့် စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး တို့တက်ရောက်ကြပြီး ဘရူနိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Major General Dato Seri Pahlawan Haji Hamzah Bin Haji sahat နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ ကမ္ဘောဒီးယားဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Vong Pisen နှင့် ကိုယ်စားလှယ် အဖွဲ့များ၊ အင်ဒိုနီးရှား အမျိုးသားတပ်မတော်စစ်ဦးစီးအရာရှိချုပ် Lieu tenant General Ganip Warsito နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ လာအိုအမျိုးသား ကာကွယ်ရေးဝန်ကြီးဌာန စစ်ဦးစီးဌာန ယာယီ အကြီးအကဲ Major General Chanthong Sontaath နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ မလေးရှား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Tan Sri Dato Hj Affendi bin Buang နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ ဖိလစ်ပိုင်တပ်မတော်မှ ဒုတိယတပ်မတော်ဦးစီးချုပ် Lieutenant General Erickson R.Gloria နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ စင်ကာပူ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Lieutenant General Melvyn Ong နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Chalermphon Srisawasdi နှင့် ကိုယ်စားလှယ် အဖွဲ့များ၊ ဗီယက်နမ်ပြည်သူ့တပ်မတော် ဒုတိယစစ်ဦးစီး အရာရှိချုပ် Senior Lieutenant General Nguyen Phuong Nam နှင့် ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ကြသည်။
အဖွင့်မိန့်ခွန်းပြောကြား
ဦးစွာ(၁၈)ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး (ACDFM-18) ဥက္ကဋ္ဌ ဘရူနိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အဖွင့်မိန့်ခွန်း ပြောကြားသည်။
ထို့နောက် (၁၈) ကြိမ်မြောက် အာဆီယံတပ်မတော်ထောက်လှမ်းရေးမှူးချုပ်များ အစည်းအဝေး (AMIM-18) ဥက္ကဋ္ဌ ဘရူနိုင်းဘုရင့်တပ်မတော်မှ Colonel Haji Mohammad Muluddin Bin Awang Haji Latif နှင့် (၁၁) ကြိမ်မြောက် အာဆီယံတပ်မတော်စစ်ဆင်ရေးမှူးချုပ်များ အစည်းအဝေး (11th AMOM) ဥက္ကဋ္ဌ ဘရူနိုင်းဘုရင့်တပ်မတော်မှ Brigadier General Haji Abdul Razak bin Haji Abdul Kadir တို့က အစည်းအဝေးကျင်းပခဲ့မှု အစီရင်ခံစာများကို ဖတ်ကြားတင်ပြကြသည်။
ယင်းနောက်တက်ရောက်လာကြသည့်အာဆီယံနိုင်ငံ၊ တပ်မတော်များမှ ကိုယ်စားလှယ်များက “ဂရုပြု၊ ပြင်ဆင်၊ အောင်ပွဲဝင် We Care, We Prepare, We Prosper)” ခေါင်းစဉ်အပေါ် အမြင်များအား အက္ခရာစဉ်အလိုက် အလှည့်ကျဆွေးနွေးကြသည်။
ရင်ဆိုင်နေရလျက်ရှိ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆွေးနွေးရာတွင် အစည်းအဝေးသို့ ပါဝင်တက်ရောက်လာကြသူများ အားလုံး ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကိုဗစ်-၁၉ ဖြစ်ပွားနေသည့် အကျပ် အတည်းကာလတွင် ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါ စေကြောင်း၊ မိမိတို့ အာဆီယံဒေသကြီးသည် ကမ္ဘာ့အင်အားကြီးနိုင်ငံများ အင်အားပြိုင်ဆိုင်မှု၊ ပထဝီအနေအထားအရ အချက်အချာကျမှုတို့ကြောင့် လက်ရှိကာလတွင် သမားရိုးကျလုံခြုံရေး ဆိုင်ရာ စိန်ခေါ်မှုများအပြင် ရာသီဥတုပြောင်းလဲမှု၊ အရင်းအမြစ်ရှားပါးလာမှု၊ သဘာဝဘေး အန္တရာယ်၊ ပုံမှန်မဟုတ်သော ရွှေ့ပြောင်းအလုပ်သမားကိစ္စ၊ အစာရေစာ ရှားပါးမှု၊ လူမှောင်ခို ကုန်ကူးမှု၊ မူးယစ်ဆေးရောင်းဝယ်ဖောက်ကားမှု၊ သတင်းအချက်အလက်လုံခြုံရေး၊ ပင်လယ် ဓားပြမှု၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများအပါအဝင် အကြမ်းဖက်မှုနှင့် ကပ်ရောဂါ ကူးစက် ပြန့်ပွားမှုကဲ့သို့သော သမားရိုးကျမဟုတ်သည့် လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများနှင့်လည်း ရင်ဆိုင် နေရလျက်ရှိပါကြောင်း။
သမားရိုးကျမဟုတ်သည့် လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများအနက် အကြမ်းဖက်ဝါဒနှင့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါသည် အာဆီယံဒေသကြီးတစ်ခုလုံးကို အဓိကကြီးမားစွာ ခြိမ်းခြောက်နေသည့် ကိစ္စရပ်များ ဖြစ်သည့်အတွက် နိုင်ငံတစ်နိုင်ငံချင်းအနေဖြင့် ဖြေရှင်းခြင်းထက် နိုင်ငံအများ စည်းလုံးညီညွတ်စွာ ပေါင်းစပ်ညှိနှိုင်း၍ ဖြေရှင်းခြင်းက ပိုမိုထိရောက်အောင်မြင်နိုင်မည် ဖြစ်ပါ ကြောင်း၊ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အားနည်းချက်များနှင့် အုပ်ချုပ်ရေးဆိုင်ရာ လိုအပ်ချက် များရှိနေမှု၊ ငွေကြေးဆိုင်ရာ စီးဆင်းမှုများကို စောင့်ကြည့်ကြပ်မတ်မှုများ အပြည့်အဝ မလုပ် ဆောင်နိုင်မှု၊ အကြမ်းဖက်သမားများ၏ အဓိက ငွေဝင် လမ်းကြောင်းဖြစ်သည့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများ ဒေသအတွင်း ကျယ်ပြန့်စွာဖြစ်ပေါ်နေမှု၊ မိမိတို့အာဆီယံဒေသ အတွင်း၌ အခြားသောဒေသများမှ လက်နက်အထောက်အပံ့များကို အများအပြား ရရှိနိုင်မှု စသည့် အချက်များသည် အာဆီယံဒေသတွင်း၌ အကြမ်းဖက်ဝါဒကို ဆန့်ကျင်တွန်းလှန်ရာတွင် ထိရောက်လျင်မြန်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အဓိကအတားအဆီး ဖြစ်နေသည့် အချက်များပင်ဖြစ်ပါကြောင်း။
သက်ရောက်မှုကြီးမား
လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါသည် ကမ္ဘာ့လူဦးရေ ရှစ်ဘီလီယံ ခန့်၏ ဘဝကို ပြောင်းလဲမှုများစွာ ဖြစ်ပေါ်စေခဲ့ပြီး သက်ဆိုင်ရာအစိုးရများနှင့် နိုင်ငံသားများ အနေဖြင့် ဘဝနေထိုင်မှုပုံစံအသစ် New normal နှင့်ပတ်သက်၍ များစွာထည့်သွင်းစဉ်းစား လာရလျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ၏ ရိုက်ခတ်မှုကြောင့် ဆင်းရဲမွဲတေမှုနှုန်း မြင့်တက်လာခြင်း၊ အမျိုးသမီးများ အပေါ်ရိုက်ခတ်မှုကြီးမားခြင်း၊ ပညာရေးဆိုင်ရာကိစ္စရပ်များ နှောင့်နှေး ကြန့်ကြာရခြင်း၊ လူမှုဘဝလုံခြုံစိတ်ချရမှုကို ထိခိုက်ခြင်း၊ IDP စခန်းများရှိ ဒုက္ခသည် များအတွက် ဘေးအန္တရာယ်ထူပြောလာခြင်း၊ ဆင်ခြေဖုံးဒေသများတွင် နေထိုင်သူများအကြား ရောဂါဖြစ်ပွားနိုင်ခြေ မြင့်မားလာခြင်း၊ ဝင်ငွေနည်းပါးလာခြင်းနှင့် အလုပ်အကိုင်များ လက်လွှတ်ဆုံးရှုံးရခြင်း၊ ကမ္ဘာ့ကုန်ကူးသန်းရောင်းဝယ်မှုကျဆင်းလာခြင်း၊ စားသောက်ကုန်များ ရှားပါးလာခြင်းနှင့်ခရီးသွားလုပ်ငန်းများ အလွန်အမင်း ကျဆင်းလာခြင်း အစရှိသည့် လူမှုစီးပွား ကဏ္ဍများတွင် သက်ရောက်မှုကြီးမားစွာဖြစ်ပေါ် လျက်ရှိပါကြောင်း။
