ရန်ကုန် ဖေဖော်ဝါရီ ၁၂
၂၀၂၀ ပြည့်နှစ် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီတွင် ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှိ လွတ်လပ်ရေးကျောက်တိုင်၌ ကျင်းပသည်။
အစီအစဉ်အရ ရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု စစ်ရေးပြတပ်ခွဲနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲတီးဝိုင်းတို့က နေရာယူကြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကို အလေးပြုကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် စစ်ရေးပြတပ်ခွဲ၊ အခမ်းအနားသို့ တက်ရောက်လာကြ သူများနှင့် အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို အလေးပြုကြရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲတီးဝိုင်းက နိုင်ငံတော်သီချင်းကို တီးမှုတ်ပေးသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သော (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာကို တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖတ်ကြားကာ အခမ်းအနား ကို ရုပ်သိမ်းလိုက်သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ၊ တိုင်းဒေသကြီး တရားလွှတ်တော်ချုပ် တရားသူကြီး၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ တပ်မတော် အရာရှိကြီးများ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီမှ ကိုယ်စား လှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားတိုင်းရင်း သူများ၊ ကျောင်းသား ကျောင်းသူများနှင့် ခရိုင်၊ မြို့နယ်များမှ ဒေသခံပြည်သူများ တက်ရောက်ကြသည်။
(သတင်း - မင်းသစ်(MNA)/ဓာတ်ပုံ - ရဲထွဋ်)