ဖားဆောင်း ဖေဖော်ဝါရီ ၆
ကယားပြည်နယ် ဘောလခဲခရိုင်အတွင်း ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်း အရည်အသွေးပြည့်မီစွာ အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ရန် အတွက် ကယားပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် တာဝန်ရှိသူတို့ ယမန်နေ့က သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ဘောလခဲ - ဖားဆောင်း မြို့နယ် ချင်းဆက်လမ်းအား မူလ (၁၂) ပေအကျယ်မှ (၁၈) ပေအကျယ်၊ လမ်းအရှည်(၅)မိုင် အဆင့် မြှင့်တင်တိုးချဲ့ခြင်းဆောင်ရွက်နေမှုအား ကြည့်ရှု စစ်ဆေးခဲ့ပြီး လမ်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီများနှင့် လမ်းအထူးအဖွဲ့တို့အား လမ်းလုပ်ငန်းများဆောင်ရွက်စဉ် အများပြည်သူများ သွားလာရလွယ်ကူအဆင်ပြေစေအရေးအတွက် အလေးထား ဆောင်ရွက် ပေးရန် ဖြစ်ပြီး လမ်းအသုံးပြုမှု အဆင်ပြေအောင် ကြိုးပမ်းဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ဖားဆောင်းမြို့၊ မြို့အဝင်တွင် တည်ထားကိုးကွယ်လျက်ရှိသည့် ရတနာဈာန်အောင် စေတီတော်မြတ် ရွှေထီးတော် တင်လှူပူဇော်နိုင်ရေး ပြင်ဆင်ဆောင်ရွက်မှု အခြေအနေများနှင့် ရတနာဈာန်အောင်စေတီတော် စေတီယသန္တက အဆောင်ဆောက်လုပ်ပြီးစီးမှုများအား ကြည့်ရှုစစ်ဆေး ပြီးဖားဆောင်းမြို့နယ် ပြည်သူ့ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံကာ ဝန်ထမ်းများ၏ တင်ပြချက်များအရ လူနာစစ်ဆေးစဉ်အသုံးပြုသည့် ကုတင်(၂)လုံးနှင့် Air Con (၁) လုံး တပ်ဆင် အသုံးပြုနိုင်ရန်အတွက် ငွေကျပ်(၁၀)သိန်းအား ထောက်ပံ့ပေးအပ်ခဲ့ပြီး ဆေးရုံ ၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည့် လူနာများအား အာဟာရအတွက် ထောက်ပံ့ ငွေများ ပေးအပ်ခဲ့သည်။
ယင်းနောက် အထက(ဖားဆောင်း)ကျောင်းဝင်းအတွင်း ဆောက်လုပ်ပြီးစီးခဲ့သည့် ခန်းမဆောင်နှင့် သိပ္ပံလက်တွေ့ခန်း အဆောင် (၂) ဆောင် ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းသန့်ရှင်းသာယာလှပရေး အလေး ပေးဆောင်ရွက်သွားရန် သက်ဆိုင်ရာ တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ၂၀၁၉ -၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ခွင့်ပြု ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဖားဆောင်းမြို့နယ် ပြည်သူ့ဆေးရုံ ဝန်ထမ်းအိမ်ရာ RCC (၄) ခန်းတွဲ (၄)ထပ် ဆောက် လုပ်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆေးရုံဝန်ထမ်း အိမ်ရာနောက်ကျောကပ်လျက် နံရံအား မြေထိန်းနံရံ ထည့်သွင်း တည်ဆောက်နိုင်ရေးအတွက် လိုအပ်သော ရန်ပုံငွေများအား သက်ဆိုင်ရာ အဆင့်ဆင့်သို့ ဆက်လက်တင်ပြဆောင်ရွက်သွားရန် အတွက်လည်းကောင်း၊ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေး နှစ် ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် (၂)ခန်းတွဲ (၃)ထပ် RCC ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေးလုပ်ငန်းဆောင် ရွက်နေမှုများအား ကြည့်ရှုစစ် ဆေးခဲ့ပြီး စံချိန်စံညွှန်း ပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေးအတွက် အလေးထား ဆောင်ရွက်သွား ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)