စီးပွားရေးဝန်းကျင်ကောင်းကို ဖန်တီးခြင်း စကားဝိုင်းဆွေးနွေးပွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရိုက်ကူးထုတ်လွှင့်ခဲ့သည်။
အဆိုပါ စကားဝိုင်းဆွေးနွေးပွဲတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဦးသူရိန်လွင်က အစီအစဉ်မှူးအဖြစ် ဆောင်ရွက်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး (စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရလွယ်ကူမှု အထောက်အကူပြုအဖွဲ့ အဖွဲ့ခေါင်းဆောင်)၊ ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် (စီးပွားရေး လုပ်ငန်း တစ်ခု စတင်ခြင်းအညွှန်းကိန်းနှင့် အနည်းစု ရင်းနှီးမြှုပ်နှံသူများအား အကာအကွယ်ပေးခြင်း အညွှန်းကိန်းဆိုင်ရာ အထောက်အကူပြု အဖွဲ့ခေါင်းဆောင်)၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး (ဆောက်လုပ်ခွင့်ရယူခြင်း အညွှန်းကိန်းဆိုင်ရာ အထောက်အကူပြု အဖွဲ့ခေါင်းဆောင်) နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ် (ပုဂ္ဂလိက ကဏ္ဍကိုယ်စားလှယ်) တို့က ပါဝင် ဆွေးနွေးခဲ့ကြသည်။
အစီအစဉ်မှူး။ ။ ပထမဆုံးအနေနဲ့ Ease of Doing Business ရဲ့ အဓိပ္ပာယ်ကို ဒုတိယဝန်ကြီးက ရှင်းပြပေးပါဦးခင်ဗျာ။
ဦးအောင်ထူး ။ ။ ဈေးကွက် စီးပွားရေး စနစ်ကို ကျင့်သုံးရာမှာ အဓိကအရေးပါတဲ့ အခန်းကဏ္ဍက ပုဂ္ဂလိကကဏ္ဍဖြစ်ပါတယ်။ ဒါကြောင့် ပုဂ္ဂလိကကဏ္ဍကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမယ်လို့ ကျွန်တော်တို့ ခံယူထားပါတယ်။ အဲဒီလို ခံယူတဲ့အတွက်ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို ဒုတိယသမ္မတ ဦးမြင့်ဆွေက ခေါင်းဆောင်ပြီး ဖွဲ့စည်းခဲ့ပါတယ်။ ကော်မတီအနေနဲ့ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးဖို့ စီးပွားရေးအခွင့် အလမ်းကောင်းတွေ၊ ပတ်ဝန်းကျင်ကောင်းတွေ ဖန်တီးပေးဖို့လိုအပ်တယ်လို့ ခံယူတဲ့အတွက် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရလွယ်ကူမှု အထောက်အကူပြုအဖွဲ့ကို ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ ကျွန်တော်တို့အနေနဲ့ ၂၀၁၈ ခုနှစ် အောက်တိုဘာလ အတွင်းမှာ နိုင်ငံပိုင် ရုပ်မြင်သံကြားနဲ့ သတင်းစာတွေကနေ တစ်ဆင့် လုပ်ငန်းတွေ ဘယ်လိုဆောင်ရွက် နေတယ်ဆိုတာကို ရှင်းပြခဲ့ပါတယ်။
အဲဒီလိုရှင်းပြခဲ့ပြီး ကျွန်တော်တို့ရဲ့ အထောက်အကူပြုအဖွဲ့ ၁ဝ ဖွဲ့က အဖွဲ့အလိုက် ကြိုးပမ်းဆောင်ရွက် ခဲ့တဲ့အတွက် တစ်နှစ် နှစ်လကြာတဲ့အချိန်မှာ မြန်မာနိုင်ငံဟာ ကမ္ဘာ့ဘဏ်ရဲ့စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ရလွယ်ကူမှု အညွှန်းကိန်းမှာ အဆင့် ၁၇၁ ကနေ ၁၆၅ အထိ ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ကျွန်တော်တို့အဖွဲ့တွေကို ဒုတိယသမ္မတက ချမှတ်ထားတဲ့ မူလရည်မှန်းချက် အညွှန်းကိန်းဟာ ၁၀၀ အောက်ကို ကျရောက်ရမယ်လို့ ချမှတ်ထားပေးတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အဖွဲ့တွေအနေနဲ့ ၁၀၀ အောက်ကိုရောက်အောင် ဆက်လက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။
အစီအစဉ်မှူး ။ ။ အရင်နှစ်ကထက် အဆင့် ၆ ဆင့် တက်လာပါတယ်။ ဒီလို တက်လာအောင် ဘယ်လိုပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ခဲ့ရတယ် ဆိုတာကိုလည်း ရှင်းပြပေးပါဦးခင်ဗျာ။
ဦးအောင်ထူး ။ ။ ပထမအဆင့်မှာ အထောက်အကူပြုအဖွဲ့တွေကို ပြန်လည် ပြုပြင်ဖွဲ့စည်းတာ ဖြစ်ပါတယ်။ ဒီလိုဖွဲ့စည်းရာမှာ သက်ဆိုင်ရာ အထောက်အကူပြုအဖွဲ့ ခေါင်းဆောင်တွေကို အမြဲတမ်း အတွင်းဝန်တွေ၊ ညွှန်ကြားရေးမှူးချုပ်တွေနဲ့ ဦးဆောင်ညွှန်ကြားရေးမှူးတွေက ခေါင်းဆောင်ပြီး တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်စေခြင်း ဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက်ရာမှာ ကျွန်တော်တို့ အနေနဲ့ အထောက်အကူပြုအဖွဲ့ရဲ့ ရုံးအဖွဲ့ကို ထူထောင်ပြီး ကမ္ဘာ့ဘဏ်က အတိုင်ပင်ခံတွေနဲ့ တိုင်ပင်ပြီး နှစ်ပတ်တစ်ကြိမ် အစည်းအဝေးတွေကို အကြိမ်ကြိမ်ကျင်းပပြီး လုပ်ငန်းတွေ အောင်မြင်အောင် လုပ်ငန်း အစီအစဉ် Action Plan ကို ရေးဆွဲပြီး ကာလတို၊ ကာလလတ်နဲ့ ကာလရှည် ရည်မှန်းချက် တွေကို ချမှတ်ဆောင်ရွက်ခဲ့ပါတယ်။
