Skip to main content

အစိုးရပြောရေးဆိုခွင့်ရှိသူများ စွမ်းဆောင်ရည်မြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်မည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ ရန်ကုန်မြို့သို့ရောက်ရှိ

ရန်ကုန် ဖေဖော်ဝါရီ ၂၄

ပြန်ကြားရေးဝန်ကြီးဌာန မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဖေဖော်ဝါရီ ၂၆ ရက်မှ ၂၈ ရက်အထိ နေပြည်တော်ရှိ Horizon Lake View Hotel တွင် အိမ်ရှင်အဖြစ် တာဝန်ယူကျင်းပမည့် ထိရောက်သော လူထုဆက်ဆံရေးအတွက် အစိုးရပြောရေးဆိုခွင့်ရှိသူများ စွမ်းဆောင်ရည်မြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ” (Workshop on Mastering Government Communication: Empowering Spokespersons for Effective Public Engagement) သို့ တက်ရောက်မည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များသည် ယနေ့နံနက်ပိုင်းမှစတင်၍ ရန်ကုန်မြို့သို့ရောက်ရှိရာ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ထိရောက်သော လူထုဆက်ဆံရေးအတွက် အစိုးရပြောရေးဆိုခွင့်ရှိသူများ စွမ်းဆောင်ရည်မြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ” ကို အာဆီယံ ပြန်ကြားရေးဆပ်ကော်မတီ၏ စီမံကိန်းတစ်ခုအဖြစ် အာဆီယံယဉ်ကျေးမှုရန်ပုံငွေအထောက်အပံ့ဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး အာဆီယံဒေသတွင်းရှိ အစိုးရပြောရေးဆိုခွင့်ရှိသူများ၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်းဖြင့် မီဒီယာနှင့်အစိုးရ တာဝန်ရှိသူများအကြား ထိထိရောက်ရောက် ဆက်သွယ်ပြောဆိုနိုင်ရန်၊ အဓိကကျသည့် သတင်းစကားများ ဖြန့်ဖြူးပေးပို့နိုင်ရန်နှင့် အစိုးရနှင့်ပြည်သူလူထုအကြား ယုံကြည်မှုတည်ဆောက်ရန်သာမက အကျပ်အတည်းအခြေအနေများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် လိုအပ်သောကျွမ်းကျင်မှုနှင့် အသိပညာများ ဖလှယ်နိုင်ရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ အာဆီယံအဖွဲ့ဝင် နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ ထိုင်း၊ ဖိလစ်ပိုင်၊ မလေးရှား၊ မြန်မာ၊ လာအိုနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှကိုယ်စားလှယ်တို့ ပါဝင်တက်ရောက်ဆွေးနွေးကြမည်ဖြစ်ပြီး လေ့လာသူများအဖြစ် ဂျပန်နိုင်ငံကိုယ်စားလှယ်နှင့် အခြားတာဝန်ရှိသူများ တက်ရောက်ကြမည်ဖြစ်သည်။

ထို့အတူ အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအပါအဝင် မီဒီယာအဖွဲ့အစည်းများမှ တာဝန်ရှိသူများက လေ့လာသူအဖြစ် ပါဝင်တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်