အင်္ဂပူ ဇန်နဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တွင်ကျင်းပပြုလုပ်သည့် ကလေးစာပေပွဲတော်၊ စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို အခြေခံပညာ အထက်တန်းကျောင်း (ကွင်းကောက်)ရှေ့၌ ယနေ့နံနက် ၈ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနား အစီအစဉ် ပထမပိုင်းကို ကျင်းပရာ ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်၊ လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များက ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ကလေးစာပေပွဲတော်မုခ်ဦးကို ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးကြသည်။
ထို့နောက် ဒုတိယပိုင်း အခမ်းအနားကို နံကသူ ခန်းမတွင် ဆက်လက်ကျင်းပရာ ကျောင်းသား၊ ကျောင်းသူလေးများက ကလေးစာပေပွဲတော်သီချင်း Theme song ဖြင့် သီဆိုဖွင့်လှစ်ပြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်က အဖွင့်အမှာ စကားပြောကြားရာတွင် ယနေ့ပြုလုပ်တဲ့ ကလေးစာပေပွဲတော်မှာ ကလေးများ ပျော်ရွှင်စေရန်၊ ကလေးစာပေပွဲတော်မှ တစ်ဆင့် စာအုပ်စာပေ ဖတ်ရှုမှုများကို မွှေ့လျော်ပြီး ရာသက်ပန် ပညာရှာမှီးသူများဖြစ်လာစေရန်၊ စုပေါင်းလုပ်ဆောင်မှုများတွင် ဝိုင်းဝန်းပါဝင်တတ်သည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရန် စသည့် ရည်ရွယ်ချက်များနှင့် ကျင်းပတာ ဖြစ်ပါကြောင်း၊ ကလေးများ စာဖတ်သည့်အလေ့အထများ၊ ဉာဏ်ရည်ဉာဏ်သွေးများ၊ အသိပညာဗဟုသုတများတိုးတက်ရေးအတွက် ပြိုင်ပွဲများပါဝင်သကဲ့သို့ ကာယပိုင်းဆိုင်ရာနှင့် စုပေါင်းအလုပ်များတွင် ဝိုင်းဝန်းပါဝင်တတ်သည့် အလေ့အထကောင်းများဖြစ်လာစေရန် အားကစားပြိုင်ပွဲများလည်း ထည့်သွင်းပေးထားကြောင်းနှင့် ဧရာဝတီတိုင်းဒေသကြီးတစ်ခုလုံး ဖွံဖြိုးတိုးတက်ဖို့အတွက် ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာ အရည်အသွေးများ တတ်စွမ်းနိုင်တဲ့ဘက်ကနေ တစ်ထောင့်တစ်နေရာက အကောင်အထည်ဖော် ဆောင်ရွက်ပေးတာလည်းဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး လွှတ်တော်ဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများနှင့် အတူဖျော်ဖြေရေး၊ စာပေဟောပြောပွဲ ၊ ပြခန်းများနှင့် ပြိုင်ပွဲများကျင်းပနေမှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။
အဆိုပါ ကလေးစာပေပွဲတော်ကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အင်္ဂပူမြို့နယ် စီမံခန့်ခွဲမှုကော်မတီတို့က ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ဇန်နဝါရီလ ၃ ရက်နေ့မှ ၄ ရက်နေ့အထိ နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ နှစ်ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)