နေပြည်တော် ဖေဖော်ဝါရီ ၅
၂၀၁၉ ခုနှစ် မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုစစ်တမ်း အစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ Horizon Lake View Hotel ၌ ကျင်းပသည်။
အခမ်းအနားတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ အဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ယနေ့ထုတ်ပြန်သည့် အစီရင်ခံစာသည် မြန်မာနိုင်ငံ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့နှင့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံးတို့ ပူးပေါင်းတိုင်းတာ၍ ရရှိခဲ့သည့် ၂၀၁၉ ခုနှစ် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု စစ်တမ်းကောက်ယူခြင်း ရလဒ်များကို တင်ပြသည့် အစီရင်ခံစာ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု စစ်တမ်းနှင့် ဘိန်းစိုက်ပျိုးရာဒေသရှိ ပြည်သူ များ၏ လူမှုစီးပွားစစ်တမ်း ကောက်ယူခြင်း လုပ်ငန်းများကို ၂၀၀၁ ခုနှစ်မှ စတင်ဆောင်ရွက် ခဲ့ပါကြောင်း။
မြန်မာနိုင်ငံ၏ တရားမဝင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုသည် ၂၀၁၄ ခုနှစ်မှ စတင်၍ ယခုနှစ်အထိ ပြန်လည် ကျဆင်းခဲ့ပါကြောင်း၊ ၂၀၁၇ ခုနှစ်တွင် ဟက်တာ ၄၁၀၀၀၊ ၂၀၁၈ ခုနှစ်တွင် ဟက်တာ ၃၇၃၀၀ နှင့် ၂၀၁၉ ခုနှစ်တွင် ဟက်တာ ၃၃၁၀၀ အထိ နှစ်အလိုက် ဘိန်းစိုက်ပျိုးမှုများ ကျဆင်းလာခဲ့ပါကြောင်း၊ ၂၀၁၈ ခုနှစ် ဘိန်းစိုက်ပျိုးမှုနှင့် ၂၀၁၉ ခုနှစ် ဘိန်းစိုက်ပျိုးမှုကို နှိုင်းယှဉ်ပါက ၁၁ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပါကြောင်း၊ ဘိန်းစိုက်ပျိုးမှု လျော့ကျသကဲ့သို့ ဘိန်းထုတ်လုပ်မှုလည်း ဆက်လက်လျော့ကျ ခဲ့ပြီး ၂၀၁၇ ခုနှစ် တွင် ၅၅၀ မက်ထရစ်တန်၊ ၂၀၁၈ ခုနှစ်တွင် ၅၂၀ မက်ထရစ်တန်နှင့် ၂၀၁၉ ခုနှစ်တွင် ၅၀၈ မက်ထရစ်တန်အထိ ထုတ်လုပ်မှုကျဆင်းခဲ့ပါကြောင်း၊ အထူးသဖြင့် ယခင်က မြန်မာနိုင်ငံ၏ ဘိန်းထုတ်လုပ်မှုသည် ကမ္ဘာပေါ်တွင် ဒုတိယအဆင့်ရှိခဲ့ရာမှ ယခုကာလတွင် တတိယအဆင့်သို့ လျော့ကျ ရောက်ရှိသွားပြီ ဖြစ်ကြောင်းကို ၂၀၁၉ ခုနှစ် ကမ္ဘာ့မူးယစ် ဆေးဝါးအစီရင်ခံစာအရ မြန်မာ ပြည်သူများသို့ အသိပေးလိုပါကြောင်း။
ဘိန်းစိုက်ပျိုးမှုကို လမ်းပန်းဆက်သွယ်မှုခက်ခဲသော တောင်တန်း ဒေသများဖြစ်သည့် ရှမ်းပြည်နယ်တွင် အများဆုံးစိုက်ပျိုးပြီး ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ချင်းပြည်နယ် တို့တွင်လည်း စိုက်ပျိုးသည် ကိုတွေ့ရှိရပါကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် ဘိန်းစိုက်ပျိုးသည့် ဒေသများတွင် ဘိန်းစိုက်ပျိုးမှုများ လျော့နည်းပပျောက်ပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံ မူးယစ်တားဆီးကာကွယ်ရေး ဗဟို အဖွဲ့နှင့် ကွပ်ကဲမှုအောက်ရှိ အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှုအဖွဲ့က ဘိန်းစိုက်ပျိုးရာ ဒေသများအတွင်း လမ်းတံတား တည်ဆောက်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ ရေနှင့် စွမ်းအင် ရရှိရေးနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများ တည်ဆောက်ပေးခြင်း လုပ်ငန်းများကို နှစ်အလိုက် ဘဏ္ဍာငွေအမြောက်အမြား အကုန်အကျခံ၍ ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် နောင်တရား ဒေသတွင်လည်း အစားထိုးဖွံ့ဖြိုးရေးအထူးစီမံကိန်း Pilot Project အဖြစ် သတ်မှတ်၍ နိုင်ငံတော် ဘဏ္ဍာငွေဖြင့် ဘိန်းအစားထိုး ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း နိုင်ငံတကာ အဖွဲ့အစည်း များနှင့် ပူးပေါင်းပြီး ရေရှည်တည်တံ့သည့် အစားထိုးဖွံ့ဖြိုးရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက် ရှိပါကြောင်း။
ထို့အပြင် အစားထိုးဖွံ့ဖြိုးရေး လုပ်ငန်းများ စနစ်တကျဆောင်ရွက် နိုင်ရန်အတွက် ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းရှင်များကို ဖိတ်ခေါ်၍ ဘိန်းအစားထိုး ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ဘိန်းစိုက်ပျိုးရာ ဒေသများရှိ ဒေသခံတောင်သူများ အမှန်တကယ် အကျိုးဖြစ်ထွန်း စေမည့် အစားထိုးသီးနှံစိုက်ပျိုးခြင်းနှင့် မွေးမြူရေးလုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်ပေးခြင်း အပြင် ဈေးကွက်ရရှိရေးနှင့် အခြားဝင်ငွေရ လုပ်ငန်းများ ဖော်ဆောင်ပေးခြင်းကိုလည်း ဆောင်ရွက် ပေးလျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံးမှ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Mr. Troels Vester က အမှာစကား ပြောကြားပြီး အရှေ့တောင်အာရှ နှင့် ပစိဖိတ်ဒေသဆိုင်ရာ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး ဌာနေကိုယ်စားလှယ် Mr. Jeremy Douglas က အစီရင်ခံစာပါ အချက်အလက်များကို ရှင်းလင်း တင်ပြသည်။
ယင်းနောက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့မှ တာဝန်ရှိသူများနှင့် UNODC ရုံးမှ ကိုယ်စားလှယ်များက တက်ရောက် လာကြသည့် သတင်းမီဒီယာများ၏ မေးမြန်းချက်များကို ရှင်းလင်းဖြေကြားကြသည်။
အခမ်းအနားသို့ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးတင်မြင့်၊ ဗိုလ်ချုပ်သန်းထွဋ်နှင့် ဦးစိုးအောင်၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးတာဝန်ရှိသူများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အရာရှိကြီးများ၊ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (United Nations Office on Drugs and Crime)နှင့် ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
သတင်းစဉ်