Skip to main content

ပင်လုံပြည်ထောင်စုကျောက်တိုင်ပေါ်တွင် ထွင်းထုထားသောစာတမ်းအား ပြန်လည်ထွင်းထုခြင်း ညှိနှိုင်းအစည်းဝေး ကျင်းပ

လွိုင်လင် ဇန်နဝါရီ ၂

 

ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်မြို့နယ် ပင်လုံမြို့ရှိ ပြည်ထောင်စုကျောက်တိုင်ပေါ်တွင် ထွင်းထုထားသော ပြည်မတောင်တန်း ပူးပေါင်းရေး စာချုပ်အား တောင်တန်းပြည်မပူးပေါင်းရေး စာချုပ် ဟူ၍ ပြန်လည်ထွင်းထုမည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။

ညှိနှိုင်းဆွေးနွေး

အစည်းအဝေးသို့ လွိုင်လင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သီ၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလင်းမြတ်နှင့် ဒေါ်နန်းမြထွေး၊ လွိုင်လင်မြို့နယ် စည်ပင်သာယာရေး ကော်မတီဝင်များ၊ လွိုင်လင် -ပင်လုံတို့မှ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ လူမှုရေး အသင်းအဖွဲ့များ၊ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု အဖွဲ့များ၊ ရပ်မိရပ်ဖများ တက်ရောက်ကြသည်။ အစည်းအဝေးတွင် မိုင်းရှူးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလင်းမြတ်က လွိုင်လင်မြို့နယ် ပင်လုံမြို့ရှိ ပြည်ထောင်စုကျောက်တိုင်ပေါ်တွင် ထွင်းထုထားသော ပြည်မတောင်တန်း ပူးပေါင်းရေးစာချုပ်အား တောင်တန်းပြည်မ ပူးပေါင်းရေးစာချုပ်ဟူ၍ ပြန်လည်ထွင်းထုမည့်ကိစ္စနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

ယင်းနောက် လွိုင်လင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ နှင့် မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိနှင့် အစည်းအဝေး တက်ရောက်လာကြသူများက ညှိနှိုင်း ဆွေးနွေးကြကြောင်း သိရသည်။

အဆိုပါ ပင်လုံမြို့ ပြည်ထောင်စုကျောက်တိုင်ပေါ်တွင် ထွင်းထုထားသော ပြည်မတောင်တန်း ပူးပေါင်းရေး စာချုပ်အား တောင်တန်းပြည်မပူးပေါင်းရေးစာချုပ်ဟူ၍ ပြန်လည်ထွင်းထုမည့်လုပ်ငန်းကို လာမည့် (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့အမီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်း၊ ဓာတ်ပုံ-မိုးလွင်ဦး(လွိုင်လင်)