Skip to main content

အရှေ့တောင်အာရှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အာမခံလုပ်ငန်း စီမံကိန်းနှင့် စပ်လျဉ်းသည့် အစည်းအဝေး ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၅

 

ဘေးအန္တရာယ်ဖြစ်ပွားသည့် ဒေသများရှိ တောင်သူလယ်သမားများ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်း များကို အချိန်တိုအတွင်း ပြန်လည်ထူထောင်နိုင်ရေးအတွက် အရှေ့တောင်အာရှ သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ အာမခံလုပ်ငန်း စီမံကိန်းနှင့် စပ်လျဉ်းသည့် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကား ပြောကြားရာ၌ ယနေ့ အစည်းအဝေးသည် ဒုတိယသမ္မတ (၂) ဦးဆောင်သော တောင်သူ လယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်အဖွဲ့ စုံညီအစည်းအဝေး၏ ဆုံးဖြတ်ချက်နှင့် ဆက်စပ်ပါကြောင်း၊ ဘေးအန္တရာယ် ဖြစ်ပွားသည့် ဒေသများမှာရှိသည့် တောင်သူလယ်သမားများ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို အချိန်တိုအတွင်း ပြည်လည်ထူထောင် နိုင်ရေးဆောင်ရွက်နေသည့် အရှေ့တောင်အာရှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အာမခံလုပ်ငန်း စီမံကိန်းကို အကောင်အထည် ဖော်ရန်ဖြစ်ပါကြောင်း၊ သဘာဝဘေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံသည် ပုံမှန်ခံစားနေရပါကြောင်း၊ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု များကြောင့် ပုံစံမတူသည့် ပိုမိုအားပြင်းသည့် ဘေးများကိုခံစား နေကြရကြောင်း၊ သဘာဝကြောင့်ဖြစ်သော ဘေးအန္တရာယ်များအပြင်၊ လူကြောင့်ဖြစ်ပွားသော ဘေးအန္တရာယ်များလည်းရှိကြောင်း၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းသည် အစိုးရအနေဖြင့် ဝန်ကြီးဌာနအသီးသီး၊ ကော်မတီအသီးသီးက အထူး အလေးထား ဆောင်ရွက်ရသည့် လုပ်ငန်းတစ်ခု ဖြစ်လာရပါကြောင်း။

ဘေးဒဏ်ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်စွမ်းရှိသည့် လူ့အသိုက်အဝန်းဖြစ်ပေါ်ရေး၊ ဘေးကျရောက်ပါက အလျင်အမြန် တုံ့ပြန်နိုင်ရန် စနစ်တကျကြိုတင်ပြင်ဆင်ရေးအတွက် အရေးပေါ် အခြေအနေ စီမံခန့်ခွဲမှု ဗဟိုဌာနက Standard Operating Procedure (SOP) ရေးဆွဲထားပြီးဖြစ်ကြောင်း၊ ဘေးဖြစ်ပွားပြီးပါက အလျင်အမြန် ပြန်လည်ထူထောင်ရေးသည်လည်း အရေးကြီးပါကြောင်း၊ အဓိကအားဖြင့် တောင်သူလယ်သမားများ၏ စိုက်ပျိုးရေး ကဏ္ဍသည် ရာသီဥတုအချိန်အခါနှင့် အချိန်မီ ဆောင်ရွက်ရပါကြောင်း၊ အလျင်အမြန် ပြန်လည် ထူထောင်ရေးသည် စနစ်တကျသော ထိရောက်သော လုပ်ငန်းများဖြစ်စေပြီး လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေး အတွက် အဟန့်အတား အနှောင့်အယှက်များကို လျော့နည်းစေနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ ကိစ္စများကို မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသကဲ့သို့ အရှေ့တောင်အာရှနိုင်ငံများနှင့်လည်း ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ အရှေ့တောင်အာရှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အာမခံလုပ်ငန်းစီမံကိန်း (Southeast Asia Disaster Risk Insurance Facility-SEADRIF) သည် ကမ္ဘာ့ဘဏ်၏ ချေးငွေအမေရိကန် ဒေါ်လာ (၁၁၆) သန်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် Southeast Asia Disaster Risk Management Project တွင်ပါဝင်သောလုပ်ငန်း (၅) ခုအနက်အပိုင်း (၁) ဖြစ်ကြောင်း။

ဤအရှေ့တောင်အာရှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အာမခံလုပ်ငန်းစီမံကိန်းကို ကမ္ဘောဒီးယား၊ လာအို၊ စင်္ကာပူ၊ ဂျပန်၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့နှင့်အတူ မြန်မာနိုင်ငံက နားလည်မှု စာချွန်လွှာတွင် ပါဝင်လက်မှတ် ရေးထိုးခဲ့ပါကြောင်း၊ ထိုစီမံကိန်းသည် သဘာဝဘေး အန္တရာယ်ကျရောက်မှုအတွက် အာမခံ ပရီမီယံ ဝယ်ယူခြင်း၊ ဝယ်ယူသည့် အာမခံပရီမီယံမှ လျော်ကြေးများရရှိခြင်း၊ ရရှိသည့် အာမခံလျော်ကြေး များကို ရန်ပုံငွေအရေးပေါ် သုံးစွဲမှုအစီအစဉ် (Contingency Planning) အပေါ် အခြေခံပြီး ရေးဆွဲထားသည့် Disaster Risk Financing Strategy နှင့်အညီ သုံးစွဲခြင်းတို့အတွက် ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ဒေသတွင်းအာမခံ လုပ်ငန်းစီမံကိန်းများ ဆောင်ရွက်ရန်စီစဉ်နေသကဲ့သို့ အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဗဟိုကော်မတီက ဘေးသင့်ဒေသများ အမြန်ပြန်လည်ထူထောင်ရေး ပေါင်းစပ်ညှိနှိုင်းမှု အဖွဲ့ကို ဖွဲ့စည်းပြီး တောင်သူလယ်သမားများ ထိခိုက်နစ်နာမှုနှင့် ပတ်သက်၍ အချိန်မီအမြန်ဆုံး စိုက်ပျိုး နိုင်ရေးအတွက် မျိုးစပါးနှင့်အခြားသီးနှံများကို ချက်ချင်းထောက်ပံ့ပေးနိုင်ရေးတို့ကို ထိထိရောက်ရောက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တောင်သူလယ်သမားများ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ အချိန်တို အတွင်း ပြန်လည်ထူထောင်နိုင်ရေးအတွက် အာမခံလုပ်ငန်းဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ရေး၊ စနစ်ကျရေးတို့အတွက် မူဝါဒ၊ လုပ်ငန်းအစီအစဉ်များနှင့်အညီ ဆောင်ရွက်နိုင်ရေး လက်တွေ့ကျသော အကြံပြုချက်များကို အားလုံးကညှိနှိုင်း ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်း၊ မြန်မာနိုင်ငံစပါး အသင်းချုပ်၊ Global World Insurance Company ၊ မြန်မာနိုင်ငံဆန်စပါး ကုန်သည်များ အသင်းတို့က သက်ဆိုင်ရာကဏ္ဍများ အလိုက် ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့်အတူ တက်ရောက်လာကြသူများက အကြံပြု ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးအတွက် သဘာဝဘေး အန္တရာယ်ဆိုင်ရာ အာမခံလုပ်ငန်းစီမံကိန်းကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန် ဥပဒေမူဘောင်နှင့် လုပ်ထုံးလုပ်နည်းများ ဖော်ဆောင်၍ ပုဂ္ဂလိက အဖွဲ့အစည်းများဖြင့် ပူးပေါင်းပြီး ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)