အစီအစဉ်မှူး ။ ။ ကျွန်တော်တို့ စီးပွားရေး လုပ်ငန်းတစ်ခု စတင်ခြင်း (Starting a Business Indicator) ဆိုင်ရာ အထောက်အကူပြုအဖွဲ့မှာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနအနေနဲ့ ဘယ်လို အခန်းကဏ္ဍက ပါဝင်ပြီး အဆင့်နဲ့ရမှတ်တွေ တိုးတက်အောင် ဆောင်ရွက်ခဲ့ရတယ်ဆိုတာကို ပြည်သူတွေ သိရှိအောင် ရှင်းပြပေးပါဦး ခင်ဗျာ။
ဦးသန့်စင်လွင် ။ ။ ကျွန်တော်တို့ဌာနက Starting a Business လို့ ခေါ်တဲ့ စီးပွားရေး လုပ်ငန်းတစ်ခု စတင်တယ်ဆိုရင် မြန်မာနိုင်ငံမှာ ကုမ္ပဏီတည်ထောင်ပြီး စီးပွားရေးလုပ်ငန်း စတင်ရတာဖြစ်ပါတယ်။ အဲဒီတော့ ကုမ္ပဏီ တည်ထောင်မှတ်ပုံတင်ဖို့ ရှေးယခင်က တစ်လလောက်၊ နှစ်ပတ်လောက်၊ တစ်ပတ် လောက် အချိန်ယူဆောင်ရွက်ခဲ့ရတာတွေ ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံက Ease of Doing Business Score မှာ ပါဝင်ဆောင်ရွက်တဲ့ အချိန်ကစပြီး ရင်းနှီးမြှုပ်နှံမှုအတွက် စီးပွားရေးလုပ်ငန်းတစ်ခု စတင်တဲ့ အပိုင်းမှာ အဆင့်က ၁၄ဝ နဲ့ ၁၈၆ အကြားမှာ ရှိခဲ့ပါတယ်။
မနှစ်က ၁၅၂ ရရှိခဲ့ပြီး ဒီနှစ်မှာ အဆင့် ၇ဝ ကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ အဆင့် ၈၂ ဆင့် တိုးတက် ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီလို တိုးတက်ရောက်ရှိခဲ့တာကို ကြည့်မယ်ဆိုရင် အာဆီယံ၁၀နိုင်ငံထဲမှာ ၂၀၁၉ ခုနှစ်ရဲ့ Starting a Business စီးပွားရေးလုပ်ငန်း တစ်ခုစတင်ခြင်းက ကျွန်တော်တို့နိုင်ငံ တစ်နိုင်ငံတည်း တိုးတက်တာဖြစ်ပါတယ်။ ကျန်တဲ့နိုင်ငံတွေက အဆင့် ၁ ဆင့်ကနေ အဆင့် ၁၆ ဆင့် ကြားထဲကို လျော့ကျသွားခဲ့ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ကျွန်တော် တို့နိုင်ငံမှာ စီးပွားလုပ်ငန်း တစ်ခု စတင်ဖို့အတွက် ဆောင်ရွက်မှုတွေဟာ အောင်မြင်မှုရှိတယ်ဆိုတာကို တင်ပြလိုပါတယ်။
အစီအစဉ်မှူး ။ ။ ဆောက်လုပ်ခွင့်ရယူခြင်းအညွှန်းကိန်းဆိုင်ရာ အထောက်အကူပြုအဖွဲ့ အနေနဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ဘယ်လိုအခန်းကဏ္ဍက ပါဝင်ပြုပြင်ပြောင်းလဲပြီး အခုလို အဆင့်တွေတိုးတက်အောင် ဘယ်လိုဆောင်ရွက်ခဲ့ရတယ် ဆိုတာကို ရှင်းပြပေးပါဦးခင်ဗျာ။
ဒေါ်လှိုင်မော်ဦး ။ ။ ကမ္ဘာ့ဘဏ်မှာ အဆောက်အဦ ဆောက်လုပ်ခွင့်နဲ့ပတ်သက်ပြီး အညွှန်းကိန်းကို စောင့်ကြည့်ရာမှာ လူဦးရေ သန်း ၁၀၀ အောက်ရှိတဲ့ နိုင်ငံတွေအတွက် အကြီးဆုံး မြို့ကြီးတစ်မြို့မှာ ပေးနေတဲ့ ဆောက်လုပ် ခွင့်ပြုမိန့်တွေနဲ့ ပတ်သက်ပြီး အကဲဖြတ်ပါ တယ်။ ဒါကြောင့် လူဦးရေသန်း ၁၀၀ အောက်မှာရှိတဲ့ မြန်မာနိုင်ငံအတွက် လူဦးရေအများ ဆုံးဖြစ်တဲ့ ရန်ကုန်မြို့ရဲ့ဆောက်လုပ်ခွင့်ပြု အမိန့်နဲ့ ပတ်သက်တဲ့ ပါမစ်တွေပေးတဲ့ စနစ်တွေကို သူတို့က စောင့်ကြည့်အကဲဖြတ်ခြင်း ဖြစ်ပါတယ်။
အဲဒါကြောင့် ဒီလိုဆောက်လုပ်ခွင့်တွေ ပေးနေတဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက အဓိကထားပြီး ပေးနေတာဖြစ်တဲ့အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအတွင်း ရေးမှူး ဖြစ်တဲ့ ကျွန်မက ပါဝင်ဆောင်ရွက်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။
ဒီလိုဆောင်ရွက်ရာမှာ ခွင့်ပြုမိန့်တွေကို ထုတ်ပေးတဲ့အချိန်မှာ လက်ရှိကျင့်သုံးနေတဲ့ လုပ်ထုံးလုပ်နည်း တွေ၊ ဆောင်ရွက်နေတဲ့ လုပ်ငန်းအဆင့်ဆင့်တွေ၊ တောင်းခံနေရတဲ့ ထောက်ခံစာတွေ၊ ပေါင်းစပ်ရတဲ့ ဌာနတွေနဲ့ အဖွဲ့အစည်းတွေ ပေါင်းစပ်နေတဲ့အခြေအနေတွေကို ကျွန်မတို့အနေနဲ့ ပြန်လည်ဆန်းစစ် သုံးသပ်ခဲ့ပါတယ်။ အဲဒီလို သုံးသပ်ပြီးတဲ့နောက် ခွင့်ပြုမိန့်ထုတ်ပေးရာမှာ ပိုမိုမြန်ဆန်ချောမွေ့ မှုရှိပြီး လုပ်ရ၊ ကိုင်ရ လွယ်ကူရိုးရှင်းအောင် လျှော့သင့်တဲ့အဆင့်တွေကို လျှော့ချခဲ့ပါတယ်။
