နေပြည်တော်၊ ဖေဖော်ဝါရီ ၅
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး သည် ယနေ့နံနက် (၈) နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ်(၄)၊ နေပြည်တော်၌ ကျင်းပခဲ့သော 2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ် ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့်နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၉/၂၀၂၀) သို့ တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဌာနချုပ်မှ နောက်ဆုံး (update) ထုတ်ပြန်ချက်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းတွင် ရောဂါကူးစက်ပျံ့နှံ့မှုဆိုင်ရာ ကူးစက်ရောဂါဗေဒ ရှုထောင့်မှ အသေးစိတ် သုံးသပ်ချက်များ၊ ရောဂါကုသမှုဆိုင်ရာအတွက် ကုသရေးရှုထောင့်မှ သုံးသပ်ချက်များ၊
ရောဂါဖြစ်ပွားမှုများသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် နေ့စဉ် ဆက်လက်မြင့်မားနေမှု၊
လုပ်ငန်းများအားဆောင်ရွက်ရာတွင် သံသယလူနာများကို အားထုတ်ကြိုးပမ်းရှာဖွေပြီး ရောဂါကာကွယ် ထိန်းချုပ်ဆောင်ရွက်မှု မဟာဗျူဟာ (Containment Strategy) ဖြင့်ဆောင်ရွက်နေမှု၊
ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်ခြင်း(active surveillance)၊ သံသယ လူနာများအား စောစီးစွာထောက်လှမ်းခြင်း (early detection of suspected cases)၊ သံသယလူနာ/ အတည်ပြုလူနာများအား အခြားသူများနှင့် မထိတွေ့စေဘဲ သီးခြားခန်းတွင်ထားရှိကုသမှုပေးခြင်း (isolation and case management)၊ သံသယလူနာ/ လူနာနှင့် အနီးကပ်ထိတွေ့ဆက်ဆံဖူးသူ (contact) များကို ထောက်လှမ်း၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း (contact tracing)၊ ရောဂါ ထပ်မံ ပျံ့နှံမှုကို ကာကွယ်ထိန်းချုပ်ခြင်း (prevention of onward spread of 2019-nCoV infection)နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် သတင်းအချက်အလက်များ အပြန်အလှန်ဝေမျှခြင်း (to share full data with WHO)တို့ကို လုပ်ဆောင်နေမှု၊
တိုင်းဒေသကြီး/ ပြည်နယ် (၄) ခုမှ မြို့နယ် (၁၀) မြို့နယ်ရှိ တရားဝင်နယ်စပ် ဝင်ပေါက်၊ ထွက်ပေါက် (၂၀)ခု တွင် ခရီးသွားများအားလုံးအား Health Declaration Card ဖြည့်စွက်စေ၍ ကျန်းမာရေး အချက်အလက်များနှင့် ၎င်းတို့နေထိုင်သွားလာမည့်နေရာ အချက်အလက်များအားရယူနိုင်ရေး အားဖြည့် ဆောင်ရွက်နေမှု၊
(၄-၂-၂၀၂၀) ရက်နေ့စာရင်းအရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝင်ရောက်သည့်လေယာဉ်များ အပါအဝင် လေယာဉ် အားလုံးမှ ခရီးသည်များအား သေချာစွာစိစစ်ခဲ့မှုနှင့် အဖျားလူနာ မတွေ့ရှိမှုအခြေအနေ၊
တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနအသီးသီးမှ ပေးပို့လာသော ရောဂါစောင့်ကြပ်ကြည့်ရှုရေး ဆောင်ရွက်နေမှုနှင့် သတင်းပေးပို့နေမှုအခြေအနေများနှင့် ထူးခြား ဖြစ်စဉ်များအား တင်ပြခြင်း၊
မြန်မာနိုင်ငံတွင် ယခုအချိန်ထိ ဓာတ်ခွဲအတည်ပြုလူနာမတွေ့ရှိရမှု၊ ဝေဘာဂီဆေးရုံရှိ စောင့်ကြည့်လူနာ နှင့် သံသယလူနာများအား ဆေးကုသမှုအပါအဝင် (Facility Quarantine) ဆောင်ရွက်ထားသော လေယာဉ်အမှုထမ်း (၅) ဦး၏ အခြေအနေကောင်းမွန်မှု၊