မိမိတို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကိုဗစ်-၁၉ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကြောင့် နောက်ဆက်တွဲရိုက်ခတ်မှုများကို လျှော့ချရန်နှင့် တားဆီးကာကွယ်နိုင်ရေးအတွက် မိမိတို့ အနေဖြင့် နိုင်ငံအလိုက်ကျင့်သုံးလျက်ရှိသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အဆင့် မြှင့်တင်ဆောင်ရွက်ရန်၊ လူမှု-စီးပွားကဏ္ဍတွင် ထိခိုက်ခံစားရသူ များ၏ လိုအပ်ချက်နှင့် ရပိုင်ခွင့်များကို ထိရောက်စွာ ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးရန်၊ အဆိုပါ ထိခိုက်ခံစားခဲ့ရ သည်ကို ရေရှည်တွင် ပြန်လည်ကုစားကူညီပေးနိုင်ရေးအတွက် အစီအမံများနှင့် မူဝါဒများ ချမှတ်ဆောင်ရွက်ထားရန်၊ သက်ဆိုင်ရာနိုင်ငံများက ကိုဗစ်-၁၉ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များ၊ ကော်မတီများဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ တွင် မိမိတို့ တပ်မတော်အသီးသီးကလည်း ထိရောက်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း။
ဆွေးနွေးပြောကြား
“ဂရုပြု၊ ပြင်ဆင်၊ အောင်ပွဲဝင် (We Care, We Prepare, We Prosper) ဟူသည့် ယခုနှစ် အာဆီယံတပ်မတော် ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေး၏ ဆောင်ပုဒ်အတိုင်း မိမိတို့ အနေဖြင့် သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများအားလုံး၏ အန္တရာယ်ကို ကြိုတင်မြော်တွေး၍ ဂရုတစိုက်လေ့လာဆန်းစစ်ခြင်း၊ စိန်ခေါ်မှုများကို မိမိတို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ စုပေါင်းအားဖြင့် ရင်ဆိုင်ကျော်လွှားနိုင်ရေးအတွက် လိုအပ်သည့် ပူးပေါင်းဆောင်ရွက်မှုများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုတို့မှ တစ်ဆင့် ရရှိလာသောရလဒ်များကို အဖွဲ့ဝင်နိုင်ငံများအချင်းချင်း မျှဝေခံစားခြင်းတို့ကိုမလွဲမသွေ အကောင်အထည်ဖော်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားလိုပါကြောင်းဖြင့် ဆွေးနွေး ပြောကြားသည်။
ဆက်လက်ပြီး အာဆီယံစစ်ဘက်ဆိုင်ရာလေ့ကျင့်ခန်း (ASEAN Military Exercise-AMX) လုပ်ငန်းစာတမ်းအားဆွေးနွေးခြင်း၊ အာဆီယံတပ်မတော်များ၏ နှစ်နှစ် လုပ်ငန်းစီမံချက် (၂၀၂၁-၂၀၂၃) Two Year Working Plan (2021-2023) အား အတည်ပြုခြင်း၊ ACDFM-18 ၏ ပူးတွဲထုတ်ပြန်ကြေညာချက် Joint Statement အား အပြီးသတ် ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြပြီး Joint Statement ကို အတည်ပြုကြသည်။
လွှဲပြောင်းပေးအပ်
ယင်းနောက် 18th ASEAN Chiefs of Defence Forces Meeting (ACDFM-18) ဥက္ကဋ္ဌ ဘရူနိုင်းဘုရင့်တပ်မတော်မှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အပိတ်မိန့်ခွန်းပြောကြားပြီး 19+ ASEAN Chiefs of Defence Forces Meeting (ACDFM-19) ဥက္ကဋ္ဌကို အလှည့်ကျဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်မည့် ကမ္ဘောဒီးယား ဘုရင့်တပ်မတော်မှ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံသို့ ဥက္ကဋ္ဌတာဝန်များအား လွှဲပြောင်းပေးအပ်သည်။
ထို့နောက် ကမ္ဘောဒီးယားဘုရင့်တပ်မတော်မှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လွှဲပြောင်း လက်ခံမှုမိန့်ခွန်းပြောကြားပြီး အစည်းအဝေး အောင်မြင်စွာ ပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်