ထောက်ခံစာတောင်းခံရာမှာ ဖြုတ်နိုင်တဲ့ ထောက်ခံစာတွေကို ဖြုတ်ခဲ့ပါတယ်။ ပြုပြင်သင့်တဲ့ လုပ်ထုံး လုပ်နည်းတွေကိုလည်း ပြုပြင်သလို ညှိနှိုင်းပေါင်းစပ်ရာမှာလည်း ဌာနအချင်းချင်း ညှိနှိုင်းပေါင်းစပ် မှုတွေကို ဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင် ဒီလိုဆောင်ရွက် နေတဲ့ကိစ္စတွေကို အများပြည်သူနဲ့ ပညာရှင် တွေသိရှိအောင် ပွင့်လင်းမြင်သာစွာ အသိပေးသင့်တဲ့ အချက်တွေ၊ အသိပေးနိုင်မယ့် နည်းလမ်းတွေကို လည်း ဖော်ထုတ်ခဲ့ပါတယ်။
ဦးစားပေး အစီအစဉ်အလိုက်လည်း တစ်ဆင့်ချင်း လက်တွေ့အကောင်အထည် ဖော်ခဲ့ပါတယ်။ ဆက်လက်ပြီး ဖော်ဆောင်လျက်ရှိပါတယ်။ ဒါကြောင့် Doing Business ၂၀၁၉ ခုနှစ်တုန်းက အညွှန်းကိန်းရဲ့ အဆင့် ၈၁ ရှိခဲ့ရာကနေ Doing Business ၂၀၂ဝ ပြည့်နှစ်မှာ အဆင့် ၄၆ ကို ရောက်ရှိ ခဲ့ခြင်း ဖြစ်ပါတယ်။ တစ်နှစ်ထဲမှာ အဆင့် ၃၅ ဆင့်တိုးခဲ့ခြင်းဖြစ်ပါတယ်။
အစီအစဉ်မှူး ။ ။ နောက်ထပ် Protecting Minority Investors ဆိုင်ရာ အထောက် အကူပြုအဖွဲ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနအနေနဲ့ ဘယ်လို အခန်းကဏ္ဍက ပါဝင်ပြီး ဘယ်လို ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ခဲ့လို့ အခုလိုအဆင့်တွေ တိုးတက်ရရှိခဲ့တယ်ဆိုတာကိုလည်း ရှင်းပြ ပေးပါဦး။
ဦးသန့်စင်လွင် ။ ။ Protecting Minority Investors ဆိုတာ အနည်းစုရင်းနှီးမြှုပ်နှံသူ များကို အကာအကွယ် ပေးခြင်းဖြစ်ပါတယ်။ အနည်းစု ရင်းနှီးမြှုပ်နှံသူများကို အကာ အကွယ်ပေးခြင်းနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ဌာနက တာဝန်ယူဆောင်ရွက်ရာမှာ ၂၀၁၄ ခုနှစ်ကစပြီး ၂၀၁၉ ခုနှစ်အထိ အဆင့် ၁၇၀ အောက်ကို မရောက်ခဲ့ပါဘူး။ မနှစ်ကအဆင့် ၁၈၅ ကနေ အဆင့် ၁၇၆ ကို အဆင့် ၉ ဆင့် လျော့ပြီး ရောက်ရှိခဲ့ပါတယ်။
ဒါက မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေကို စတင်ကျင့်သုံး ထုတ်ပြန်တာကြောင့် ဒီဥပဒေရဲ့ ပေးထားချက် များအရ ဥပဒေက အကာအကွယ်ပေးတဲ့အချက်တွေ ပေါ်ပေါက် လာလို့ ဒီလိုအဆင့် ၉ ဆင့်ကို လျော့ကျ ရောက်ရှိခဲ့တာဖြစ်ပါတယ်။ အဓိကကတော့ ကုမ္ပဏီများဥပဒေမှာပါတဲ့ ရင်းနှီးမြှုပ်နှံသူတွေ၊ ဒါရိုက်တာ တွေ၊ စီမံခန့်ခွဲမှုတွေ၊ အစည်းအဝေး များ လုပ်ဆောင်မှုတွေ၊ ပွင့်လင်းမြင်သာမှုတွေ စတဲ့အချက်တွေကို အကဲဖြတ်ပြီး လုပ်ဆောင်တာဖြစ်ပါတယ်။ ကုမ္ပဏီများဥပဒေ ထုတ်ပြန်နိုင်တာကြောင့် အဆင့် ၉ ဆင့်လျော့ပြီး ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။
အစီအစဉ်မှူး ။ ။ ပုဂ္ဂလိက ကဏ္ဍဘက် ကရော အဆင့်နဲ့ ရမှတ်တွေတိုးတက်အောင် ဘယ်လိုပါဝင် ခဲ့ရသလဲ။ ပုဂ္ဂလိကကဏ္ဍ ဘက်က ဘယ်လိုပူးပေါင်းပါဝင်ဆောင်ရွက် ခဲ့ရတယ်ဆိုတာကို ရှင်းပြပေး ပါဦး။
ဒေါ်ခိုင်ခိုင်နွယ် ။ ။ တကယ်တော့ Doing Business ဆိုတာ လုပ်ငန်းလုပ်ကိုင်ရ လွယ်ကူမှုကို ကမ္ဘာ့ဘဏ်ကနေ တစ်ကမ္ဘာ လုံးမှာရှိတဲ့ နိုင်ငံတွေကို တိုင်းတာတာဖြစ်ပါ တယ်။ မူဝါဒတွေ၊ လုပ်ငန်း အဆင့်တွေ ပြောင်းလဲအောင်လုပ်ရမှာက အစိုးရဌာနရဲ့ တာဝန်ပါ။ ဒါကို အသုံးပြုတဲ့အခါ လုပ်ငန်းရှင် ပြည်သူဘက်က အသုံးပြုရပါတယ်။ ပြောင်းလဲမှုကို အသုံးပြုတဲ့သူကလည်း သိဖို့ အရေးကြီးပါတယ်။
ပြောင်းလဲနေပြီး ကိုယ်အသုံးမပြုဘူး ဆိုရင် ဒီအမှတ်ကလည်း မတက်ပါဘူး။ ဒါကို ကျွန်မတို့က သိတဲ့ အတွက် ဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အများကြီးလုပ်ခဲ့ ပါတယ်။ ဒုတိယဝန်ကြီးလည်း ပြောခဲ့ပါ တယ်။ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှာ အစိုးရ-ပုဂ္ဂလိက ရင်းနှီးစွာ ဆွေးနွေး ပြောဆိုမှုတွေ ပြုလုပ်ပြီး လုပ်ငန်းလုပ်ဖို့အတွက် အခက်အခဲတွေရှိနေတယ်။ ဒါလေးကို ကူညီပါ။ အဲဒီကနေပြီး ဝန်ကြီးဌာနတွေဘက်ကလည်း ပြုပြင်ပြောင်းလဲ ရမယ့်အချက်တွေကို ပြောင်းလဲဖို့ Initiate လုပ်လာပါတယ်။ ပြောင်းလည်း ပြောင်းလဲ လာကြပါတယ်။
