မယ်စဲ့ ဖေဖော်ဝါရီ ၆
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဦးခင်မောင်ဖြူ၊ ပြည်နယ်စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေး၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးလှမျိုးဆွေ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့်အတူ ယမန်နေ့ မွန်းလွဲ(၂)နာရီက မယ်စဲ့မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စု/ပြည်နယ် ရန်ပုံငွေ များဖြင့် ဆောင်ရွက်နေသော (အ.လ.က)ကျောက်စု ဆရာ/ဆရာမအိမ်ရာ ဆောက်လုပ်နေမှုနှင့် ကျောင်းဆောင်သစ် ဆောက်လုပ်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား အာဟာရကျွေးမွေးရန်အတွက် ငွေကျပ်လေးသိန်းကို တာဝန်ခံကျောင်းအုပ်ကြီးနှင့် ဆရာမများထံ ပေးအပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြို့နယ်အားကစားကွင်း ကားပါကင် အဝင်လမ်းဆောင်ရွက်နေမှု၊ မယ်စဲ့-ဟိုစဲ့-ဘီပီ(၁၄)လမ်း ၁၂ပေမှ ၁၈ပေ အကျယ် ကတ္တရာ လမ်းချဲ့ခြင်းလုပ်ငန်း၊ မယ်စဲ့-နမ့်မန်း-ဘီပီ(၁၃)လမ်း ၁၂ပေမှ ၁၈ပေအကျယ် ကတ္တရာလမ်း အဆင့်မြှင့်တင်မှုလုပ်ငန်းနှင့် မြို့နယ်ပြည်သူ့ဆေးရုံ တိုးချဲ့လူနာနှစ်ထပ်ဆောင် ဆောက်လုပ်ပြီးစီးမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ဆေးရုံတက်ရောက် ဆေးကုသမှု ခံယူနေသော လူနာများအား ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ သတ်မှတ်အရည်အသွေး ပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေးနှင့် စနစ်တကျဖြစ်စေရေးတို့ကို သက်ဆိုင်ရာကုမ္ပဏီများနှင့် ဌာနဆိုင်ရာများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန် လမ်းညွန် မှာကြားခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)