ရန်ကုန် ဖေဖော်ဝါရီ ၈
ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူပေါင်းဆောင်ရွက်မှုဖြင့် လူထုအခြေပြု ဗဟိုဌာန (Community Centre)(ဗဟန်း)ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ဗဟန်းမြိုနယ်၊ အရှေ့ ရွှေဂုံတိုင် လမ်းရှိ လူထုအခြေပြု ဗဟိုဌာန(ဗဟန်း)၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အခမ်းအနား တက်ရောက်လာကြသူများက၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)အတွင်း ခင်းကျင်းပြသမှုများကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး အခမ်းအနား ဒုတိယပိုင်း စတင်ရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က လူထုအခြေပြု ဗဟိုဌာနဖွင့် လှစ်ရခြင်း၏ ရည်ရွယ်ချက်ကိုလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က လူထု အခြေပြု ဗဟိုဌာန ဖွင့်လှစ်ခြင်းဖြင့် အကျိုးကျေးဇူးများကိုလည်းကောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ယင်းနောက် လူထုအခြေပြု ဗဟိုဌာနအတွက် ကူညီပံ့ပိုးခဲ့ကြသူများကို ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
ဆက်လက်၍ စကားဝိုင်း ကျင်းပရာ "လူထုအခြေပြုဗဟိုဌာနများကို အကျိုးရှိအောင်ဘယ်လိုအသုံးပြုမလဲ”ခေါင်းစဉ်ဖြင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး နော်ပန်းသဥ္စာမျိုးက ဦးဆောင်၍ ဆွေးနွေးခဲ့ကြကြောင်းသိရှိရသည်။
အောင်မြင့် (ပြန်ဆက်)
ဓာတ်ပုံ - နိုင်လင်းကျော် (ပြန်ဆက်)