ကျွန်မတို့က အတူပူးပေါင်းဆောင်ရွက် တာဖြစ်ပါတယ်။ ပြောင်းလဲမှုနဲ့ သုံးစွဲသူ အသိချင်း ကိုက်သွား တဲ့အခါ အမှတ်က တက်လာတာဖြစ်ပါတယ်။ အရေးကြီးတာ ကလည်း အဲဒါပါ။ တစ်ဖက်တည်း ပြောင်းလို့ လည်းမရ၊ တစ်ဖက်တည်းသိလို့လည်း မရပါဘူး။ ဒီလိုလုပ်ခဲ့ရာမှာ ဥပမာ- စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဆိုရင်လိုင်စင်အွန်လိုင်းစနစ်ပေးပါတယ်။ အခုဆိုရင် အကုန်လုံး အွန်လိုင်းစနစ်နဲ့ လိုင်စင် လျှောက်လို့ရနေပြီဖြစ်ပါတယ်။
ကျွန်မတို့ ၂၀၁၅- ၂၀၁၆ ကတည်းက ဒီစနစ်အသုံးပြုဖို့ စတင်ပြင်ဆင်ခဲ့ပြီး စမ်းသပ်မှုကို အထည်ချုပ် လုပ်ငန်းနဲ့ စခဲ့တာပါ။ ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှာ စက်ရုံ ၁ဝ ရုံလောက်နဲ့ စမ်းသပ်ပါတယ်။ နောက် စက်ရုံ ၄၇ ရုံဖြစ်လာပါတယ်။၂၀၁၈ ခုနှစ်မှာ Fully အွန်လိုင်းစနစ်ကို သွားနိုင်ခဲ့တာ ဖြစ် ပါတယ်။ ဒီလိုအွန်လိုင်းစနစ်ကို လုပ်တဲ့အတွက် Step တွေလည်း လျော့လာပါတယ်။ Web Page စနစ်ဖြစ်တဲ့ အတွက် လုပ်ငန်းရှင်တွေက ဝန်ကြီးဌာနကို သွားစရာ မလိုပါဘူး။
ဘယ်အချိန်ပဲဖြစ်ဖြစ်၊ ဘယ်နေရာပဲ ဖြစ်ဖြစ် အင်တာနက်ရှိရင် လိုင်စင်ကို လျှောက်လို့ရပါပြီ။ ပြီးတော့ သူ့မှာ Password ရှိတယ်၊ Username ရှိတယ် ဆိုရင် သူကြိုက်တဲ့အချိန် စစ်လို့ရပါပြီ။ အဲဒီ လိုတွေ အရမ်းလွယ်ကူလာပါတယ်။ လွယ်ကူလာတော့ လုပ်ငန်းရှင်တွေဘက်က စရိတ်လည်း သက်သာလာ ပါတယ်။ စက္ကူအသုံး ပြုမှုဆိုရင် ကျွန်မတို့ ၇ဝ ရာခိုင်နှုန်းအထိ ကျလာပါတယ်။ Costing တွေလျော့လာ တာဖြစ်ပါတယ်။
ဒီလိုဖြစ်လာတော့ GSP ရပြီး၂၀၁၄-၂၀၁၅ ခုနှစ်မှာ စက်ရုံ ၆၀ကျော်၊၂၀၁၉ ခုနှစ် မှာ၇၅ ရုံတိုးလာ ပါတယ်။ ပျမ်းမျှဆိုရင် တစ်လကို စက်ရုံ ၆ ရုံလောက်တက်လာပါတယ်။ ဒါတွေက ခုနကလို လုပ်ငန်းတွေလုပ်တဲ့အခါ ပိုမိုလွယ်ကူလာတာကြောင့်လည်း ဖြစ်ပါတယ်။ ပြီးတော့ မူဝါဒ အပြောင်းအလဲကို အသိအမှတ်ပြုလာတာလည်း ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်မတို့အနေနဲ့ ဒါကို ထပ်ပြီးတိုးတက်မှုရှိအောင် ပူးပေါင်းဆောင် ရွက်သွားဖို့အတွက် ဝန်ကြီးဌာနနဲ့ပြောပြီးဆောင်ရွက်နေ ပါတယ်။ အခုလည်း ဆောင် ရွက်နေတာတွေ ရှိပါတယ်။
အစီအစဉ်မှူး ။ ။ အခုလို အနေအထား မျိုးရောက်လာတာ လွယ်လွယ်ကူကူနဲ့ ရောက်လာတာ မဟုတ်ပါဘူး။ အခုလို ပြုပြင်ပြောင်းလဲမှုလုပ်ဖို့အတွက် ဘယ်လို အခက်အခဲတွေ တွေ့ကြုံရမလဲ ဆိုတာကို ပြည်သူတွေသိရှိအောင် ရှင်းပြပေးပါဦး။
ဦးအောင်ထူး ။ ။ အခက်အခဲတွေက အများကြီးပါ။ ပထမအချက်က Mindset စိတ်ရဲ့ ခံယူချက်တွေ လည်း ပြောင်းလာ တာဖြစ်ပါတယ်။ ဆိုလိုတာက အရင်တုန်း က အစိုးရလုပ်ငန်းတွေကို လုပ်ကိုင်ရတာ တော်တော်ကိုခက်ခဲတယ်ဆိုပြီး ပြည်သူတွေက ခံယူထားပါတယ်။ အစိုးရဌာနတွေမှာ တာဝန်ယူတဲ့ သူတွေကလည်း ပြည်သူ တွေရဲ့အခြေအနေတွေကို သေသေချာချာနားလည်သဘောပေါက်မှုမရှိခဲ့ပါဘူး။ အဲဒီ တော့ဒီခံယူချက်ကို ပြောင်းလဲခဲ့ရတာဖြစ် ပါတယ်။ဒါဟာအခက်အခဲဆုံးပြဿနာကြီးပါ။ အစိုးရရဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို ပြည်သူတွေအတွက် အကျိုးပြုမယ်ဆိုတဲ့ စိတ်ထားမျိုးဖြစ်ပေါ်လာအောင် ကျွန်တော် တို့အနေနဲ့ပြောင်းလဲပြီး ပြုပြင်ပြောင်းလဲမှု တွေကို လုပ်ခဲ့ပါတယ်။
တကယ်တော့ ပြုပြင်ပြောင်းလဲမှုတွေကို ၂၀၁၁ ခုနှစ်ကတည်းက လုပ်ခဲ့တာပါ။ လုပ်ပေမယ့် အစိုးရဘက်က ပြောင်းလဲမှုတွေကို ပြည်သူတွေက မသိရှိကြဘူးဖြစ်နေ ပါတယ်။ ဒီနေရာမှာ ကွာဟမှု လေးဖြစ်နေတာပါ။ အဲဒီလိုဖြစ်တဲ့အခါ စီးပွားရေး လုပ်ငန်းတွေလွယ်ကူအောင် လုပ်တဲ့အခါ ဘာလိုလဲ ဆိုတာကို တွေ့လာရပါတယ်။ အဲဒါကဘာလဲဆိုတော့ အများပြည်သူသိရှိ အောင်လုပ်ဆောင်တဲ့ လုပ်ငန်း တွေက အရေးပါတယ်ဆိုတာ တွေ့ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ အများ ပြည်သူကို အသိပေးတဲ့လုပ်ငန်းတွေ အများ ကြီးလုပ်လာရပါတယ်။
