Skip to main content

ကလေးစာပေပွဲတော် (ဝေါ) စာအုပ်စာ‌ပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ

ဝေါ ‌  ဇန်နဝါရီ   ၃

ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့်  ကလေးသူငယ် အသိပညာဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းတို့ ပူးပေါင်းစီစဉ်ကျင်းပသော ကလေးစာပေပွဲတော် (ဝေါ) စာအုပ်စာ‌ပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈နာရီက ဝေါမြို့  မင်းလမ်းရှိ မြို့နယ်ခန်းမရှေ့၌ ကျင်းပသည်။

ရှေးဦးစွာ ကလေးစာပေပွဲတော်ကို  ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့  ကရင်တိုင်းရင်းသား လူမျိုးများ ရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွေး၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရွှေရွှေစိန်လတ်၊ မြန်မာနိုင်ငံ ပုံနှိပ်လုပ်ငန်းရှင်များ အသင်းဉက္ကဋ္ဌ ဦးမင်းဟန်နှင့် ကလေးသူငယ် အသိပညာ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းဉက္ကဋ္ဌ ဦးတင်ဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

အခမ်းအနားကို မြို့နယ်ခန်းမအတွင်း၌ ဆက်လက်ကျင်းပရာ အ.ထ.က(ဝေါ) ကျောင်းသား ကျောင်းသူလေးများက “ကလေးစာပေပွဲတော် (Theme Song)" တေးသီချင်းကို သီဆို၍ ဖွင့်လှစ် ပေးကြသည်။

ဆက်လက်၍ ကရင်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးက အဖွင့်အမှာစကားပြောကြားပြီး ဒိုက်ဦးမြို့ Women Club အဖွဲ့မှ  "လိင်အကြမ်းဖက်မှု တားဆီးကာကွယ်ရေး" ဆိုင်ရာ သံချပ်ထိုးခြင်းနှင့် အသိပညာပေးဟောပြောခြင်း၊ ညီမျှခြင်းမြန်မာအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းနှင့် ကလေးကုန်ကူးမှုတားဆီး‌ရေးသံတမန် ရုပ်ရှင်သရုပ်ဆောင် ခိုင်နှင်းဝေတို့က "ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အသိပညာပေး" ဟောပြောခြင်း၊ United Act လူငယ်ပြဇာတ် အဖွဲ့ မှ တစ်ခန်းရပ်ပြဇာတ် ကပြတင်ဆက်ခြင်းနှင့် တေးသံရှင် လှိုင်မင်းထွန်းနှင့် မဖြူဖြူဦးတို့က "အနာဂတ်လူငယ်" သီချင်းဖြင့်ဖျော်ဖြေကြသည်။

ထို့နောက် အလှူရှင်များက ဗလာစာအုပ်များနှင့် KG တန်း လေ့ကျင့်ရေး စာအုပ်များ လှူဒါန်းပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။ ယင်းနောက် ကရင်တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ဧည့်သည်တော် များက အ.ထ.က(ဝေါ) ကျောင်းဝန်းအတွင်းရှိ ပြိုင်ပွဲများ၊ ပြခန်းများ၊ ဂိမ်းကစားပွဲများနှင့် စာအုပ်ဈေးရောင်းပွဲတော်အား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

အဆိုပါ ကလေးစာပေပွဲတော်တွင် ကျပန်းစကားပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြော ပြိုင်ပွဲ၊  ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲများပါဝင်သည်။ထို့ပြင် စကား ပုံဆက်၊ အရုပ်ဆက်၊ စကောရွက်၊ ဘောလုံးကစားခြင်း(ဂိုးကျဉ်း)၊ ခွက်နင်းကစားခြင်း၊ ဖိနပ်စီးကစားခြင်း စသည့် ဂိမ်းကစားပွဲများ ပါဝင်သည့်အပြင် ကလေးစာဖတ်ခန်း၊ အသိပညာပေးပြခန်းများနှင့် ဖျော်ဖြေရေး အစီအစဉ်များဖြင့် ဇန်နဝါရီ ၃ရက်မှ ၅ရက်အထိ သုံးရက်တိုင်တိုင် နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပသွားမည်ဖြစ်ရာ မည်သူမဆို ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။

သက်လွင် (ညောင်လေးပင်)၊ အောင်မြတ်လင်း(ဝေါ)