နိုင်ငံတကာလေဆိပ် (၃) ခုအပါအဝင် နယ်စပ်ဝင်ထွက်ပေါက်များမှ ဗဟိုကူးစက် ရောဂါတိုက်ဖျက်ရေး ဌာနခွဲသို့ အချိန်နှင့်တစ်ပြေးညီ ထူးခြားဖြစ်စဉ်များအား သတင်းပေးပို့မှုများအား အင်တာနက်ကွန်ရက်မှ တစ်ဆင့် အဖွဲ့ (Viber Group) ဖွဲ့ ဆက်သွယ်ဆောင်ရွက်နေမှု၊
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့မှ အထူးလေယာဉ်ဖြင့် ပြန်လည် ရောက်ရှိ လာသော မြန်မာနိုင်ငံသား ပညာသင် (၅၉) ဦး၏ ကျန်းမာရေး အခြေအနေသည် (ယနေ့၊ နံနက်ပိုင်း စစ်ဆေးချက်များအရ) ကောင်းမွန်နေမှု၊
ဆေး နှင့် ဆေးပစ္စည်းများ စုဆောင်းထားရှိမှု၊ ရရှိမှု၊ ခွဲဝေဖြန့်ဖြူးထားမှု အခြေအနေနှင့် တစ်ကိုယ်ရေသုံး ရောဂါကာကွယ်ရေးဝတ်စုံ (personal protective equipment - PPE) များထပ်မံဝယ်ရေး ဆောင်ရွက်ထားမှု အခြေအနေ၊
နေ့စဉ်ညနေ (၆) နာရီတွင် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန (၂) ခုအကြား သတင်း အချက်အလက် ဝေမျှဆောင်ရွက်မှုအခြေအနေ၊
ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်းနှင့် ခရီးသွားလာမှုရာဇဝင် ကိုက်ညီသော လူနာတွေ့ရှိပါက သံသယလူနာ သို့မဟုတ် စောင့်ကြည့်လူနာ သတ်မှတ်နိုင်ရေးအတွက် သတင်းပေးပို့ဆောင်ရွက်ရမည့် အခြေအနေ အားညှိနှိုင်းသတ်မှတ်ခဲ့မှု၊
ဝေဘာဂီကူးစက်ဆေးရုံ၌ Quarantine လူနာများထားရှိမှုအခြေအနေနှင့် တိုင်းနှင့် ပြည်နယ်များရှိ အသစ်ဆောက်လုပ်ထားသော တိုးချဲ့ဆောင်များအား အသုံးပြုနိုင်ရေး ညှိနှိုင်းဆောင်ရွက်မှုအခြေအနေ၊
ကောလဟလသတင်းမှားများကို အချိန်နှင့် တစ်ပြေးညီ စနစ်တကျ ပြန်လည် အသိပေးရှင်းလင်းနိုင်ရေး စသည်တို့ အပါအဝင် နောက်ဆုံးသတင်း အချက်အလက်များကို တင်ပြခြင်း၊ ဝေမျှခြင်းနှင့် ဆွေးနွေး အကြံပြုခြင်းများ ဆောင်ရွက်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီး က လမ်းညွှန်ပြောကြားရာတွင် ယခုဖြစ်ပွားနေသော 2019-nCoV လတ်တလော အသက်ရှုလမ်းကြောင်း ဆိုင်ရာရောဂါ ဖြစ်ပွားပျံ့နှံ့မှုနှုန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ နေ့စဉ် ပိုမိုမြင့်မားနေသည်ကို ဆက်လက်တွေ့ရှိနေရသည့်အတွက် မိမိတို့အနေဖြင့် ရောဂါကာကွယ်ထိန်းချုပ်မှု လုပ်ငန်းများကို အရှိန် (လုံးဝ) မလျှော့ပဲ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊
နိုင်ငံတကာဖြစ်ပွားမှုများတွင် အာရှနှင့် အာဆီယံများတွင်လည်း ဖြစ်ပွားမှုများ ရှိနေခြင်း၊ တစ်ဆင့်ခံ ခရီးစဉ်များမှ ခရီးသည်များရှိနေနိုင်ခြင်းကြောင့် သက်ဆိုင်ရာ လေကြောင်းခရီးသည်များအားလည်း ဆက်လက် ဂရုပြုစောင့်ကြည့်ရန် လိုအပ်ပါကြောင်း၊
ရောဂါပိုးစတင်ကူးစက်ခံရချိန်မှ ရောဂါလက္ခဏာများ စတင်ပြသသည့် ကြားကာလ (ရောဂါပျိုးချိန်သည်) အနည်းဆုံး (၂) ရက်မှ အများဆုံး (၁၀) ရက်အထိ ရှိသည်ဖြစ်၍ ကပ်ရောဂါ ဗေဒရှုထောင့် (epidemiological point of view) မှ ကြည့်ရှုလျှင် ယခုလက်ရှိအချိန်သည် အရေးကြီး သည့် အချိန်အခါ (crucial period) နှင့် အခြေအနေဖြစ်ပါကြောင်း၊