ကျွန်တော်တို့မှာ Communication Plan လို့ခေါ်တဲ့ အများပြည်သူနဲ့ဆက်သွယ် ဆောင်ရွက်တဲ့လုပ်ငန်း တွေကို အလေး ထားပြီး လုပ်ဆောင်လာခဲ့ရတယ်ဆိုတာ ကို တွေ့ရပါတယ်။နောက်တစ်ခု ကမ္ဘာ့ဘဏ် က Ranking ကိုအမှတ်ပေးရာမှာ ပြုပြင် ပြောင်းလဲသူအပိုင်းကသာ ကြည့်တာ မဟုတ်ဘဲ ပြုပြင် ပြောင်းလဲမှုကို အကျိုး ခံစားရတဲ့ပုဂ္ဂလိကကဏ္ဍကိုလည်း ကြည့်ပါ တယ်။ အဲဒီလိုကြည့်ရာမှာ သူက မေးခွန်းလွှာတွေကို မေးပါတယ်။ ဖြေတဲ့ပုဂ္ဂလိက ကဏ္ဍအနေနဲ့ အစိုးရက ဘာတွေပြုပြင် ပြောင်းလဲ လိုက်တယ်ဆိုတာကို သူတို့တွေ မသိရှိဘူး ဖြစ်နေတယ်။ ဒါကို သိရှိအောင် ကျွန်တော်တို့အနေနဲ့ Seminar တွေ၊ ဟောပြောပွဲတွေလုပ်ပါတယ်။ ပြောင်းလဲမှု တွေက ဒါတွေရှိပါတယ်ဆိုတာကို ပုဂ္ဂလိက ကဏ္ဍကို ရှင်းပြခဲ့ပါတယ်။ ပုဂ္ဂလိကကဏ္ဍကလည်း အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို နားလည်လာပြီး ကမ္ဘာ့ဘဏ်ကမေးတဲ့ မေးခွန်းတွေကို ပိုမိုပြီး မှန်မှန်ကန်ကန် ဖြေဆိုလာတာကို တွေ့ရပါတယ်။ အဲဒီလို ဖြေဆိုလာတဲ့အတွက် ကျွန်တော်တို့ရဲ့ အမှတ်တက်လာတဲ့အပိုင်းလည်း ဖြစ်ပါတယ်။
အများပြည်သူသိရှိအောင် ကျွန်တော်တို့ဘာတွေလုပ်ခဲ့ရသလဲဆိုရင် Ease of Doing Business စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရလွယ်ကူမှု အင်တာနက်စာမျက်နှာကို ထူထောင်ရပါတယ်။ ဒါကို ထူထောင်ပြီး ပြုပြင်ပြောင်းလဲမှုမှာ ဘယ်သူတွေက ဦးဆောင်ပြီးလုပ်ဆောင်နေသလဲ၊ ဘာတွေကို ပြုပြင်ပြောင်းနေသလဲဆိုတာကို တင်ပြရပါ တယ်။
ကျွန်တော်တို့ အစိုးရရဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေမှာ ပြုပြင်ပြောင်းလဲမှုက အဓိက အချက်သုံးချက်ပါ။ တစ်ချက်က အစိုးရရဲ့ခွင့်ပြု ချက်တစ်ခုကို ရဖို့ဆိုရင် အချိန် ဘယ်လောက်ကြာမလဲ။ ဒီအချိန်ကို ကျွန်တော်တို့ တတ်နိုင်သလောက် လျှော့ချရမယ်။ နောက်ပြီး အဆင့် တွေ ဘယ်လောက်လုပ်ရမလဲ။ အဆင့် ၁ဝ ဆင့်လုပ်ရမလား။ အဆင့် ၁၅ ဆင့်လုပ်ရမလား။ အဲဒါကို ကျွန်တော်တို့က တတ်နိုင် သလောက် အနည်းဆုံးဖြစ်အောင် လျှော့ချရမယ်။
နောက်ပြီး အစိုးရထံက ခွင့်ပြုချက်တွေ ရရှိဖို့ဆိုရင် ငွေကြေးကုန်ကျမှု ဘယ်လောက် ရှိမလဲ။ ဒါတွေကို ကျွန်တော်တို့က လျှော့ချရမယ်။ အချိန်လျှော့ချရမယ်။ ငွေကြေးကုန်ကျမှုကို လျှော့ချရမယ်။ အဆင့် တွေကို လျှော့ချရမယ်။ နောက်ပြီးအစိုးရရဲ့ဝန်ဆောင်မှုလုပ်ငန်းတွေက တတ်နိုင်သမျှ ရိုးရှင်းလွယ်ကူမှု ရှိရမယ်။ ဒီအပိုင်းတွေကို ကျွန်တော်တို့အနေနဲ့ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
ဒေါ်လှိုင်မော်ဦး။ ။ ကျွန်မအနေနဲ့ ဒုတိယ ဝန်ကြီးပြောတာရော၊ ပုဂ္ဂလိကကဏ္ဍက ပြောတာရော နည်းနည်းဖြည့်စွက်ပြီး ပြောပြချင်ပါတယ်။ ဒါက ကိုယ့်ရဲ့အတွေ့အကြုံပါ။ တစ်ဖက်က ကျွန်မတို့ဘက် က ပြုပြင်ပြောင်းလဲမှုတွေ ဘယ်လောက်ပဲလုပ်လုပ် ကမ္ဘာ့ဘဏ်က ဘယ်လိုအမှတ်ပေးနေသလဲ။ သူများ နိုင်ငံတွေက ဘယ်လိုလုပ်နေသလဲဆိုတာ မသိရင် ကျွန်မတို့လုပ်နေတဲ့ ပြုပြင်ပြောင်းလဲမှုက လိုအပ်တဲ့ လမ်းကြောင်းပေါ်ကို မရောက်နိုင်တာရှိပါတယ်။ အဲဒီတော့အဆင့်နဲ့ ရမှတ်တိုးတက်အောင် ကမ္ဘာ့ဘဏ် က နိုင်ငံတွေကို ဘယ်လို အကဲဖြတ်နေသလဲ။ သူများနိုင်ငံ တွေကရော ဘယ်လိုပြုပြင်ပြောင်းလဲမှုတွေ ကို လုပ်နေသလဲဆိုတာ ကျွန်မတို့ လေ့လာခဲ့ ရပါတယ်။
အဲဒီလိုလေ့လာပြီး ကမ္ဘာ့ဘဏ်ကပုဂ္ဂိုလ်တွေနဲ့လည်း ဆွေးနွေးရသလို Communication မှာနှစ်ပိုင်း ရှိပါတယ်။ ကမ္ဘာ့ဘဏ်က အမှတ်ပေးတဲ့ ပုဂ္ဂိုလ်တွေက ကျွန်မတို့နိုင်ငံ မှာလုပ်နေတဲ့ လုပ်ထုံးလုပ်နည်း တွေကို တကယ်အမှန်အတိုင်း နားလည်ဖို့ပြောပြရ တာရှိပါတယ်။ ပုဂ္ဂလိကကဏ္ဍကလည်း ကျွန်မ တို့ရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို သိရှိအောင် ဆောင်ရွက်ရတဲ့အပိုင်း နှစ်ပိုင်းရှိပါတယ်။ အဲဒီလို ဆောင်ရွက် ရာမှာ ကမ္ဘာ့ဘဏ်ရဲ့ ဆောင်ရွက်မှုက ကျွန်မတို့ရဲ့ အဆင့်တွေကို လျှော့ချတယ်လို့ ထင်ပါတယ်။ သူတို့ရဲ့ အဆင့် တွက်ပုံတွက်နည်းက ကျွန်မတို့ မထင်တဲ့ နည်းတွေဖြစ်နေရင် အခြားနိုင်ငံတွေနဲ့ ယှဉ်ရင် ကျွန်မတို့ဘက်က ပြုပြင်ပြောင်းလဲမှုမဖြစ် ပါဘူး။
