Skip to main content

''ဒုတိယအကြိမ် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲ'' ကျင်းပရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၅

 

နေပြည်တော်၌ ဝန်ကြီးဌာနများ စုပေါင်း၍ “ဒုတိယအကြိမ် မြန်မာ့ရိုးရာထမနဲ ထိုးပြိုင်ပွဲနှင့် ပျော်ပွဲ ရွှင်ပွဲ”အောင်မြင်စွာ ကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ဝန်ကြီးဌာနပေါင်းစုံ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲ ကျင်းပပြု လုပ်နိုင်ရေး ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင် လှထွန်း က ယမန်နှစ်မှစတင်၍ ဝန်ကြီးဌာနပေါင်းစုံ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲကို နေပြည်တော်၌ ကျင်းပခဲ့ပါကြောင်း။

ဒုတိယအကြိမ် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ယနေ့ညှိနှိုင်း ဆွေးနွေးကြခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဇန်နဝါရီ ၂၄ ရက်ကလည်း ပထမအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပါကြောင်း၊ အဆိုပါ အစည်းအဝေးမှ တစ်ဆင့် ဝန်ကြီးဌာနပေါင်းစုံ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲကို လာမည့် ဖေဖော်ဝါရီ ၂၁ ရက်တွင် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ကျင်းပရန် သတ်မှတ်ခဲ့ကြပါကြောင်း။

ယနေ့ အစည်းအဝေးတွင် ဝန်ကြီးဌာနပေါင်းစုံ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ စည်းကမ်း သတ်မှတ် ချက်များ၊ အမှတ်ပေးစည်းမျဉ်းများ အပါအဝင် ကျန်ကိစ္စရပ်များအားလုံးကို ပြီးပြတ်အောင် ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးကြစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲ ကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူး ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များ၊ ပါဝင်ယှဉ်ပြိုင်ကြမည့် အသင်းများ၊ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ပေးရန် အချက်များ၊ ထမနဲထိုးပြိုင်ပွဲတွင် လိုက်နာရမည့် စည်းကမ်းချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော ဝန်ကြီးဌာနများနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ နေပြည်တော်ကောင်စီတို့မှ တာဝန်ရှိသူများက မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်သည်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြသည်။
ယင်းနောက် လှုပ်ရှားမှုနှင့် အချိန်အမှတ်ပေး ဆပ်ကော်မတီဥက္ကဋ္ဌ၊ အရည်အသွေးအမှတ်ပေး ဆပ်ကော်မတီ ဥက္ကဋ္ဌနှင့် အစည်းအဝေးတက်ရောက်သူများက အထွေထွေဆွေးနွေး တင်ပြကြသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

(သတင်းစဉ်)