မည်သည့်အချိန်တွင်မဆို ရုတ်ချည်းလူအများ ကပ်အသွင်ရောဂဂါကူးစက်ဖြစ်ပွားမှု (explosive outbreak) ဖြစ်ပွားနိုင်သည်ကို အလေးအနက်ထား ထည့်သွင်း စဉ်းစားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊
သံသယလူနာ (suspected case)/ လူနာနှင့် အနီးကပ်ထိတွေ့ဆက်ဆံဖူးသူ (contact) များကို ထောက်လှမ်း၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း (contact tracing) လုပ်ငန်းများကို အထူး အလေးထား ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊
လူမှုကွန်ရက်စာမျက်နှာများ၊ နိုင်ငံတကာ မီဒီယာများပေါ်သို့ ရောက်ရှိပျံ့နှံ့လာသည့် သတင်းများ၏ အတိမ်အနက်၊ အခြေအမြစ်ရှိသည်၊ မရှိသည်ကို ဆန်းစစ်သုံးသပ်ခြင်း၊ ခိုင်မာသည့် သတင်းရင်းမြစ်နှင့် တိုက်ဆိုင်စစ်ဆေးခြင်းများ ပြုလုပ်ရမည်ဖြစ်ပါကြောင်း၊
ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အမေရိကန်နိုင်ငံ US CDC၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ တရားဝင်အင်တာနက်စာမျက်နှာများကို စောင့်ကြည့် လေ့လာနေရမည်ဖြစ်ပါကြောင်း၊
မည်သည့်အဖွဲ့အစည်းမှ အကြံပြုချက်များကိုမဆို မိမိတို့နိုင်ငံ၏ လက်ရှိအခြေအနေ အရပ်ရပ်နှင့် ချိန်ထိုးကိုက်ညီမှု ရှိစေရေး စဉ်းစားသုံးသပ်ပြီးမှ ဝိုင်းဝန်း စုစည်းတိုင်ပင်ကာ ဆုံးဖြတ်ရမည် ဖြစ်ပါကြောင်း၊
မြန်မာနိုင်ငံတွင် ယခုလောလောဆယ်အချိန်အထိ ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိရသေးသော်လည်း ရောဂါပျိုးချိန်အတွင်းဖြစ်၍ ရောဂါလကခဏာမပြသေးသူများရှိ နေနိုင်သည့်အချက်ကို နောက်ခံထား၍ လုပ်ငန်းများဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊
မိမိတို့ ဝန်ကြီးဌာနမှ ဆောင်ရွက်ခဲ့သော၊ ဆောင်ရွက်နေသော လုပ်ငန်းများကို စောင့်ကြည့်သုံးသပ်မှု (monitoring) အမြဲမပြတ်ပြုလုပ်ကာ လိုအပ်သည်များအားဖြည့်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊
လုပ်ငန်းဆောင်ရွက်မှုများအားလုံးကို မှတ်တမ်းပြုစုကာ စုစည်းထားရှိရမည်ဖြစ်ပါကြောင်း၊
ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်နေသူများ အားလုံးအကြားတွင် ဆက်သွယ်မှုလမ်းကြောင်း (line of communication) ကို တိကျပြတ်သားစွာဖြင့် သတင်းပေးပို့ ဖလှယ်မှုများ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊
ယခုအစည်းအဝေးတွင် တက်ရောက်သူများ၊ လုပ်ငန်းဆောင်ရွက်နေသူများ အားလုံးသည် ပြည်သူ တစ်ရပ်လုံး၏ အကျိုးအတွက် ရောဂါကာကွယ်တားဆီးရေး လုပ်ငန်းများ ဆောင်ရွက်နေကြခြင်းဖြစ်သည်ကို နှလုံးသွင်း၍ ကြိုးပမ်းလုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊
ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၊ စောင့်ကြည့်လူနာများနှင့် သံသယလူနာများ၏ အခြေအနေ သတင်းများနှင့် ထူးခြားဖြစ်စဉ် သတင်းများကို ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ (www.mohs.gov.mm) မှ ပြည်သူများထံ အချိန်နှင့် တစ်ပြေးညီ (real time) ဆက်လက်ထုတ်ပြန် ပေးရန် ဖြစ်ပါကြောင်း၊
ဓာတ်ခွဲအတည်ပြု ရောဂါရှိသူများတွေ့ရှိပါက ၎င်းတို့ကို ထိရောက်သည့်ကုသမှုပေးရန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် အခြားနိုင်ငံများမှ ကုထုံးသစ်များ စမ်းသပ်နေမှုများကို မျက်ခြေမပြတ် ဆက်လက် စောင့်ကြည့် လေ့လာနေရမည်ဖြစ်ပါကြောင်း၊