ဥပမာ ကျွန်မတို့ ကဏ္ဍမှာဆိုရင် အပိုင်း ၄ ပိုင်းကို သူတို့က အမှတ်ပေးပါတယ်။ ပထမတစ်ပိုင်းက ဒုတိယဝန်ကြီး ပြောသလိုပါပဲ လုပ်ငန်းအဆင့် ဘယ်လောက်ရှိသလဲ၊ အချိန် ဘယ်လောက်ကုန်သလဲ၊ ကုန်ကျစရိတ် ဘယ်လောက်ရှိသလဲ၊ အဲဒီအပြင်အာမခံချက် ဘယ်လောက်ရှိသလဲ၊ အရည်အသွေးပိုင်းနဲ့ ပတ်သက်ပြီး ဘယ်လောက်ရှိသလဲဆိုတဲ့ အပိုင်း ၄ ပိုင်းကို သူတို့က အမှတ်ပေးပါတယ်။
ဒါတွေကို သူများနိုင်ငံတွေက ဘယ်လို လုပ်သလဲဆိုတာ ကျွန်မတို့က ကြည့်ရပါတယ်။ အဆင့်တွေ လျှော့ချနိုင်ဖို့ ဘာတွေလုပ်သလဲ၊ အဆင့်တစ်ဆင့်ကို ဘယ်လိုတွက်သလဲ၊ အရင် တုန်းက ကျွန်မတို့ အဆင့်က ဒါလောက်ပဲရှိ တယ်လို့ ထင်တယ်။ ကမ္ဘာ့ဘဏ်အနေနဲ့ တွက်လိုက်ရင် အဲဒီအဆင့်တွေက များနေတယ်။ ဘာကြောင့်လဲဆိုတော့ အစိုးရဌာနနဲ့ ထိတွေ့တိုင်း၊ ထိတွေ့တိုင်း သူတို့ကအဆင့် တစ်ဆင့်အနေနဲ့ ယူဆပါတယ်။ ဌာနတစ်ခုက နှစ်ခု၊ သုံးခုတစ်ပြိုင်နက်တည်း စုစည်းပြီး တွေ့ထိနိုင်ရင် အဆင့်တစ်ဆင့်တည်း ဖြစ်သွား ပါတယ်။
ဒါကြောင့် ပုဂ္ဂလိကကဏ္ဍက ပြောသလို အွန်လိုင်းလုပ်နိုင်ရင်အဆင့်က လျော့သွားပါတယ်။ အချိန် လည်း ထိုနည်းလည်းကောင်းပါ။ ကျွန်မတို့က အချိန်ဒီလောက်ပဲ ရှိတယ်လို့ ထင်တယ်။ ဒါပေမယ့် သူတို့က တွက်တယ်။ထောက်ခံစာတစ်ခုယူတိုင်းမှာ အနည်းဆုံး အချိန်တစ်ရက် ကုန်တယ်လို့ ယူဆ ပါတယ်။ တစ်နေရာကနေ တစ်နေရာကို ခရီးသွားရတဲ့ အချိန်ကို သူတို့က ထည့်တွက်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ ကျွန်မတို့က ထောက်ခံစာ တွေကို လျှော့ချပေးတယ်ဆိုရင် အချိန်က လျော့သွား ပါတယ်။
နောက်ပြီး အွန်လိုင်းက လျှောက်တယ် ဆိုရင်တစ်ရက်တည်းနဲ့ သွားလို့ရတယ်ဆိုတဲ့ သူတို့ရဲ့ အမှတ်ပေး တဲ့ နည်းလမ်းလေးတွေကိုလည်း ကျွန်မတို့က နားလည်ဖို့လိုသလို ကျွန်မတို့ရဲ့ ပုဂ္ဂလိကကဏ္ဍကို မေးတဲ့အခါ ပုဂ္ဂလိကလုပ်ငန်းရှင်တွေ ပြန်ဖြေတာအပေါ် မူတည်ပြီး သူတို့ မရှင်းလင်းတာကို ကျွန်မတို့ ကပြန်ပြီး မဖြေရှင်းနိုင်ရင်လည်း အမှတ်မရနိုင်ပါဘူး။
နောက်ပြီး သူများနိုင်ငံတွေက အဲဒီလို ပြုပြင်ပြောင်းလဲတဲ့အချိန်မှာ အဆင့်တက်အောင် ဘာတွေလုပ် သလဲဆိုတာ လေ့လာရင် ကျွန်မတို့ နည်းလမ်းပိုရပါတယ်။ ဒါလေးတစ်ခု ကို ဖြည့်စွက်ဆွေးနွေးချင်တာ ဖြစ်ပါတယ်။ Communication ကနှစ်ဖက်ပါ။ ကမ္ဘာ့ဘဏ်နဲ့ အခြားနိုင်ငံတွေနဲ့ယှဉ်တဲ့ Communication တစ်ပိုင်းရှိပါတယ်။ ကျွန်မတို့ရဲ့ ခွင့်ပြုမိန့်ကို တောင်းခံတဲ့ ဒါမှမဟုတ် ဆောင်ရွက်နေ တဲ့ ခုနပုဂ္ဂိုလ်တွေ ပုဂ္ဂလိကကဏ္ဍ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ သူတို့တွေ ဘယ်လောက် အထိ နားလည်သလဲဆိုတဲ့ သူတို့ နားလည် အောင်ပေးနိုင်တဲ့အပိုင်းက တစ်ပိုင်းဖြစ်ပါတယ်။
ဒေါ်ခိုင်ခိုင်နွယ်။ ။ ခုနက အတွင်းရေးမှူးနဲ့ ဒုတိယဝန်ကြီးတို့ ပြောသလိုပါပဲ။ အဓိက ကတော့ ချိတ်ဆက် ဆောင်ရွက်မှုဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရဌာနတွေက ဘယ်လောက် ပဲပြောင်းပြောင်း ပုဂ္ဂလိကကဏ္ဍမှာ ဒါကိုပြောင်း တာမသိဘူးဆိုရင် အမှတ်က မတက်ပါဘူး။ ပုဂ္ဂလိကကဏ္ဍမှာ အခက်အခဲဖြစ်နေတာလည်း အစိုးရဝန်ကြီးဌာနက မသိဘူးဆိုရင်လည်း ဒါဟာ ဘာမှ လုပ်လို့မရပါဘူး။ Ease of Do- ing Business တက်လာတာကို ကျွန်မ တော်တော် ဝမ်းသာပါတယ်။တစ်ပြည်လုံး လည်း ဝမ်းသာမှာပါ။ ဘာကို သက်သေထူတာလဲဆိုတော့ အစိုးရ - ပုဂ္ဂလိက ဆက်ဆံရေး အားကောင်း လာတယ်။ ကျွန်မတို့ ချိတ်ဆက်မှု အားကောင်းလာတယ်ဆိုတာ ဒါက သက်သေပြနေတာပါ။ နိုင်ငံတော် အစိုးရဝန်ကြီး ဌာနက ပြောင်းလဲတာကို ကျွန်မတို့ လိုက်ပြီး သိနေပါတယ်။
ကျွန်မဆိုရင် ဒီတစ်ခေါက်မှာ နှစ်ခုဖြေခဲ့ ရပါတယ်။ Starting a business နဲ့ Protecting Minority Investors ကို ဖြေရပါတယ်။ မေးခွန်းတွေက ရှည်တဲ့အတွက် စိတ်ရှည် လက်ရှည်ဖြေရပါတယ်။ အဲဒီမှာ သူတို့ဆီက ပြန်လာတဲ့ မရှင်းလင်းတဲ့မေးခွန်းရှိရင် ပြန်မေးပါမယ်ဆိုပြီး မေးခွန်းပြန်လာပါတယ်။ ပုဂ္ဂလိက ကဏ္ဍအနေနဲ့ဒီလိုပြန်လာတဲ့အခါမှာ ပြန်ဖြေ နိုင်ဖို့အရေးကြီးပါတယ်။ ပြန်ဖြေနိုင်ဖို့အတွက် ပြောင်းလဲမှုကို တကယ်သိဖို့က အရေးကြီးပါတယ်။