ဓာတ်ခွဲအတည်ပြုရောဂါရှိသူများ ကုသမှုခံယူပြီး သက်သာပျောက်ကင်းသည့်အခါ ၎င်းတို့ထံမှ ရောဂါ ဆက်လက်ပြန့်ပွားနိုင်ခြေ လုံးဝမရှိသည့် အချိန်တွင်မှ ဆေးရုံမှ ပေးဆင်းရန်နှင့် ထိုသို့ ဆေးရုံ ဆင်းရာတွင် ၎င်းတို့အနေဖြင့် ဆက်လက်လုပ်ဆောင်ရမည့်အချက်များကို လက်ကမ်းစာစောင်ပြုစု ပေးအပ်ရမည် ဖြစ်ပါကြောင်း၊
တရုတ်ပြည်သူသမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်နှင့် ထိစပ်လျက်ရှိသော နယ်စပ်ဒေသများရှိ တရားဝင် ဝင်၊ ထွက်ပေါက်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုမှုများ အထူးအလေးပေးဆက်လက် အားဖြည့်ဆောင်ရွက် ရမည် ဖြစ်ပါကြောင်း၊
တိုင်းဒေသကြီး/ ပြည်နယ်များမှ သတင်းပေးပို့မှုများအပေါ် အားသာချက်၊ အားနည်းချက်များသုံးသပ်၍ ပြန်လည်ပေးပို့ (feedback) ရမည်ဖြစ်ပါကြောင်း၊
လုပ်ငန်းဆောင်ရွက်မှု အားသာချက်၊ အားနည်းချက်များအား သိရှိနားလည်နိုင်ရေးနှင့် ချိတ်ဆက် ဆောင်ရွက်မှုများ ပိုမိုအားကောင်းစေရေးအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူးများနှင့် ဆက်သွယ်ရေးကွန်ရက်အသုံးပြု ဆွေးနွေးပြောဆိုမှု (Tele Conferencing) ကို နေ့စဉ် ပြုလုပ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊
အိမ်နီးချင်းနိုင်ငံများတွင် ရောဂါဖြစ်ပွားနေမှုများကို ကိုယ်ချင်းစာနာသော်လည်း မိမိတို့နိုင်ငံတွင် ရောဂါကူးစက်ပြန့်ပွားမှုများ ဖြစ်မလာစေရေးအတွက်သည်သာ အဓိကတာဝန်အဖြစ်သတ်မှတ်ကာ အားလုံးမှ ဦးစားပေး အားထုတ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊
ပြည်သူ့ကျန်းမာရေးရှုထောင့်၊ ကပ်ရောဂါဗေဒရှုထောင့်၊ ဓာတ်ခွဲစမ်းသပ်မှုဆိုင်ရာရှုထောင့်၊ ကုသရေး ဆိုင်ရာ ရှုထောင့်စသည့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ရှုထောင့်များအပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိစပ်နေသော ပထဝီအနေအထား၊ ဒေသတွင်းရောဂါကူးစက်ပြန့်ပွားမှု၊ လူမှုရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး စသည့် အခြေအနေအရပ်ရပ်ကို ဘက်စုံထည့်သွင်းစဉ်းစား၍ ဖြစ်ပေါ်ပြောင်းလဲနေသော အခြေအနေများနှင့် အညီ တုံ့ပြန်ဆောင် ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး)၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)၊ ဒုတိယညွှန်ကြားရေးချုပ် (ပြည်သူ့ကျန်းမာရေး)၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဝယ်ယူဖြန့်ဖြူးရေး)၊ ညွှန်ကြားရေးမှူး (ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး)၊ နေပြည်တော် ခုတင် (၁၀၀၀) ဆံ့ ပြည်သူ့ဆေးရုံအုပ်ကြီး၊ ကူးစက်ရောဂါ ကုသရေးဆိုင်ရာ ပါမောက္ခများ၊ ဆေးပညာပါမောက္ခများနှင့် ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ ဓာတ်ခွဲ၊ eHealth ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများတက်ရောက်၍ ဆန်းစစ် သုံးသပ်ခြင်း၊ ဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Ref; Ministry of Health and Sports, Myanmar