ကျွန်မဆီပြန်လာတဲ့မေးခွန်းဆိုရင် ဥပမာ အနေနဲ့ DG တို့ဘက်က Starting a Business က Registration လုပ်တဲ့အခါ ကုမ္ပဏီ Seal ပေးစရာမလိုတော့ဘူး။ ဒါပေမယ့် အဲဒီမေးခွန်း ကအချို့သော သူများကုမ္ပဏီ Seal ကို ပေးနေရတယ်လို့ ပြောပါတယ်။ကျွန်မက ပြောပါတယ်။ ဥပဒေမှာလည်း မလိုအပ်ဘူး။ ဌာနက လည်းမတောင်းဘူး။ ဒါပေမယ့် လုပ်ငန်းရှင် တွေမှာ Identity အစွဲတစ်ခုရှိ ပါတယ်။ ကိုယ့်ရဲ့အမှတ်တံဆိပ်လိုအစွဲနဲ့ Seal ကိုတင်လာ ရင် ဥပဒေက ဒါကိုငြင်းပါလို့ မပြောထားဘူး။ အဲဒီတော့ ဒါက လုပ်ငန်းရှင်ရဲ့ဆန္ဒဖြစ်ပါတယ်။
နောက်ပြီး Bank Account တစ်ခု သူတို့ မေးပါတယ်။ မှတ်မှတ်သားသားလေးပါ။ အခု ဆိုရင် Registration လုပ်ရင် အွန်လိုင်းတက် သွားတာဆိုတော့ ဘာမှ ပြန်စရာမလိုပါဘူး။ ဘဏ်အကောင့် လည်း မလိုပါဘူး။ အဲဒီတော့ သူတို့က ပြန်မေးပါတယ်။ လုပ်ငန်းတစ်ခု ထူထောင်တဲ့အခါ ဘဏ် အကောင့်တစ်ခု မရှိဘူးဆိုရင် ဒါကို ဘယ်လို ယုံကြည်စိတ်ချရ မလဲဆိုပြီး မေးပါတယ်။ အဲဒီတော့ ကျွန်မက ပြန်ဖြေလိုက်ပါတယ်။ Registration ကာလမှာ သာ မလိုတာပါ။ လုပ်ငန်းတကယ်လည်ပတ်ပြီ ဆိုရင်သူရဲ့ Commercial Activities တို့၊ သူ့ရဲ့ Day to Day Operation တို့မှာ သူသည် ဘဏ်အကောင့် မရှိရင် မရပါဘူးဆိုတာကို ပြန်ဖြေလိုက်တော့ သူတို့ ကျေနပ်သွားပါတယ်။
အမှတ်တက်သွားခြင်းသည် ကိုယ့်အဖြေကြောင့် ဟုတ်ချင်မှ ဟုတ်မယ်။ ကျွန်မက ဘာကို ပြောချင် တာလဲဆိုတော့ အားလုံးက အစိုးရဌာနရဲ့ ပြုပြင်ပြောင်းလဲတဲ့အပိုင်းကို ပုဂ္ဂလိကကဏ္ဍကလည်း သိရှိပြီး အတူတူ တက်ညီလက်ညီ ဆောင်ရွက်တယ်ဆိုရင် အမှတ်တက်ပါတယ်။ ကျွန်မလည်း အမှန် အတိုင်း ပြောရင် ဒီနှစ်ထက်ကို ထပ်ပြီး အမှတ် တက်ချင်တာပါ။
အစီအစဉ်မှူး။ ။ ဒါက အစိုးရနဲ့ ပုဂ္ဂလိက နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်တဲ့အပိုင်း ဖြစ်ပါတယ်။ အခုလို Ease of Doing Busin-ess အဆင့်တွေ တိုးတက်အောင် Starting a Business Indicator ဆိုင်ရာ အထောက်အကူ ပြုအဖွဲ့အနေနဲ့ ဘယ်လိုပြုပြင်ပြောင်းလဲမှု တွေကို ဆက်လက် လုပ်ဆောင် သွားဖို့ရှိသလဲ ဆိုတာကို ရှင်းပြပေးပါဦး။
ဦးသန့်စင်လွင်။ ။ Starting a Business စီးပွားရေးလုပ်ငန်းတစ်ခု စတင်မယ်ဆိုရင် ဒုတိယဝန်ကြီး ပြောသွားသလိုပဲ အဆင့်ရှိပါတယ်။ အချိန်ရှိပါတယ်။ ငွေရှိပါတယ်။ ဒီအဆင့်ရယ်၊ အချိန်ရယ်၊ ငွေရယ် ဆိုတာ ကုမ္ပဏီကနေ လုပ်ငန်းတစ်ခုစတင်တဲ့ သူရဲ့ ကုန်ကျစရိတ် ပါ။ ဒါပေမယ့်အဲဒီမှာ နောက်တစ်ခုက စီးပွား ရေးလုပ်ငန်းတစ်ခု စတင်တာ ကျွန်တော်တို့ နိုင်ငံက ငွေအရင်းအနှီး ဘယ်လောက်ရှိတယ် ဆိုတာ ဖော်ပြစရာမလိုဘဲ ကုမ္ပဏီထောင်ခွင့် ရှိပါတယ်။ ဒီအပိုင်းကို ပြန်ကြည့်မယ်ဆိုရင် လုပ်ငန်းအဆင့် ကြာမှုက ၈၀ ကျော်ရှိပါတယ်။ အချိန်နဲ့က အမှတ် ၉၀ ကျော်လောက် ရှိပါ တယ်။ လုပ်ငန်းရဲ့ကုန်ကျ စရိတ်ကအမှတ် ၉၀ ကျော်လောက်ရှိပါတယ်။
အဲဒီမှာ ထူးခြားတာကစီးပွားရေးလုပ်ငန်း တစ်ခုစတင်ရင် မတည်ငွေပြစရာ မလိုတာက အမှတ်၁ဝဝ ကျွန်တော်တို့က ရထားတာ ရှိပါတယ်။ ဒီစီးပွားရေးလုပ်ငန်းတစ်ခု စတင် တယ်ဆိုရာမှာ ဒီအဆင့်တွေကို လျှော့ချဖို့ဆိုတာ ကျွန်တော်တို့ သုံးခုပဲ လျှော့ချရတော့မှာ ဖြစ်ပါတယ်။ အဲဒီသုံးခုထဲမှာ စီးပွားရေး လုပ်ငန်းစဖို့ ပေးသွင်းရတဲ့ ငွေပြစရာမလိုပါဘူး။ အွန်လိုင်းကနေ ငွေသွင်းလို့ရပါတယ်။ ကတ်နဲ့ဖြစ်ဖြစ်၊ အခြားငွေပေးသွင်းမှုစနစ် တစ်ခုနဲ့ဖြစ်ဖြစ် ကျွန်တော်တို့က သုံးလို့ ရပါတယ်။
ဒါပေမယ့် ဒီဘက်က ကျွန်တော်တို့အဆင့် တွေကို လျှော့ချရာမှာ ယခင်က ကုမ္ပဏီတစ်ခု မှတ်ပုံတင်မယ် ဆိုရင် ငွေကျပ် ၁ဝသိန်း၊ နောက် တစ်ခါ ငွေကျပ် ငါးသိန်း၊ မနှစ်က စက်တင်ဘာ ၃ဝ ရက်အထိကို ငွေကျပ် နှစ်သိန်းခွဲပါ။ အောက်တိုဘာ ၁ ရက်ကစပြီး ငွေကျပ် တစ်သိန်းခွဲအထိ ထပ်လျှော့ထားပါတယ်။ ဆိုလိုတာက တတ်နိုင်သမျှ နိုင်ငံတော်ရဲ့ ရငွေလည်း မနစ်နာအောင်၊ စီးပွားရေးလုပ်ငန်း တစ်ခု စတင်ရတာလည်း လွယ်ကူအောင် နောက်ပြီး အများပြည်သူပါ လွယ်ကူစွာဆောင် ရွက်နိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျွန်တော်တို့က ဆောင်ရွက်တာဖြစ်ပါ တယ်။
အခုကျွန်တော်တို့က ၉၃ မှတ်လောက် ရထားတာ ဒီနှစ်မှာ ထပ်ကျမယ်လို့မျှော်မှန်း ပါတယ်။ ဒါက ကျွန်တော်တို့ တာဝန်ခံဆောင် ရွက်ရတဲ့ အခန်းကဏ္ဍတစ်ခုမှာပါတဲ့ အဓိက ကျတဲ့အချက် လေးချက်မှာ နှစ်ချက်ကိုဆောင် ရွက်မှုဖြစ်ပါတယ်။ နောက်နှစ်ခုကလုပ်ငန်း အဆင့်တွေ ဖြစ်ပါတယ်။ လုပ်ငန်းအဆင့် ဖြစ် တဲ့အတွက် ကျွန်တော်တို့ဌာနတစ်ခုတည်းနဲ့ မပြီးတော့ပါဘူး။ အခြားဌာနတွေပါ လိုအပ် လာတာ တွေ ရှိပါတယ်။
အခြားဌာနတွေကိုလည်း ကျွန်တော်တို့ လက်ရှိအသုံးပြုနေတဲ့ Electronic Online Registration စနစ်မှာပါဝင်အောင် ကျွန်တော်တို့က ဆောင်ရွက်ရပါတယ်။ တချို့က ပါဝင်အောင် ဆောင်ရွက်ရသလို၊ တချို့ကပါဝင်မယ်ဆိုပြီး ဆောင်ရွက်လာတာ ရှိပါတယ်။ ဥပမာ - စီးပွားရေးလုပ်ငန်း တစ်ခုစတင်ဖို့ အတွက် ကုမ္ပဏီထောင်ပြီးပါပြီ။ ဘဏ်စာရင်းလည်း ဖွင့်ပြီးပါပြီဆိုရင် ဒီကုမ္ပဏီက သွင်းကုန် လုပ်မလား၊ ပို့ကုန်လုပ်မလား ဒါဆိုရင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ သွင်းကုန် ပို့ကုန်အတွက် လိုပါတယ်။
အဲဒါဆိုရင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ ကျွန်တော် တို့ဌာနနဲ့Link ချိတ်ထား ပြီဆိုရင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို ကျွန်တော်တို့ရဲ့ကုမ္ပဏီ Registration ကို ပြလို့ရသလို စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက သွင်းကုန်ပို့ကုန် ပေးလိုက်တာကို လည်း ကျွန်တော်တို့ဌာနက သိရမှာ ဖြစ်ပါတယ်။ ဒါက Link တစ်ခုပဲ ဖြစ်ပါတယ်။
ထိုနည်းတူပဲ စီးပွားရေးလုပ်ငန်းစပြီ အလုပ်တစ်ခု လုပ်တော့မယ်၊ နောက်ဆုံး အခွန်ဆောင်ရမှု အပိုင်းမှာလည်း ပြည်တွင်း အခွန်များ ဦးစီးဌာနနဲ့ ကျွန်တော်တို့ ချိတ်ဆက်ပြီးပါပြီ။ ကျန်တဲ့ အလုပ် သမား ကိစ္စဆိုရင် အလုပ်သမားညွှန်ကြားမှုဦးစီး ဌာန၊ လူမှုဖူလုံရေးဦးစီးဌာန စတဲ့လုပ်ငန်း တွေနဲ့လည်း ကျွန်တော်တို့ ချိတ်ဆက်မှုရှိပါတယ်။ ဒါတွေကိုလည်း ဆက်လက် ချိတ်ဆက်ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။
အဲဒါဆိုရင် ကျွန်တော်တို့အဆင့်တွေ လျော့သွားမှာ ဖြစ်ပါတယ်။ ဒီအဆင့်တွေ သာလျော့သွားရင် ဒုတိယ ဝန်ကြီး ပြောသွားတဲ့ ဒုတိယအချက်ဖြစ်တဲ့ အချိန်က အလိုလို လျော့ကျသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဌာနအနေနဲ့ ဒီအဆင့်တွေ လျော့ကျဖို့ သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းတစ်ခု စတင်ရာမှာ ပါဝင်ရမယ့် အဖွဲ့အစည်းတွေ၊ အသင်းအဖွဲ့ တွေနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်နေပါ တယ်။
အခုဆိုရင် ကိုယ်က ချိတ်ဆက်စရာ မလိုဘဲ သက်ဆိုင်ရာဌာနက ချိတ်ဆက် လာတာဖြစ်တဲ့အတွက် ဝမ်းမြောက်ဝမ်းသာစွာဆောင်ရွက်ရမှာ ဖြစ်ပါတယ်။အခြားဌာန များကိုလည်း ဆက်လက် ညှိနှိုင်း ဆောင်ရွက်နေပါတယ်။ နည်းပညာခေတ်ဖြစ်တဲ့ အတွက် နည်းပညာကိုသုံးပြီး ကျန်တဲ့ အခက်အခဲ တွေကို ကျွန်တော်တို့က ကျော်လွှားနိုင်တယ်လို့ ယူဆဆောင်ရွက် နေတာ ဖြစ်ပါတယ်။
အစီအစဉ်မှူး။ ။ ဟုတ်ကဲ့ ကျေးဇူးတင်ပါ တယ်ခင်ဗျာ။ အခုကျွန်တော်တို့ စကားဝိုင်း ကလည်း အချိန်တစ်ခု ရောက်လာပြီဆိုတော့ ပထမပိုင်းအနေနဲ့ ခေတ္တခဏရပ်နားပါမယ်။ ကျွန်တော်တို့ အခုဆွေးနွေး သွားတာကတော့ ကျွန်တော်တို့နိုင်ငံ ဖွံ့ဖြိုးဖို့အတွက် စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ရ လွယ်ကူမှုဆိုတဲ့ Ease of Doing Business ရဲ့ အရေး ကြီးတဲ့ အခန်းကဏ္ဍကို ကျွန်တော်တို့ ဆွေးနွေး သွားတာ ဖြစ်ပါတယ်။
ဆက်လက်ပြီး ဒုတိယပိုင်းမှာလည်း စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ရလွယ်ကူမှုအညွှန်းကိန်းဆိုတဲ့ Ease of Doing Business အဆင့်တိုးတက်အောင်ဆောင်ရွက် ခဲ့ရမှုအခြေအနေနဲ့ ဘယ်လိုပြုပြင် ပြောင်းလဲမှုတွေ ဆောင်ရွက်ခဲ့ရတယ်။ ပြုပြင်ပြောင်းလဲမှုအကျိုးရလဒ်တွေကို ဘယ်လိုခံစားရ တယ်။ ရှေ့အနာဂတ်အလားအလာ အခြေအနေ ဘယ်လိုရှိတယ်ဆိုတာကိုလည်း ဆက်လက်ပြီး တင်ပြပေးသွား မှာ ဖြစ်ပါတယ်။ ။
တာရာ